ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, May 9, 2009

နာဂစ်ဒဏ်သင့် ဒေသ စောင့်ရှောက်မည့် နာဂစ် မျိုးဆက် သစ်

မေကျော်
သောကြာနေ့၊ မေလ 08 2009 20:37 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ “ကိုယ်ဝန်ဆောင်တွေလား၊ ပေါမှပေါ ဆရာမရေ” ဟု လပွတ္တာမြို့နယ် ပြင်စလူဒေသ ကျေးရွာတရွာမှ ကိုယ်ဝန်ဆောင်တဦးဖြစ်သူ မလွင်လွင်က မဇ္ဈိမကို ပြောသည်။ သူက အသက် ၂၄ နှစ်၊ ကလေး ၃ ယောက် မိခင်။ ယခုလည်း နောက်ထပ်တယောက် ကိုယ်ဝန် ဆောင်ထားလိုက်သေးသည်။

မုန်တိုင်းဒဏ် ခံထားရသော်လည်း သူတို့ မိသားစုလေးမှာ ကံကောင်းထောက်မစွာ မပျက်စီးခဲ့ပေ။ အစဉ်အလာအရ ရေလုပ်ငန်း လုပ်ကိုင်သည့် သူ့မိသားစုသည် အခြား မုန်တိုင်းဒဏ်ခံ မိသားစုများကဲ့သို့ စီးပွားရေး အခက်အခဲကိုတော့ ရင်ဆိုင်နေရဆဲ ဖြစ်သည်။

သို့သော် ဘုရားပေးသဖြင့် ရရှိလာသည့် ကိုယ်ဝန်ကို မုန်တိုင်းပြီးသည့်အခါ လွယ်ထားရကြောင်း မလွင်လွင်က ပေါ့ပါးစွာပင် ဆိုလိုက်သေးသည်။

လက်ရှိ ကိုယ်ဝန် ၃ လသား အရွယ်၌ ကျန်းမာရေးဌာနသို့ သွားရောက်ကာ မေးခိုင်ရောဂါ ကာကွယ်ဆေး တကြိမ် ထိုးပြီး၊ အဝါရောင်နှင့် အနီရောင်ဆေး ၂ လုံးအား သားဖွားဆရာမက ပေး၍သာ သောက်ရသည် အမျိုးအမည် မကွဲလှ။

အသက် ၂၄ နှစ်အရွယ်တွင် ကလေး ၃ ယောက်နှင့် နောက်ထပ် တယောက် ကိုယ်ဝန်ဆောင်ထားသူ သူက သားဆက်ခြားခြင်းကို မသိကြောင်း ပြောသည်။

“ကျန်းမာရေး ဆရာမနဲ့ ဆရာတယောက် ရှိတယ်။ မွေးရင်တော့ သူတို့နဲ့ မွေးမှာပါ။ သူတို့ မရှိရင်တော့ အရပ်လက်သည်နဲ့ မွေးမယ်” ဟု မလွင်လွင်က သူ၏ စတုတ္ထမြောက် ကလေးကို မွေးဖွားရန် စီစဉ်ထားပုံကို ပြောလာသည်။

မြန်မာနိုင်ငံ ကျေးလက်ဒေသများ၌ ဆရာဝန်ဆိုသည်မှာ ရှားပါးကုန်စည်ကဲ့သို့ ဖြစ်နေခဲ့သည်က ကြာလေပြီ။ ဖွံ့ဖြိုးမှု မရှိဘဲ၊ ဆင်းရဲချို့တဲ့သော ကျေးရွာများသို့ မည်သည့် ဆရာဝန်များ လာချင်ကြမှာပါလိမ့်။ ယခင်တုန်းကလည်း မရှိ၊ ယခုလည်း မရှိ။

သားဖွား ဆရာမဆိုသည်က ၁ဝ တန်းအောင်လျှင် သင်တန်းတက်ပြီးနောက်၊ ကျေးရွာသားများအတွက် အဓိက အားကိုးရသည့် ကျန်းမာရေး စောင့်ရှောက်သည့် လုပ်သားများ ဖြစ်လာကြသည်။

လပွတ္တာမြို့နယ်ထဲမှာ ပြင်စလူမှာ တိုက်နယ်ဆေးရုံ ရှိသည်။ မလွင်လွင်၏ ကျေးရွာမှ ဆိုင်ကယ်ဖြင့် သွားရောက်ပါက နာရီဝက်ခန့်အကြာ သွားရပြီး၊ စက်လှေဖြင့်ဆိုလျှင် မိနစ် ၂ဝ ခန့်သာ သွားရသဖြင့် တော်ပေသေးသည်။

“ဟိုတလောက ရွာက ကောင်မလေးတယောက် လက်သည်နဲ့ မမွေးနိုင်လို့ ဆေးရုံပြေးရတယ်။ အဆင်ပြေသွားပါတယ်” ဟု မလွင်လွင်က သူ၏ စိတ်သက်သာရာ ရပုံကို ပြောပြသည်။

လွယ်ထားရသည့် ကိုယ်ဝန်ကို မည်ကဲ့သို့ စောင့်ရှောက်သလဲဟု လေ့လာစူးစမ်းကြည့်ရာ၊ သူက တခစ်ခစ် ရယ်သံနှင့်အတူ ''ဒီအတိုင်းပဲ ထားပါတယ်။ မပြောတတ်ဘူး'' ဟု တုံ့ပြန်ဖြေဆိုသည်။

၂ဝဝ၈ ခုနှစ် မေလဆန်းတွင် အညှာအတာ ကင်းမဲ့စွာ တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်း နောက်ပိုင်းတွင် ပြင်စလူသည်ကား ယခင်လို မစည်ကားတော့။ သည်နေရာ၌ပင် ဆက်လက် နေထိုင်လာသည့် မလွင်လွင်က အားဆေး သောက်ချင်သော်လည်း ဆေးဝယ်ရန် အခက်အခဲ ရှိနေသည်။

“ပြင်စလူက နာဂစ်နောက်ပိုင်း မစည်တော့ဘူး။ ဆေးလည်း စုံစုံလင်လင် မရပါဘူး။ လိုချင်ရင် လပွတ္တာကို မှာရတယ်။ ဒီမှာကတော့ တောဆိုတော့ ကိုယ်ဝန်ဆောင်ဆိုပေမယ့် အားဆေးတွေ ဘာတွေ မသောက်ပါဘူး” ဟု သူက ဆိုသည်။

''ဆေးမရှိတာရော၊ နောက် …'' ဟု ဆိုကာ၊ စကားသံ ထွက်မလာတော့။ ခြောက်ကပ်ကပ် ရယ်သံသာ ပေါ်ထွက်လာသည်။

ငွေကြေးချို့တဲ့ခြင်းကို ဖုန်းထဲမှ မေးနေသည့် ကျမကို သူ့ဘက်က ပြောလိုဟန်မရှိ။ သို့သော် သူ့လေသံက ပြောပြီးသွားသလိုပင် ထင်မှတ်လိုက်ရသည်။

ကလေး ၃ ယောက်က တနှစ်ကြီး တနှစ်ငယ်များ။ ကျေးလက်အများစု ထုံးစံအတိုင်း ငယ်ရွယ်စဉ်၌ပင် အိမ်ထောင်ကျခဲ့သည့် သူသည် သားဆက်မခြားဘဲ ဘာကြောင့်များ အဆက်မပြတ် မီးဖွားရပါလိမ့်။

“အခုတော့ ကိုယ်ဝန်ဆောင်တိုင်းကို သံဓာတ်အားဆေးနဲ့ ဗီတာမင်အေ တိုက်ပါတယ်။ ကလေး အနေအထားကို တလ တခါလောက်တော့ စစ်ပေးပါတယ်။ အခုဟာက ရွာတွေကို လှည့်ပြီး ကြည့်နေရတယ်။ နာဂစ်နောက်ပိုင်းမှာ ဆရာမက ရှားသွားတယ်” ဟု ဘိုကလေးမြို့နယ် ကျေးရွာတရွာမှ သားဖွားဆရာမ တဦးက ဆိုသည်။

သားဆက်ခြား ကျန်းမာရေးက သူတို့အတွက် အခက်အခဲ ရှိနေသည်။ သားဆက်ခြားနည်းက အချိန်မှန် စနစ်တကျ ဆေးထိုးဆေးသောက် ပြုလုပ်ရမည်။

“သားဆက်ခြားဖို့က အချိန်မှန် ဆေးထိုးဆေးသောက်ဖို့။ နောက် ဆေးအလုံအလောက် ရဖို့က အခက်အခဲ ရှိတယ်။ အဓိက က ဆေးမရှိတာပါ” ဟု ဆရာမက ဆက်ပြောသည်။

နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်း PSI သည် သားဆက်ခြား ဆေးများကို သူတို့ထံ တဆင့်ခံ ဖွင့်လှစ်ထားသည့် ဆေးခန်းများမှတဆင့် ဖြန့်ဝေပေးနေသည်။ သို့သော် ဆေးခန်းပိုင်ရှင် ဆရာဝန်တဦး အဆိုအရ ဆေးလောက်ငသည်ဟူ၍ မရှိပေ။

မြို့ပေါ်ဒေသများတွင် သားဆက်ခြားခြင်း လွယ်ကူသော်လည်း ကျေးလက်ဒေသများ အထူးသဖြင့် နာဂစ်ဒဏ်သင့် ဒေသများတွင် မလွယ်ကူ။

မလွင်လွင်ကို မေးကြည့်ရာ သူက သားဆက်ခြားရန် အဆင်သင့် မဖြစ်သေးပါ။ သူ့အနေဖြင့် အသက် ၂၄ နှစ်သာ ရှိသေးသဖြင့် မွေးမည်ဆိုလျှင် နောက်ထပ် အများကြီး မွေးနိုင်ပေဦးလိမ့်မည်။

နာဂစ်ဒဏ်သင့် ဒေသဖြစ်သဖြင့် စီးပွားရေး ကျဆင်းနေကာ၊ အလုပ်အကိုင်နှင့် အားကိုးလောက်ဖွယ် လမ်းစများက နည်းပါးနေချိန်တွင် စနစ်တကျ သားဆက်ခြားရန် မည်သည့်အတွက်ကြောင့် ဒေသတခုလုံးသို့ လွှမ်းခြုံနိုင်ခြင်း မရှိသေးပါသလဲ။

UNFPA (ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့) က နာဂစ်သင့် ဒေသအတွက် ကျန်းမာရေးလုပ်သား ၁၆၀၀ ကျော်၊ ဘိုကလေး၊ လပွတ္တာနှင့် ဒေးဒရဲတွင် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ဂေဟာများအပြင် နာဂစ်မုန်တိုင်း တိုက်အပြီး တနှစ်တာ ကာလအတွင်း ကိုယ်ဝန်ဆောင် အမျိုးသမီးပေါင်း ၇၀၀၀ ကျော်အား စောင့်ရှောက်မှု ပေးနိုင်ခဲ့ကြောင်း ဆိုသည်။

ဤဂေဟာများက ဆေးရုံနှင့် ဝေးကွာလှသည့် ဒေသများ၌ အသုံးဝင်လှကြောင်း လပွတ္တာမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းက ပြောသည်။

သို့သော် သားဆက်ခြားရေးအတွက် ဆေးဝါးများ ဖြန့်ဖြူးခြင်း၊ အသိပညာပေးခြင်းကို ပြန်လည်ထူထောင်ရေး ကာလတွင် အလေးအနက် လုပ်ဆောင်ရန် လိုအပ်နေသေးသည်။

ဘိုကလေးမြို့ပေါ်မှ ဆေးဆိုင်တဆိုင်ကမူ ပဋိသန္ဓေ တားဆေးများမှာ အရောင်းရဆုံး ဆေးတမျိုးဖြစ်သည်ဟု ဆိုသည်။

မလွင်လွင်ကမူ စီးပွားရေး အဆင်မပြေသည့် ကြားကပင် ကလေးတားရန် စိတ်မကူးပေ။

သူက “အဆင်မပြေတာတော့ အဆင်မပြေတာပေါ့။ ကလေးတားဖို့တော့ စိတ်မကူးပါဘူး။ ကြုံသလိုပါပဲ” ဟု ဆိုပါလေသည်။

2 comments:

  1. ကျွန်မတို့နိုင်ငံမှာ ဒီလို သားဆက်ခြားခြင်းနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအသိတွေ လူတွေအတွက် အများကြီး လိုအပ်သေးတယ်လို့ ထင်မိတာပါပဲ။ ဆောင်းပါးကောင်း တစ်ပုဒ်ကို ဝေမျှပေးလို့ ကျေးဇူးတင်ပါတယ်ရှင်။

    ReplyDelete
  2. ရွှေပြည်သူ ရဲ့  comment ကို ကျေးဇူးတင်ပါတယ်....
    သားသမီး ရတနာ အတွက် အခက်အခဲ ကြား က မိခင် တစ်ယောက် ရဲ့ စိတ်ဓာတ်ကို
့ချီးကျူးမိပါတယ်.....

    ReplyDelete