ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 20, 2009

ပုသိမ်တက္ကသိုလ်တွင် အဝေးသင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများထံမှ ငွေကြေးကောက်ခံမှုများ အဆမတန် များပြားနေ

ဉာဏ်မောင်
.ပုသိမ်တက္ကသိုလ်တွင် အဝေးသင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများထံမှ ပညာရေးအာဏာပိုင်များက အကြောင်းအမျိုးမျိုးပြ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေလျက်ရှိသည်။

အဝေးသင် ဒုတိယအသုတ် အနီးကပ်တက်ရောက်နေကြသည့် ကျောင်းသားကျောင်းသူများကို ကျောင်းသားကဒ်များ ထုတ်ပေးရာတွင် ငွေကြေးအဆမတန် တောင်းယူနေကြောင်း ကျောင်းသားတဦးက ပြောသည်။

“အခုက ကဒ်ထုတ်ဖို့ ဓါတ်ပုံနှစ်ခါရိုက်ခက ၂၀၀၀ ပေးရတယ်။ အာစရိယကြေးက ၂၅၀၀၊ နောက်ပြီးကျောင်းသားကဒ်အတွက်က ၅၀၀၀ ဆိုတော့ စုစုပေါင်း ၉၅၀၀ တောင်းတာ” ဟု ပြောသည်။

ထိုကဲ့သို့ အကြောင်းပြကာ ငွေးကြေးများ ကောက်ခံနေသော်လည်း ကျောင်းသားများအတွက် သောက်သုံးရေ လုံးဝမရှိကြောင်း ၎င်းက ဆက်ပြောသည်။

“အခုက ကျောင်းမှာ သောက်စရာ ရေက လုံးဝမရှိတဲ့ပြဿနာ ရင်ဆိုင်နေရတာ။ အဲဒါကို ကျောင်းသားတွေက တော်တော်ကို မကျေမနပ်ဖြစ်နေတယ်” ဟု ပြောသည်။

ထို့အပြင် ကျောင်းအဝင်ဝတွင် စစ်တပ်ရန်ပုံငွေအတွက် စက်ဘီး၊ ဆိုင်ကယ်အပ်ရန် ဂိတ်တခုဖွင့်လှစ်ထားပြီး ကျောင်းသားများမှာ ထိုဂိတ်မှတဆင့် ကျောင်းတွင်းသို့ လမ်းလျှောက်နေရကြောင်း ၎င်းက ဆက်ပြောသည်။

“ကျောင်းအပေါက်ဝမှာ စက်ဘီးတစီးကို ၅၀၊ ဆိုင်ကယ်ကို ၁၀၀ ပေးရတယ်။ အဲဒီမှာ အပ်ထားရတာ။ အဲဒါကို စစ်တပ်ရန်ပုံငွေအတွက် လုပ်ထားတာ။ အဲဒီကနေ ကျောင်းသားတွေက ၁၅ မိနစ်လောက် လမ်းလျှောက်ပြီး ကျောင်းထဲကို သွားနေရတာ” ဟု ပြောသည်။

အဝေးသင်တက်ရောက်နေသည့် ကျောင်းသားကျောင်းသူများအနေဖြင့် ကျူရှင်လခ တဘာသာလျှင် ကျပ်တသောင်း ပေးရပြီး အဆိုပါ ကျူရှင်တက်ရောက်သည့် ကျောင်းသားများကို စစ်ဆေးမေးမြန်းမှုများလည်း ပြုလုပ်နေကြောင်း ၎င်းက ဆက်ပြောသည်။

ယခုနှစ် အဝေးသင်တက်ရောက်ကြမည့် ကျောင်းသားများအနေဖြင့် အထွေထွေ လူမှုရေး၊ စီးပွားရေး အကြပ်တည်းများကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး အထူးသဖြင့် နာဂစ်မုန်တိုင်းဒဏ်သင့် ဒေသများမှ ကျောင်းသားများအခြေအနေမှာ ပိုမိုဆိုးရွားနေလျက်ရှိသည်။

No comments:

Post a Comment