ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, October 7, 2009

ကဲ အခု မြန်ပြည် ဘယ်လိုပြန် မလဲ...ပြန်ရင်သတိ..

ပြည်ပနိုင်ငံများမှ မြန်ပြည် သို့ ပြန်ကြွလာသော သံဃာတော် များ အပြန်ခရီး
အောင်ထက်


ပြည်ပနိုင်ငံများမှ ပြန်ကြွလာသော သံဃာတော် (၈) ပါးအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် စက်တင်ဘာ တတိယပတ်က ဖမ်းဆီးထိန်းသိမ်းလိုက်သည်။

အဆိုပါသံဃာတော်များကို တစုတဝေးတည်း ဖမ်းဆီးမိခြင်းမဟုတ်ဘဲ ခရီးစဉ်အသီးသီးမှအပြန် နအဖအာဏာပိုင်တို့က စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးထားသော သံဃာတော်များအား ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း၊ မဟာပါသဏလိုဏ်ဂူနှင့်ကပ်လျက် ‘အပရဂေါယာန’ သုံးထပ်ကျောင်းဆောင်၌ နိုင်ငံတော်ဗဟိုသံဃမဟာနာယကအဖွဲ့ဝင် ဆရာတော်အချို့နှင့် သတင်းတပ်ဖွဲ့တို့က စစ်ဆေးခဲ့သည်။

ထို့နောက် သံဃာတော် (၇) ပါးအား ဆက်လက်စစ်ဆေးရန် (သို့မဟုတ်) ပြစ်ဒဏ်ကျခံစေရန် အင်းစိန်အကျဉ်းဦးစီးဌာနသို့ လွှဲပြောင်းခဲ့ပြီး ယခုအခါ ကျန်ရှိသံဃာတော် (၁) ပါးအား ဆက်လက်စစ်ဆေးနေဆဲဟု ဆရာတော်များနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ သိရသည်။

သံဃာတော်များအား ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးနေကြောင်း သာသနာရေးဝန်ကြီးဌာန ၀န်ထမ်းအများစု သိရှိနေသော်လည်း ၎င်းသံဃာတော်တို့၏ ဘွဲ့တော်၊ သီတင်းသုံးရာကျောင်းတိုက်၊ မြို့နယ် ကျေးရွာတို့ကိုမူ အထူးလျှို့ဝှက်ထားသည်။

“အပရဂေါယာန ကျောင်းဆောင်ဝန်းကျင်ကို ဘယ်ဝန်ထမ်းမှ ကပ်လို့မရဘူး။ အထူးကန့်သတ်နယ်မြေပေါ့။ သံဃာတော်တွေက သက်တော် (၂၅) နှစ်ဝန်းကျင်တွေလို့ ကြားရတယ်။ သတင်းတပ်ဖွဲ့ဝင်တွေကလွဲလို့ ဘယ်ဝန်ထမ်းမှ မမြင်ဖူးကြဘူး” ဟု သာသနာရေးဝန်ကြီးဌာန အရာထမ်းတဦးက ပြောသည်။

ယခုကျန်ရှိသံဃာ (၁) ပါးအား ဆွမ်းကွမ်းဝေယျာဝစ္စကအစ သတင်းတပ်ဖွဲ့မှ ဖြည့်ဆည်းဆောင်ရွက်ပေးနေပြီး အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။

အဆိုပါသံဃာတော်တို့သည် ပြည်ပခရီးသို့ တရားဝင်ဗီဇာများဖြင့် ထွက်ခွာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံအပါအ၀င် နိုင်ငံအသီးသီးမှ ပြန်လာစဉ် သတင်းအရ ယခုကဲ့သို့ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ပြည်ပနိုင်ငံအသီးသီးဟု ဆိုသော်လည်း အများစုမှာ ဘန်ကောက်ခရီးစဉ်မှ ဖြစ်နိုင်သည်ဟု သာသနာရေးဝန်ကြီးဌာနမှ ၀န်ထမ်းများက ယူဆကြသည်။

ကမ္ဘာအေး မဟာပါသဏလိုဏ်ဂူအနီး၌ ကျောင်းဆောင် (၄) ဆောင်ရှိရာ မဟာနာယကကျောင်းဆောင်တွင် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇) ပါးအနက် အချို့ဆရာတော်များ သီတင်းသုံးနေသည်။ ဖမ်းဆီးထားသော သံဃာများအား စစ်ဆေးရာတွင် အပရဂေါယာနကျောင်းဆောင်ကို အသုံးပြုပြီး ယခုအခါ ပြည်တွင်းမှ ဖမ်းဆီးထားသော သံဃာတော်အချို့ ရှိနေသည်ဟုလည်း သိရသည်။

၎င်းသံဃာတော်တို့ကို စစ်ကြောရေး (သို့မဟုတ်) အင်းစိန်အကျဉ်းဦးစီးသို့ မပို့မီ အပရဂေါယာနကျောင်းဆောင်၌ ဦးစွာစစ်ဆေးလေ့ရှိကြောင်း ၀န်ထမ်းတို့က ပြောသည်။

ယခင်က သာသနာပြုဘုန်းတော်ကြီးများ ပြည်ပခရီးထွက်ခွာရာတွင် သက်ဆိုင်ရာနိုင်ငံ၏ ပင့်ဖိတ်စာ (Appointment)၊ သံဃာတော်၏ နိုင်ငံကူးလက်မှတ်၊ သာသနာမှတ်တမ်း၊ တိုင်းခရိုင်မြို့နယ်၊ သံဃာမဟာနာယက၏ထောက်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်တို့ကို ရန်ကုန်မြို့ ကမ္ဘာအေးဘုရားလမ်း သာသနာရေးဝန်ကြီးဌာန၊ သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန (သာ-ထွန်း-ပြန့်) သို့ တင်ပြရသည်။

တင်ပြချက်အပေါ် (သာ-ထွန်း-ပြန့်) မှ စိစစ်ကာ ပြည်ပသာသနာပြုခရီးထွက်ခွာခွင့်ကို (၃) ရက်အတွင်း ခွင့်ပြုခဲ့သည်။

သံဃာတော်များ ပြည်ပထွက်ခွာခွင့်ကို နေပြည်တော် (သာ-ထွန်း-ပြန့်) မှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။

အဆိုပါစွပ်စွဲချက်နှင့်ပတ်သက်၍ သာသနာရေးခွင့်ပြုချက် လက်မှတ်ထိုးပေးခဲ့သော (သာ-ထွန်း-ပြန့်) ညွှန်ကြားရေးမှူး ဦးအောင်သိန်းညွန့်ကိုလည်း ဌာနအတွင်း အရေးယူမှု (PE-DE) ပြုရန် နအဖအာဏာပိုင်တို့မှ စီစဉ်နေပြီဟု သတင်းများ ထွက်ပေါ်နေသည်။

ယခုအခါ ပြည်ပသာသနာပြုခရီးအတွက် ပြည်ပထွက်ခွာခွင့် စိစစ်မှုများကို (၃) ပတ်ကြာသည့်တိုင် ခွင့်ပြုချက်မချသေးကြောင်း ပြည်တွင်းမှ ဆရာတော်တပါးက မိန့်သည်။

မလေးရှားမှ မြန်မာများ အိမ် အပြန်

ဝီရ

မလေးရှားနိုင်ငံ အကျဉ်းစခန်းများတွင် ထိန်းသိမ်းခံလွတ်ရက်စေ့ မြန်မာနိုင်ငံသားတို့အား နေရင်းတိုင်းပြည်သို့ ပြန်လည်ပို့ဆောင်ရာတွင် မြန်မာအာဏာပိုင်တို့က အမျိုးမျိုးခြိမ်းခြောက်ကာ ငွေညှစ်နေကြောင်း လွတ်မြောက်လာသူများက ပြောသည်။

“ကျနော်တို့ကို မင်္ဂလာဒုံ လေဆိပ်အနားက ရဲစခန်းကို ခေါ်သွားပြီး စစ်မေးတော့တာပဲ။ နယ်ကလူတွေအားလုံးကို အဲဒီမှာ အရင်ချုပ်ထားတယ်။ အမျိုးမျိုးခြိမ်းခြောက်တယ်။ (၅) ရက်လောက်ကြာတော့ ကျနော့်မိသားစု ရောက်လာပြီး ပိုက်ဆံ (၃) သိန်း ပေးလိုက်တော့မှ ခရီးသွားထောက်ခံစာတစောင် ထုတ်ပေးတယ်။ အချုပ်ထဲကနေ မှာစားတဲ့ ထမင်းဟင်းနဲ့ လက်ဖက်ရည် စရိတ်က (၅) ရက်မှာ (၁) သိန်းနီးပါး ထပ်ပေးရတယ်” ဟု မလေးရှားအကျဉ်းစခန်းတွင် (၂) နှစ်ကြာ ထိန်းသိမ်းခံရပြီး ရန်ကုန် မင်္ဂလာဒုံလေဆိပ်သို့ ပို့ဆောင်ခံရသည့် မွန်ပြည်နယ်သားတဦးက ပြောသည်။

စက်တင်ဘာလလယ်ပိုင်းက ပြန်ရောက်လာသည့် ၎င်းတို့အသုတ်တွင် နယ်ပြန်ရန် မှတ်ပုံတင်မရှိသူ အယောက် (၃၀) ကျော်အား မင်္ဂလာဒုံ ရဲစခန်းသို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏မလေးရှားရင်းဂစ်ငွေ (၄၀၀) ကိုလည်း မင်္ဂလာဒုံလေဆိပ်တွင် အသိမ်းခံလိုက်ရကြောင်း အဆိုပါ မွန်ပြည်နယ်သားက ပြောသည်။

မင်္ဂလာဒုံရဲစခန်းတွင် အာဏာပိုင်တို့က မလေးရှားသို့ မည်သူက မည်သည့်လမ်းကြောင်းမှ ပို့ဆောင်ပေးသည်၊ မည်မျှကြာ အလုပ်လုပ်ခဲ့သည်၊ မလေးအကျဉ်းစခန်းတွင် မည်မျှကြာခဲ့သည် စသည့်အချက်အလက်တို့ကို အသေးစိတ်မေးမြန်းပြီး ကျန်ရှိသည့် ပြစ်ဒဏ်အတွက် မြန်မာနိုင်ငံတွင် ထပ်မံကျခံရန် မလေးရှားအစိုးရက အပ်လိုက်ကြောင်း ခြိမ်းခြောက်ကာ နေအိမ်တွင် ပိုင်ဆိုင်မှု မည်မျှရှိသည်၊ မည်မျှအခွန်ဆောင်လျှင် လွှတ်ပေးမည်ဟု ပြောဆိုကာ ငွေညှစ်ရန် အမျိုးမျိုးအကြောင်းပြနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

မလေးရှားတွင် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားတို့အား ယခင်က မလေးရှားနယ်စပ် (အလိုစတာ) နှင့် ထိုင်းနယ်စပ် (ဟတ်ယာ) ဘက်သို့ ပို့ဆောင်ပေးခဲ့ရာတွင် ၎င်းတို့အား သက်ဆိုင်ရာအာဏာပိုင်တို့က လူကုန်ကူး၊ ရောင်းစားမှုများ ရှိခဲ့သဖြင့်
၂၀၀၉ ခုနှစ် ဧပြီလမှစ၍ ထိုကဲ့သို့ ပို့ဆောင်ခြင်းမျိုးကို ရပ်ဆိုင်းခဲ့သည်။


ထို့နောက် လွတ်ရက်စေ့ မြန်မာနိုင်ငံသားတို့အား နေရင်းတိုင်းပြည်သို့ တိုက်ရိုက်ပို့ဆောင်ရန် နှစ်နိုင်ငံ သဘောတူညီမှု ရရှိခဲ့ပြီးနောက် ပြီးခဲ့သည့် စက်တင်ဘာလဆန်းပိုင်းမှ စတင်ပို့ဆောင်ခဲ့ရာ ယခုအခါ မြန်မာနိုင်ငံသို့ ပြန်ရောက်လာသူ (၄၄၇) ဦး ရှိပြီဖြစ်ကြောင်း မြန်မာနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက စာရင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံသို့ ပြန်ရောက်ရှိလာသူများမှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ လေဆိပ်အနီးရှိ ထိန်းသိမ်းရေးစခန်းမှ မြန်မာနိုင်ငံသား (၈၀၀) ကျော်အနက် နိုင်ငံသားဟုတ်မှန်ကြောင်း အထောက်အထားပြည့်စုံသူများဖြစ်ကြောင်း သိရသည်။

၎င်းတို့အနက် မလေးရှားနိုင်ငံသို့ တရားဝင်လမ်းကြောင်းမှ သွားရောက်လုပ်ကိုင်သူ အချို့လည်းပါဝင်ပြီး ၎င်းတို့မှာ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတို့၏ ခေါင်းပုံဖြတ်မှုတို့ကြောင့် ဧဂျင့်မှ ထွက်ပြေးပြီး တရားမဝင်အလုပ်သမားအဖြစ် ရောက်သွားသူများဖြစ်သည်။

တရားဝင်အလုပ်သမားအဖြစ် မလေးရှားတွင် (၆) လကြာ လုပ်ပြီး ဧဂျင့်မှထွက်ပြေးခဲ့သူ ကိုဝေလွင်ဦးက “ဧဂျင့်က တနေ့ လုပ်အားခအတွက် (၁၆) ရင်းဂစ်ပဲ ပေးတယ်။ အချိန်ပိုလည်း မပေးဘူး။ တလမှာ ကျပ်ငွေ (၁) သိန်းတောင် မကျန်ဘူး။ ဧဂျင့်ကို သွင်းရတာလည်း အမျိုးမျိုးပဲ။ လာတုန်းကတော့ တနေ့ (၂၅) ရင်းဂစ် အနည်းဆုံးရမယ် ပြောတယ်။ ဒါကြောင့် ကျနော် ထွက်ပြေးခဲ့တာ။

မလေးမှာ ဧဂျင့်က ကျနော်တို့ကို Passport ပေးမကိုင်ဘူး။
Work Permit လည်း မိတ္တူတရွက် ကူးပေးထားတာကိုပဲ ပေးထားတယ်။ ထွက်မပြေးအောင် လုပ်ထားတာပါ။
ထွက်ပြေးရင် Passport ရော၊
Work Permit ရော ဆုံးတာပေါ့။ ဒါပေမယ့် ထွက်ပြေးတဲ့သူတွေ များမှများပဲ။
ကျနော့်ဧဂျင့်တခုတည်းမှာတောင် လူ (၁၀၀) ကျော်မှာ (၃၀) ကျော် ထွက်ပြေးတယ်။
(၁၀) ယောက်က မလုပ်နိုင်လို့ အဆုံးခံပြီး မြန်မာပြည်ကို ပြန်သွားကြတယ်” ဟု ပြောသည်။

ပြည်ပသို့သွားရောက် အလုပ်လုပ်ကိုင်လိုသူများသည် အလုပ်သမားဝန်ကြီးဌာနမှ တရားဝင်လိုင်စင်ရ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများမှတဆင့် ဆက်သွယ်ဆောင်ရွက်သင့်ကြောင်း၊ ပြည်ပအလုပ်အကိုင် အကျိုးဆောင်အေဂျင်စီများ စာရင်းကို အလုပ်သမား ညွှန်ကြားရေးဦးစီဌာန မြို့နယ်ရုံးများ၌ ကြော်ငြာထားကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

လိုင်စင်လျှောက်ထားခြင်း မရှိသည့် အလုပ်အကိုင် အေဂျင်စီအချို့၏ မက်လုံပေးမှုများကြောင့် ပြည်ပရောက် အလုပ်သမားများ အခက်အခဲများနှင့်ရင်ဆိုင်ရကာ လူကုန်ကူးခံရသည့် ဖြစ်ရပ်ဆိုးများနှင့်လည်း ကြုံတွေ့ကြရကြောင်းလည်း သတင်းစာတွင် ရေးသားထားသည်။

No comments:

Post a Comment