ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, October 3, 2009

ရန်ကုန်မြို့တွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု ပျံ့နှံ့နေ


အောင်ကျော်မိုး / ၂ အောက်တိုဘာ ၂၀၀၉


ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုလုပ်ငန်းသည် ဂိုဏ်းသဖွယ် ပျံ့နှံ့နေပြီး သာမန်ပြည်သူ အများအပြား ပါဝင်ပတ်သက်နေသည့် လုပ်ငန်းတခုဖြစ်လာကြောင်း ကိုယ်တိုင်ပတ်သက်နေသူများထံမှ စုံစမ်းသိရှိရသည်။

မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်း နေသူတဦးက ၎င်း၏နေအိမ်အနီး မူးယစ်ဆေးဝါးဖြန့်သည့် နေရာတခုနှင့်ပတ်သက်၍ ယခုကဲ့သို့ အသေးစိတ် ပြန်လည်ပြောပြသည်။

“ကျနော့်အိမ်နားမှာ မူးယစ်ဆေးဝါးဖြန့်တဲ့ နေရာတခုရှိတယ်။ ဒီကိစ္စ သိချင်တာနဲ့ ကျနော် အသေးစိတ်စောင့်ကြည့်ခဲ့တယ်။ မနက် (၈) နာရီလောက်မှာ လူစိမ်း (၃) ယောက် ကျနော်တို့ လမ်းထိပ်ကို ရောက်လာတယ်။ သူတို့ လမ်းဘေးမှာ ရပ်စောင့်နေတုန်း လူတယောက် ရောက်လာပြီး အထုတ်တထုတ် ပေးသွားတယ်။ နောက် အဲဒီလူက ဆူပါစလွန်းကားနဲ့ ထွက်သွားတာ တွေ့လိုက်တယ်။ ဝေးတော့ ကားနံပါတ် မမြင်ရဘူး။ ပစ္စည်းလက်ခံတဲ့ (၂) ယောက် ကျနော်တို့လမ်းထဲ ဝင်လာတယ်။ (၁) ယောက်က လမ်းထိပ်မှာ အရိပ်အခြေအနေ စောင့်ကြည့်ဖို့ ကျန်ခဲ့တယ်။ (၂) ယောက် ထဲက (၁) ယောက်ဟာ လမ်းထိပ်မရောက်ခင် ဘန်ဒါပင်အောက်က အုတ်ခုံအဝိုင်းမှာ သစ်ပင်ကိုကွယ် လမ်းကို ကျောပေးပြီး ထိုင်လိုက်တယ်။ ကျန်တဲ့ (၁) ယောက်ကတော့ လမ်းအတွင်းကို ဆက်လျှောက်သွားပြီး မနီးမဝေးကနေ အခြေအနေကို အကဲခတ်ပေးနေတာ တွေ့တယ်။ အုတ်ခုံမှာ ထိုင်တဲ့တယောက်ကတော့ သူ့မှာပါလာတဲ့ စီးကရက်ဘူး (၁) ဘူးကို မလှမ်းမကမ်း မြေပြင်ပေါ်ကို ပစ်ချထားလိုက်တယ်။ အဲဒီအချိန်ကစပြီး တယောက်ပြီး တယောက် သူ့ဆီ ပစ္စည်းလာယူတယ်။ ငွေချေတဲ့သူက ချေတယ်။ ပြီးရင် သူက စီးကရက်ဘူးကို လှမ်းကောက်ပြီး အထဲက ပစ္စည်းပေးတယ်။ ပေးပြီးရင် စီးကရက်ဘူးကို ပြန်ပစ်ချထားလိုက်တယ်။ အဲဒီမှာ လာဝယ်တဲ့သူတွေဟာ လူပေါင်းစုံပဲ။ အမျိုးသမီး၊ အမျိုးသား၊ လူငယ်လေးတွေ အရွယ်စုံပါတယ်။ (၉) နာရီကျော်ကျော်မှာ အယောက် (၃ဝ-၄ဝ) လောက်ကို ရောင်းပြီးပြီ။ ရောင်းပြီးတဲ့နောက် အဲဒီ (၃) ယောက် (၁) ယောက် တလမ်းစီ ပြန်ထွက်သွားကြတယ်။ ဘယ်ကိုလဲတော့ မသိဘူး” ဟု ပြောသည်။

အဆိုပါ မူးယစ်ဆေး ဖြန့်ဖြူးသူထံမှ သွားဝယ်ခဲ့သူ ဆိုက်ကားသမားတဦးက ၎င်းတို့သွားဝယ်သည်မှာ ပန်းရောင် အင်ဖက်တမင်း ဆေးပြားများဖြစ်ကာ လာရောက်ဖြန့်ဖြူးသူက တလုံးကို ကျပ် (၁,၅ဝဝ) ယူပြီး ၎င်းတို့က တလုံးကို ကျပ် (၂,၅ဝဝ) မှ (၃,ဝဝဝ) စသဖြင့် အဆင်ပြေသလို ရောင်းချကြောင်း ပြောသည်။

ယခု သွားဝယ်သူအားလုံးမှာ ပြန်လည်ဖြန့်ဖြူးရန်ဖြစ်ပြီး ဆေးပြားများကို မည်သူမှ လက်ဝယ်မထားဘဲ အနီးရှိ မြေပြင် တနေရာရာ၌ အမှိုက်သဖွယ် မသိမသာ ချထားပြီး ဝယ်သူလာမှ သွားယူပေးသည့်အတွက် ရဲလာဖမ်းမည်ကို မပူရကြောင်း၊ ရောင်းဝယ်နေသည်ကို ရဲတွေ့ပါက ငွေပေးရကြောင်း အဆိုပါ ဆိုက်ကားဆရာက ပြောသည်။

နအဖစစ်အစိုးရက ယခုရက်ပိုင်းအတွင်း နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါး ဖော်ထုတ်ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေ သော်လည်း ရန်ကုန်မြို့တွင်မူ ယခုကဲ့သို့ မူးယစ်ဆေးဝါး ဖြန့်ဖြူးရေးလုပ်ငန်းသည် ရပ်ကွက်များရှိ သာမန်ပြည်သူတို့ကြားအထိ
ပျံ့နှံ့နေကြောင်း စုံစမ်းသိရှိရသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်း လူငယ်များအကြား၌ ရီဝေယစ်မူးစေသည့် ချောင်းဆိုးပျောက်ဆေးအရည်များနှင့် စိတ်ကြွဆေး ကဲ့သို့ ယစ်မူးစေရန် ဖော်စပ်ထားသည့် နောက်ဆုံးပေါ် ဆေးအမှုန့်များကို သုံးစွဲသူများလည်း အများအပြားရှိနေပြီး ဗန်နဒရိုင်း ခေါ် ချောင်းဆိုးပျောက်ဆေးရည်ကို ဆေးဆိုင်များတွင် ၀ယ်ယူရလွယ်သဖြင့် ကျောင်းသားလူငယ်များအကြား ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနေကြကြောင်း သိရသည်။

ရန်ကုန်တွင် ယခုနောက်ပိုင်း စီးပွားရေးကျပ်တည်းပြီး အလုပ်အကိုင် ရှားပါးလာ၍ လမ်းဘေးဈေးသည် များပြားလာနေပြီး လတ်တလောတွင် နယ်မြေခံရဲများက ဖမ်းဆီးမည်ဆိုခြင်းကြောင့် လမ်းဘေးတွင် ဗီစီဒီ၊ ဒီဗွီဒီ ဓာတ်ပြားရောင်းသူ လက်လုပ်လက်စား အများအပြား ဆိုင်များပိတ်ကာ အလုပ်အကိုင်မရှိဖြစ်နေကြသည်။

No comments:

Post a Comment