ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, October 30, 2009

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၇) ရပ်ကွက် ရယကဥက္ကဋ္ဌ ဦးဝင်းသိန်း၏ စာရိတ္တ

ရိုးမ ၃ .
အကျင့်စာရိတ္တကောင်းမွန်ခြင်းမရှိသည့် ရယကဥက္ကဋ္ဌကြောင့် ပြည်သူများအတွက် မလိုလားအပ်သည့် ဆူပူမှုများ ဖြစ်လာနိုင်ကြောင်း အထက်အာဏာပိုင်များထံသို့ တင်ပြတိုင်ကြားသော်လည်း တစုံတရာအရေးယူခြင်း မရှိသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေကြသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် (၇) ရပ်ကွက် ရယကဥက္ကဋ္ဌ ဦးဝင်းသိန်းသည် နာဂစ်မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့သည့်အပြင် ယခင်ကလည်း ခိုးမှုဖြင့် ထောင်ကျခဲ့ဖူးသူတဦးဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“နာဂစ်တုန်းက ပေးတဲ့ အကူညီပစ္စည်းတွေထဲက သံထည်ပစ္စည်းတွေကို သူ့တပည့် အေးကြူကို ထော်လာဂျီနဲ့ ခိုးထုတ်ပြီး ရာမည (၁၂) လမ်းက ဦးသိန်းအောင် ပန်းပဲဖို၊ အမှတ် (၆) ရပ်ကွက် ရယက ဦးမြင့်လွင်သံဆိုင်နဲ့ ဈေးကြီးထဲက စိန်နဲ့မြ သံဆိုင်တွေမှာ သွားရောင်းတာ။ အဲဒီ ရောင်းတဲ့ပိုက်ဆံတွေကို သူ့မိန်းမက ညဘက်ကျမှ လိုက်သိမ်းတာ” ဟု ပြောသည်။

ထို့အပြင် ရပ်ကွက်အတွင်းရှိ လေဘေးသင့်ပြည်သူ အယောက် ၁၄၀ အတွက် ပေးသည့် သံထည်နှင့် ဘိလပ်မြေများကို ခွဲဝေပေးခြင်းမရှိဘဲ ၎င်း၏အစ်မဖြစ်သူ နေထိုင်ရာ ရာမည (၁၀) လမ်းထိပ် သမဝါယမဆိုင် အနောက်ဘက်တွင် သိမ်းထားပြီး လိုသလောက်ထုတ်ယူကာ သုံးစွဲနေကြောင်း အဆိုပါဒေသခံက ဆက်လက်ပြောသည်။

“သူနဲ့ သူ့တပည့်တွေက ညတိုင်း ရယကရုံးထဲမှာ အရက်ဝိုင်းလုပ်နေတာ။ ရပ်ကွက်ထဲက လူတွေကလည်း ဘာမှမပြောဘူးဆိုတာက သူက ထောင်ထွက်ဖြစ်ပြီး တပည့်တွေအကုန်လုံးကလည်း ထောင်ထွက်လူမိုက်တွေကို ခန့်ထားတာ။ ရုံးစောင့် အေးကြူဆိုရင် ခိုးမှုနဲ့ အကြိမ်ကြိမ် ထောင်ကျထားတာ။ အဲလိုလူတွေ ခန့်ထားတာ” ဟု ဆက်ပြောသည်။

ထို့အပြင် ရုံးတယ်လီဖုန်းပြင်ရန် အကြောင်းပြပြီး ရပ်ကွက်အတွင်း လုပ်ငန်းရှင်များထံမှ အလှူငွေ ၃,၀၀၀ နှင့် အခြေခံလူတန်းစားများထံမှ ၃၀၀ နှုန်း ကောက်ခံပြီး တယ်လီဖုန်းအသစ်တလုံးကို ၎င်းအိမ်တွင် တပ်ဆင်ထားကြောင်း ၎င်းက ဆက်ပြောသည်။

ရပ်ကွက်အတွင်း ရဲအရေးပိုင်အမှုများကိုလည်း ၎င်းသဘောဆန္ဒအလျောက် ဒဏ်ရိုက်အပြစ်ပေးခြင်းကို ပြုလုပ်နေသည့်အတွက် ဥပဒေဝန်ထမ်းများအနေဖြင့်လည်း လုပ်ငန်းအနှောင့်အယှက်များ ကြုံတွေ့နေရကြောင်း အမည်မဖော်လိုသည့် ဥပဒေဝန်ထမ်းတဦးက ပြောသည်။

“ဖဲဝိုင်းတွေဘာတွေကို သူ့ဟာသူ ဖမ်းဝရမ်းမပါဘဲ သူများအိမ်ပေါ်တွေ တက်ဖမ်းတယ်။ ပြီးတော့ ဒဏ်ငွေ ငါးသောင်းစီ တောင်းတယ်။ ဒဏ်ငွေမပေးနိုင်တော့မှ ရဲစခန်းကို အကြောင်းကြားတာဆိုတော့ ရဲတပ်ဖွဲ့အနေနဲ့လည်း အလုပ်လုပ်ရတာ ခက်တယ်။ အဲလိုမျိုး လုပ်တာကလည်း အကြိမ်ပေါင်းမနည်းတော့ဘူး” ဟု သူက ပြောသည်။

အဆိုပါ ရယကဥက္ကဋ္ဌ၏ အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာနေမှုများကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ စာရေးတိုင်ကြားသော်လည်း တစုံတရာ အရေးယူခြင်းမရှိသည့်အတွက် ရပ်ကွက်နေ ပြည်သူများ၊ ဥပဒေဝန်ထမ်းများအနေဖြင့် မကျေမနပ်ဖြစ်နေကြောင်း အဆိုပါဝန်ထမ်းက ဆက်လက်ပြောသည်။

No comments:

Post a Comment