ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, October 9, 2009

သံဃာတုနှင့် လူအချို့တို့ကို မဲဆောက်ရဲ ဖမ်းဆီး ။ မြ၀တီခရိုင်အတွင်းတွင်လဲ ရှာဖွေဖမ်းဆီးနေ


ရဲရင့်
ဗုဒ္ဓသာသနာတော်ကို ညှိုးနွမ်းသေးသိမ်စေသည့်အတွက် ဝိနည်းမလိုက်နာသည့် မြန်မာသံဃာတော်များအပါအဝင် ဘုန်းကြီးအတု၊ သီလရှင်အတုနှင့် သာသနာအရေခြုံလူအချို့တို့ကို မြဝတီခရိုင်အတွင်း လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း ခရိုင် သံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်က မိန့်ကြားသည်။

မဲဆောက်မြို့၌ ယခုလ (၅) ရက်တွင် နှစ်စဉ်ကျင်းပသည့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မြဝတီမှသံဃာများနှင့် သီလရှင်များ လာရောက်အလှူခံရာတွင် ၀ိနည်းနှင့်အညီ နေထိုင်ခြင်းမရှိဘဲ ကပ္ပိယများမှာလည်း ထိုင်းဘုန်းကြီး ကျောင်းဝင်းအတွင်း မူးယစ်သောက်စားမှုများ ပြုလုပ်ကြသဖြင့် လူ (၁ဝဝ) ခန့်ကို မဲဆောက်ရဲက ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ မြ၀တီခရိုင်အတွင်း ရှာဖွေဖမ်းဆီးနေခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြဝတီခရိုင်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော် ဦးဇောတိပါလက “မဲဆောက်ဆွမ်းလောင်းပွဲကို ဘုန်းကြီးတို့ ဘယ်သူ့ကိုမှ သွားခွင့်မပြုဘူး။ အခုသွားတဲ့ ဘုန်းကြီးနဲ့ သီလရှင်တွေ၊ လူပုဂ္ဂိုလ်တွေက အောက်ကလာကြတဲ့ လူတွေဖြစ်တယ်။ သူတို့ဒီလိုအပြုအမူတွေလုပ်တော့ သာသနာတော် ညှိုးနွမ်းတဲ့အပြင် နိုင်ငံနဲ့လူမျိုးလည်း သိက္ခာကျတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းရုပ်သံလှိုင်းတွေက သတင်းထုတ်ပြန်တယ်လို့ သိရတယ်။ ဒါကြောင့် အဲဒီဘုန်းကြီး၊ သီလရှင်အတုတွေနဲ့ လူတွေကို ဘုန်းကြီးတို့ လိုက်လံစစ်ဆေးပြီး အရေးယူမှုတွေ ပြုလုပ်နေပါတယ်” ဟု မိန့်ကြားသည်။

မြဝတီမှလာသည့် အလှူခံပုဂ္ဂိုလ်များသည် မိမိတို့ရရှိသည့် အလှူခံပစ္စည်းများကို ယူဆောင်သွားခြင်းမပြုဘဲ ရရာဈေးဖြင့် နီးစပ်သူများထံ လိုက်လံရောင်းချခဲ့ကြပြီး ဘုန်းကြီးကျောင်းဝင်းအတွင်း မူးယစ်သောက်စားကာ ခွန်းကြီးခွန်းငယ် အချင်းများခဲ့သည့်အတွက် မဲဆောက်ရဲကို ဖမ်းဆီးခိုင်းရခြင်းဖြစ်ကြောင်း အဆိုပါကျောင်းမှ မြန်မာဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

မြန်မာနိုင်ငံမှ ရဟန်းသံဃာတော်များ၊ သီလရှင်များကို မြဝတီခရိုင် သံဃာ့နာယကအဖွဲ့မှ လုံးဝအလှူခံခွင့်မပြုကြောင်း၊ ထိုင်းဘက်တွင် ဖြစ်ပျက်နေသည်ကို မိမိတို့ ကိုင်တွယ်၍မရကြောင်း၊ ထိုင်းဘက်မှ ဖမ်းဆီးလွှဲပြောင်းပေးပါက ထိရောက်သည့် အရေးယူမှု ပြုလုပ်ကြောင်း ဆရာတော် ဦးဇောတိပါလက မိန့်ကြားသည်။

အချို့လူပုဂ္ဂိုလ်များမှာ လူဝတ်များဖြင့်လာပြီး ဆွမ်းလောင်းပွဲမတိုင်မီညတွင် သင်္ကန်းဝတ်လဲလှယ်ခဲ့ကြောင်း၊ ဂျင်းဘောင်းဘီ ဝတ်လာသည့် အမျိုးသမီးအချို့လည်း သီလရှင်ဝတ်စုံများဝတ်ကာ အလှူခံကြွခဲ့သည်ကို ဝမ်းနည်းစွာတွေ့ရှိခဲ့ရပြီး ဆွမ်းလောင်းချင်စိတ်ပင်မရှိတော့ဘဲ အိမ်သို့ ပြန်လာခဲ့သည်ဟု မဲဆောက်မြို့တွင် လူမှုရေးလုပ်ငန်းလုပ်ကိုင်နေသူ ကိုနိုင်က ပြောသည်။

လာမည့်နှစ်တွင် နှစ်ဖက်သံဃာ့နာယကအဖွဲ့များ ညှိနှိုင်းတိုင်ပင်၍ ယခုကဲ့သို့ဖြစ်ရပ်များ ထပ်မံဖြစ်ပွားခြင်းမရှိရန် ဆောင်ရွက်သွားမည်ဟု မဲဆောက်တွင် သီတင်းသုံးသည့် တာ့ခ်ခရိုင် သံဃာ့နာယကအဖွဲ့ဝင် ထိုင်းဘုန်းတော်ကြီးတပါးက မိန့်ကြားသည်။

No comments:

Post a Comment