ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, April 24, 2009

ထိုင်းဝန်ကြီးချုပ် စီးသည့် မာစီဒီးကျည်ကာကား

ထိုင်းနိုင်ငံမှာ အနီဝတ်ဆန္ဒပြသူများ၏ အကြမ်းဖက်မှုနောက်ပိုင်း ထူးခြားသည့်အချက်မှာ ကျည်ကာ ကားများ ခေတ်စားလာခြင်းဖြစ်သည်။
ကားကုမ္ပဏီများကလည်း မိမိတို့ကျည်ကာကား မည်မျှအစွမ်းထက်ကြောင်း ထိုင်းနိုင်ငံရေးသမားတွေကို အလုအယက် ကြော်ငြာကြသည်။

ဝန်ကြီးချုပ် အာဘီဆစ်၏ BMW ကားကို ပတ္တယားမြို့မှာ အနီဝတ်တွေ တိုက်ပြီးနောက်ပိုင်း ထိုင်းဝန်ကြီးချုပ် အတွက် အစိုးရက၀ယ်ထားသည့် ကျည်ကာကားကို အာဘီဆစ်က ပြောင်းစီးသည်။ ပြည်ထဲရေးဝန်ကြီးဌာနမှာ အာဘီဆစ်စီးသည့် ကျည်ကာကားကို အကြမ်းဖက်သူတွေက ပန်းအိုးများ၊ ကျောက်ခဲများ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့ သော်လည်း ၀န်ကြီးချုပ် အာဘီဆစ်ကို မထိခိုက်ခဲ့ပေ။ ကျည်ကာကားက ကြံ့ကြံ့ခံနိုင်ခဲ့သည်။

ထိုမြင်ကွင်းကို ရုပ်မြင်သံကြားလိုင်းမျိုးစုံက မကြာခဏပြခဲ့သည်မှာ အာဘီဆစ်၏ ကျည်ကာကားကို ကြော်ငြာပေးနေသလား မှတ်ရသည်။ ပီအေဒီခေါင်းဆောင် ဆွန်ထိကိုပါ လက်နက်ကိုင်အုပ်စုက သေနတ်ဖြင့် ၀ိုင်းဝန်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက်ပိုင်း ကျည်ကာကားကို ထိုင်းခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေ မျက်စိကျလာသည်။

အာဘီဆစ်နှင့် မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ်

ဝန်ကြီးချုပ် အာဘီဆစ်စီးသည့် ကျည်ကာ ကားအမျိုးအစားမှာ ဂျာမဏီနိုင်ငံ မာစီဒီးကားကုမ္ပဏီမှ ထုတ်လုပ်သည့် မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစားဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်လက်ထက်မှာ ၎င်းအား လုပ်ကြံသတ်ဖြတ်နိုင်သည်ဟု ယူဆသည့်အတွက် တစီး ဘတ်ငွေ (၂၅) သန်း တန်သည့် မာစီဒီး ကျည်ကာကား သုံးစီးကိုဝယ်ရန် တပ်ဆင်က အမိန့်ပေးခဲ့သည်။ တနည်းဆိုရလျှင် တပ်ဆင်၏ ကျေးဇူးကြောင့် ၀န်ကြီးချုပ် အာဘီဆစ် အသက်ရှင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ တပ်ဆင်သာ ကျည်ကာကား မ၀ယ်ခဲ့လျှင် အာဘီဆစ်၏ ကံကြမ္မာ မစဉ်းစားဝံ့အောင်ဖြစ်မည်ဟု မီဒီယာအချို့က ယူဆသည်။

အာဘီဆစ်၏ မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားသည် အိုဘားမား၏ The Beast စီးတော်ယာဉ်လောက် လက်နက်ကြီးဒဏ် ခံနိုင်ရည်မရှိသော်လည်း နိုင်ငံ့ခေါင်းဆောင်တဦးကို စစ်သုံးအသေးစား လက်နက်များဒဏ်မှ လုံလောက်စွာ အကာအကွယ်ပေးနိုင်သည်။

အန္တရာယ်ကြားမှ အချိန်မီ လွတ်မြောက်နိုင်ရန် မောင်းနိုင်မည့် အားကောင်းသည့် အင်ဂျင်ပါဝါတပ်ဆင်ထားပြီး အဆင့်မြင့် ကာကွယ်နိုင်ရန် သံမဏိအစိတ်အပိုင်း (၅၀၀) ဖြင့် တည်ဆောက်ထားသည်။

မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ်၏ ထူးခြားချက်သံချပ်ကာ ကားများနှင့် ခြားနားသည့်အချက်မှာ မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားကို ၀ယ်မည့်ပုဂ္ဂိုလ်တွေ လိုချင်သည့်ပုံစံအတိုင်း ထုတ်လုပ်ပေးနိုင်ခြင်း ဖြစ်သည်။

ကျည်ကာမှန်နှင့် သံမဏိများက သေနတ်ဖြင့် ပစ်ခတ်မှုကို ခံနိုင်ရည်ရှိသည့်ပြင် စီးနင်းလိုက်ပါလာသူများအား ရိုင်ဖယ်သေနတ်၊ ပစ္စတိုသေနတ် စသည့် စစ်သုံးအသေးစားလက်နက်မျိုးစုံ ပစ်ခတ်မှုကို ကာကွယ်နိုင်သည်။

ထို့ပြင် ကားထဲမှ စီးနင်းသူများအား လက်ပစ်ဗုံးဆန်များ ထိမှန်ခြင်းမှလည်း ကာကွယ်ပေးနိုင်သည်။ ကားတာယာများမှာလည်း ပေါက်နေသည့်တိုင် မောင်းလို့ရသည့် တာယာများဖြစ်သည့်အတွက် တိုက်ခိုက်ခံရသည့်နေရာမှ ကားကို အမြန်မောင်းထွက်နိုင်သည်။

ကားတွင်းမှာ တပ်ဆင်ထားသည့် နောက်ဆုံးပေါ် အထူးကိရိယာများထဲတွင် အရေးပေါ် လေသန့်ထုတ်ပေးစနစ် လည်းပါ၏။ ဓာတုလက်နက်နှင့်တိုက်ခိုက်ခြင်းခံရပါက ကားတွင်းမှာ အရေးပေါ် လေသန့်စက်ထုတ်ပေးနိုင်သည့် အဆိုပါစနစ်ကိုမူ ၀ယ်လိုသူက တပ်ခိုင်းမှသာ ကျသင့်တန်ဖိုးသတ်မှတ်ပြီး တပ်ပေးသည်ဆို၏။ ပြင်ပမှ မျက်ရည်ယိုဗုံး အဆိပ်ဓာတ်ငွေစသည်တို့ကို ကားတွင်းရှိ ဆင်ဆာက စမ်းသပ်မိသည်နှင့် ကားထဲရှိ လေအေးပေး စနစ်သည် ပြင်ပမှ လေသန့်ဝင်သည့်စနစ်ကို အလိုအလျောက် ပိတ်လိုက်မည်ဖြစ်သည်။

ကားနောက်ဖုံးက ထွက်ပြေးနိုင်အရေးပေါ်အခြေအနေတွင် ကားတွင်းမှပုဂ္ဂိုလ်များ ကားနောက်ဘက် boot အံဖုံးနောက်တံခါးမှ ထွက်လိုပါက ကားတွင်းရှိ ခလုတ်တခုကို ဆွဲလိုက်သည်နှင့် ထွက်နိုင်အောင် စီမံထားသေးသည်။

ကားလောင်စာဆီအိုးမှာလည်း တခုတခုကြောင့် ပေါက်သွားပါက အလိုအလျောက် ပြန်ပိတ်နိုင်ရန် စီမံထားသည်။ အိုဘားမားကားလည်း ထိုစနစ်ကို သုံးသည်။

ကားနောက်မှာတပ်ထားသည့် ကင်မရာက ကားနောက်ပိုင်းအခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည်။ညပိုင်းမောင်းနှင်သည့်အခါ ထိခိုက်မှုနည်းပါးစေရန် ရှေ့မြင်ကွင်းကို အင်ဖရာရက်ရောင်ခြည်သုံး မီးလုံးများဖြင့် ထိုးထားသည်။

ကားလေကာမှန်ဘေးမှာ တပ်ဆင်ထားသည့် အင်ဖရာရက် ကင်မရာက လမ်းပေါ်မှထင်လာသည့် ပုံရိပ်များကို ကားတွင်းရှိ ထိန်းချုပ်ဖန်သားပြင်သို့ ပို့ပေးသည်။ ကားဘရိတ်ကိုလည်း ရေဒါသုံး BAS PLUS စနစ် သုံးထားသည့်အတွက် ရှေ့ကားနှင့်နီးလာပြီဆိုလျှင် အလိုအလျောက် သတိပေးသည်။ ကားချင်းတိုက်တော့မည့် အခြေအနေရောက်ပြီဆိုလျှင် ဘရိတ်ကို မည်မျှအတိုင်းအတာထိ အုပ်ရမည်ကို အလိုအလျောက်တွက်ချက် ထိန်းလိုက်သည့်အတွက် ကားမောင်းသူကို လိုသလောက် ဘရိတ်မအုပ်လည်း BAS PLUS စနစ်က လိုသလောက် အလိုလို ဘရိတ်အုပ်ပေးသည်ဆို၏။

ကျည်ကာကားတွေ ဈေးကောင်းမာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားများကို လက်တင်အမေရိက၊ တောင်အာဖရိကနှင့် ဥရောပတောင်ပိုင်းနိုင်ငံတွေအပြင် ဥရောပအလယ်ပိုင်းနိုင်ငံများ၊ ယခင်ဆိုဗီယက်နိုင်ငံ ပြည်နယ်များက အ၀ယ်လိုက်၏။ မကြာခင်က ထိုင်းနိုင်ငံ ခေါင်းဆောင်များအပေါ် လုပ်ကြံဖို့ကြိုးပမ်းမှုတွေအပြီး ကျည်ကာကား ထုတ်လုပ်သည့် အခြားကုမ္ပဏီများကလည်း ထိုင်းနိုင်ငံရေးသမားများအား နောက်ဆုံးပေါ် ကျည်ကာကားများ ကမ်းလှမ်းလာသည်။

BMW ကုမ္ပဏီက နောက်ဆုံးပေါ် X5 Security Plus ဆိုသည့် ကျည်ကာကားကို ပွဲထုတ်သည်။ AK-47 မောင်းပြန်သေနတ်ဒဏ်ခံနိုင်သည့် ပထဆုံး ကျည်ကာကားဟုဆို၏။Ford ကုမ္ပဏီကလည်း ထိုင်းဒု-၀န်ကြီးချုပ် ဆူထက်၏ လုံခြုံရေးအစောင့်အား ကျည်ကာကား (၂) စီး စမ်းသပ်မောင်းခိုင်းပြီး ကြော်ငြာလာသည်။ ထိုင်းနိုင်ငံရေးလှုပ်လေ ကျည်ကာကားတွေ အရောင်းသွက်လေ ဖြစ်သည်။

အရေးအခင်းကာလက အနီဝတ်များ၏ တိုက်ခိုက်မှုခံခဲ့ရသည့် ၀န်ကြီးချုပ် အာဘီဆစ်၏ မာစီဒီးဘင့်အက်စ် (၆၀၀) ဂတ် အမျိုးအစား ကျည်ကာကားကို ပြန်ပြင်ရန်အတွက် ဂျာမဏီသို့ပို့ထားချိန်တွင် အခြား ကျည်ကာကားတစီးကို အာဘီဆစ်က ပြောင်းစီးနေသည်ဟု ယနေ့ထုတ် The Nation သတင်းစာက ရေးသည်။ သို့သော် ယခုတကြိမ်တွင် ကျည်ကာကားသာမက ကျည်ကာအကျီကိုပါ ထိုင်းဝန်ကြီးချုပ်က ၀တ်ဆင်နေပြီ ဖြစ်သည်။

No comments:

Post a Comment