ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, October 9, 2009

ဆန်ဈေးတက်၍ အိတ်စ်ပို့ ဆန်ကုန်သည်များ အရှုံးပေါ်နေ

ရန်ပိုင်
.ဆန်ဈေးကွက်တွင် ဈေးနှုန်းများ မြင့်တက်လာနေ သောကြောင့် နိုင်ငံခြားသို့ ဆန်တင်ပို့သည့် ကုန်သည်များ အရှုံးပေါ် နေကြောင်း သိရသည်။

ဈေးကွက်သို့ ဆန်ဝင်ရောက်မှု နည်းပါးလာခြင်း၊ ၅၀၀၀ ကျပ်တန် ငွေစက္ကူသစ်များ ထုတ်ခြင်းတို့ကြောင့် လက်ရှိဆန်ဈေး နှုန်း ပိုမို မြင့်တက်သွားသော်လည်း စာချုပ် ချုပ်ဆိုထားသည့်အတွက် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(UMEHL)ကို ဆန်ကုန်သည်များက အရှုံးခံကာ ဆန်များဝယ်ယူ၍ အပ်နှံနေရကြောင်း ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်လုပ်ငန်းရှင် တဦးက ပြောသည်။

“ဆန်ဈေးတွေက တက်သွားတော့ စာချုပ်သမားတွေက ဦးပိုင်ကို အရှုံးခံဝယ်ပြီးတော့ အပ်နေရတယ်”ဟု၎င်းက ဆိုသည်။

စီးပွားရေးဦပိုင်လီမိတက်မှ ဆန်ကုန်သည်များအား စာချုပ်ချုပ်ဆိုပြီး ၀ယ်ယူနေရာတွင် စာချုပ်ပါဈေးနှုန်းမှာ ဆန်တတင်းခွဲ တအိတ်လျှင် ၁၃၅၀၀ ကျပ် ၀န်းကျင် ဖြစ်ပြီး ယနေ့ ပေါက်ဈေးမှာ ၁၄၅၀၀ ကျပ်ဖြစ်နေကြောင်း၊ စာချုပ်အတိုင်း မအပ်နိုင် လျှင် ဦးပိုင်အဖွဲ့၏ တရားစွဲဆိုခြင်းကို ခံရမည်ဖြစ်ကြောင်း ဆန်လုပ်ငန်းရှင်များက ပြောဆို သည်။

လက်ရှိအခြေအနေတွင် ဆန်အသစ်ထွက်မည့် အချိန်သည်လည်း တလခန့်လိုသေး၍ ဆန်အသစ်မပေါ်သေးသောကြောင့် ဆန်ထွက်ရာဒေသဖြစ်သည့် ဧရာဝတီတိုင်းမှ ရေကြည်မြို့၊ အသုတ်မြို့နှင့် ဟသာင်္တမြို့များမှလည်း ရန်ကုန်ဈေးကွက် တွင် လာရောက်ဝယ်ယူနေကြသည်ဟု သိရသည်။

ဆန်အသစ်မထွက်ပေါ်သေး သောကြောင့် ဈေးနှုန်းများ တက်ခြင်းမှာ ပုံမှန် ဖြစ်သော်လည်း ၅၀၀၀တန် ငွေစက္ကူ အသစ် များထုတ်လုပ်သုံးစွဲမည်ဟု ကြေညာလိုက်သည့်နေ့မှ စတင်ပြီး ဈေးကွက်တွင် ဆန်ဈေးနှုန်းလည်း ပိုမိုမြင့်တက်လာသည် ဟု ဧရာဝတီတိုင်းမှ ဆန်ကုန်သည်တဦးကလည်း ဆိုသည်။

ထိုသို့ ငွေကြေးနှင့် ဈေးကွက် မငြိမ်သက်မှုကြောင့် ဆန်ကုန်သည်များအနေဖြင့် ငွေကြေးအရ များစွာနစ်နာမှုဖြစ်နေ ကြောင်း ဘုရင့်နောင်ပွဲရုံတန်းမှ ဆန်ကုန်သည်ကပြောသည်။

“ကုန်သည်တဦးကို အနည်းဆုံး အိတ်ရေ ၂သောင်း၊ ၃သောင်းချုပ်ထားတာလေ၊ အခုဆို တအိတ်ကို ၁၀၀၀ကျပ် လောက် ဈေးဟနေပြီ”ဟု ၎င်းကဆိုသည်။

ဆန်ဈေးကွက်တွင် လက်ရှိ ဖြစ်ပေါ်နေသော ဆန်ဈေးမှာ ဖျာပုံပေါ်ဆန်းမွှေးရှယ် တတင်းခွဲ တအိတ်လျှင် ၂၉၀၀၀ ကျပ်၊ အလယ်အလတ်တန်းစား ပေါ်ကျွဲ အမျိုးအစား ဆန်မှာ ၂၀၀၀၀ ကျပ် နှင့် နိုင်ငံခြားသို့ တင်ပို့သည် အကျိုးအကျေ ၂၅ ရာ ခိုင်နှုန်း ပါဝင်သည့် ဧည့်မထဆန်ကြမ်းမှာ တတင်းခွဲ တအိတ်လျှင် ၁၄၅၀၀ ကျပ် နှင့် လက်ရှိလူအများစားသုံးနေသည့် ဆန် ကြမ်းမှာ ၁၈၀၀၀ ကျပ် ပေါက်ဈေးရှိသည်။ ယခင်ဈေးနှုန်းများထက် ပျမ်းမျ အားဖြင့် တတင်းခွဲတအိတ်လျှင် ၁၅၀၀ ကျပ် ၀န်းကျင် တက်ရောက်သွားသည်ဟု သိရသည်။

No comments:

Post a Comment