ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 27, 2009

အဲပုဂံလေယာဉ် စက်ချို့ယွင်း၍ နောက်ကြောင်းပြန်လှည့်ရ


အောင်ကျော်မိုး

မြစ်ကြီးနားမှ ရန်ကုန်သို့ ထွက်ခွာလာသည့် ထူးကုမ္ပဏီပိုင် အဲပုဂံလေယာဉ်တစီးသည် ကောင်းကင်ပေါ်တွင် စက်ချို့ယွင်းမှု ဖြစ်ပွားပြီး မြစ်ကြီးနားလေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။

အောက်တိုဘာ (၂၅) ရက်၊ မြစ်ကြီးနားမှ ရန်ကုန်သွားမည့် အဲပုဂံခရီးစဉ်အမှတ် W9-296 လေယာဉ်သည် နေ့လယ် (၂) နာရီ (၁၅) မိနစ်ခန့်တွင် မြစ်ကြီးနားလေဆိပ်မှ ထွက်ခွာပြီး ကောင်းကင်တွင် နာရီဝက်နီးပါးခန့်ပျံသန်းပြီးမှ ညာဘက်ပန်ကာတလုံး ရပ်သွားသည့်အတွက် နောက်ကြောင်းပြန်လှည့်ကာ မြစ်ကြီးနားလေဆိပ်သို့ ပြန်လာခဲ့ရကြောင်း အဆိုပါလေယာဉ်တွင် လိုက်ပါခဲ့သူ ခရီးသည်တဦးက ပြောသည်။

၎င်းက “ကောင်းကင်မှာ နာရီဝက်နီးပါးလောက် ပျံပြီးမှ ညာဘက်ပန်ကာတလုံးက လုံးဝမလည်တော့ဘူး။ အဲဒါနဲ့ လေယာဉ်လည်း ခါနေတယ်။ ခရီးသည်တွေအားလုံးကတော့ သွားပါပြီဆိုပြီး ဘုရားတကြတယ်။ ဘုရားစာတွေ ရွတ်ကြတယ်။ နောက် လေယာဉ်က မြစ်ကြီးနားဘက်ပြန်လှည့်ပြီး မြစ်ကြီးနားလေဆိပ်ကိုပဲ ပြန်ဆင်းတယ်။ အဲဒီမှာရောက်တော့ (၃) နာရီထိုးကာနီးနေပြီ။ သူတို့က အဲဒီလေယာဉ်ကို ပြင်ဆင်မယ်တဲ့။ နောက်နေ့ အောက်တိုဘာ (၂၆) တနင်္လာနေ့ ကွင်းချိန်း ပြန်ပေးတယ်” ဟု ပြောပြသည်။

“နိုင်ငံတကာမှာလို သူတို့ရဲ့ ချို့ယွင်းမှုအတွက် မြစ်ကြီးနားမှာ တည်းခိုစရိတ်တို့၊ စားသောက်ရေးတို့ ဘာမှပြင်ဆင်မပေးဘူး။ အဲဒါနဲ့ ဒီနေ့ တနင်္လာ မနက် (၅) နာရီခွဲ ကွင်းချိန်းသွားရတယ်။ လေယာဉ်က ကွင်းကနေ (၇) နာရီ ထွက်တယ်။ ခု ရန်ကုန်လေဆိပ်ကို မနက် (၁ဝ) နာရီ (၁၅) မိနစ်လောက် ရောက်တယ်။ မနေ့က လေယာဉ်ပေါ်မှာ ကျွေးပြီးသားဆိုပြီး ဒီနေ့ လေယာဉ်ပေါ်မှာ ဘာမှမကျွေးဘူး။ ယူတာက လူတယောက် လေယာဉ်ခ ကျပ် (၁) သိန်း (၂) သောင်း ပေးရတယ်” ဟု အဆိုပါ ခရီးသည်က ပြောသည်။

မြန်မာနိုင်ငံရှိ လေကြောင်းလိုင်းများအနက် ဦးတေဇပိုင် အဲပုဂံလေယာဉ်များသည် မကြာခဏ မတော်တဆဖြစ်ခြင်း၊ စက်ချို့ယွင်းခြင်းများ ဖြစ်ပေါ်ခဲ့ဖူးပြီး ယမန်နှစ်ကလည်း ပူတာအိုလေဆိပ်တွင် လေဆိပ်ပြေးလမ်းချော်ပြီး လေယာဉ်တောင်ပံကျိုးသည့် အဖြစ်အပျက်မျိုး ရှိခဲ့သည်။

အဲပုဂံလေကြောင်းလိုင်းသည် နာမည်ကြီးစီးပွားရေးသမား ဦးတေဇပိုင်ဆိုင်ပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် စစ်ခေါင်းဆောင်အချို့၏ အစုရှယ်ယာများလည်း ပါဝင်သည်ဟု ပြည်တွင်းပြည်ပတွင် ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြစ်ပေါ်ခဲ့သည်။

အဲပုဂံလေကြောင်းလိုင်းသည် ရန်ကုန်မှ ကိုရီးယားနိုင်ငံ ဆိုးလ်၊ ရန်ကုန်မှ ထိုင်းနိုင်ငံ ဘန်ကောက်၊ ရန်ကုန်- စင်ကာပူ၊ ရန်ကုန်- မလေးရှားနိုင်ငံ ကွာလာလမ်ပူ စသည့်လိုင်းတို့တွင် ပြေးဆွဲပြီး နိုင်ငံတကာလေကြောင်းလိုင်း ဖြစ်လာရန် ကြိုးစားခဲ့သော်လည်း အမေရိကန်နှင့် ဥရောပသမဂ္ဂဝင်နိုင်ငံများ၏ စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့မှုများကြောင့် ခရီးစဉ်အားလုံး ရပ်ဆိုင်းသွားခဲ့ပြီး နောက်ပိုင်း ပြည်တွင်း ခရီးစဉ်များကိုသာ ပြေးဆွဲလျက်ရှိသည်။

ယခုနောက်ပိုင်း အဲပုဂံလေကြောင်းလိုင်းသည် ရန်ကုန်- ကွာလာလမ်ပူ ပြေးဆွဲနေသည့် မလေးရှားနိုင်ငံ ဆမ်ဘူမိ လေကြောင်းလိုင်းအတွက် လေယာဉ်ငှားစားသည့်အပြင် မြန်မာ့နိုင်ငံတကာလေကြောင်း (MAI) မှ ပိုင်ဆိုင်သည့် အစုရှယ်ယာအများစုကို ဝယ်ယူလိုက်ပြီး ၎င်းပိုင်လေယာဉ်များ ထည့်သွင်းပြေးဆွဲခြင်းကို ယခုလ (၂၆) ရက်မှ စတင်လုပ်ကိုင်နေပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားသို့ လေယာဉ်နောက်ကြောင်းပြန်လှည့်ခဲ့ရသည့် အဲပုဂံခရီးစဉ်အမှတ် W9-296 တွင် လေယာဉ်ခ ဈေးနှုန်းကြီးမြင့်စွာယူပြီး ဝန်ဆောင်မှုမကောင်းသည့်အပေါ် အဲပုဂံလေကြောင်းလိုင်းကို မကျေမနပ် ဖြစ်နေကြသော်လည်း အခြားရွေးချယ်စရာ မရှိသဖြင့် အဆိုပါလေယာဉ်ကိုသာ စီးကြရကြောင်း ခရီးသည်များက ပြောကြသည်။

No comments:

Post a Comment