ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 20, 2009

ရွှေတူးနေသည့် တရုတ်နိုင်ငံသားများအား ဖမ်းဆီး ရွှေတူးစက်ယန္တရားများ တရုတ်နိုင်ငံသို့ ပြန်သယ်ခွင့်မပြု

ရွှေတူးစက်ယန္တရားများ တရုတ်နိုင်ငံသို့ ပြန်သယ်ခွင့်မပြု
ပေါက်ပေါက်

ယခုနှစ် ပွင့်လင်းရာသီအတွင်း မေခနှင့် မလိခမြစ်တလျှောက် အပါအဝင် ကချင်ပြည်နယ်အတွင်း ရွှေတွင်းများတွင် ရွှေတူးဖော်ရှာဖွေရာ၌ အသုံးပြုနေသည့် တရုတ်နိုင်ငံဘက်မှ စက်ယန္တရားများကို တရုတ်ပြည်ဘက်သို့ ပြန်လည် သယ်ယူသွားခွင့်မရှိကြောင်း ကချင်ပြည်နယ်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (ပယက) က တရားဝင် ပြောဆိုလိုက်သည်။

ယခုလ (၆) ရက်တွင် ကချင်ပြည်နယ် ပယကရုံး၌ ကချင်ပြည်နယ်အတွင်းမှ ရွှေလုပ်ငန်းရှင် (၅ဝ) ခန့်အား ပယက အတွင်းရေးမှူးက ခေါ်ယူတွေ့ဆုံစဉ်တွင် စက်ယန္တရားများကို တင်သွင်းခွင့်ပြုကြောင်း၊ သို့သော် ပြန်လည်သယ်ယူ၍မရကြောင်း၊ တရုတ်နိုင်ငံသား ရွှေတူးအလုပ်သမားများကို ရွှေတူးခွင့်ပေးတော့မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သူ မြစ်ကြီးနားမြို့မှ ရွှေလုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ (၈) ရက်နေ့က နန်ဆန်ယန်ရွှေမှော်က တရုတ်တွေကို ဝင်ဖမ်းတာဟာ အဲဒီကိစ္စကြောင့်ပဲ။ စက်ယန္တရားတွေကို ကိုင်တွယ်အသုံးပြုတတ်တာက တရုတ်တွေပဲရှိတာ။ မှုန်စုပ်စက်လိုမျိုးကျတော့ ဒေသခံတွေလည်း လုပ်တတ်တော့ ဘာမှ ပြဿနာမရှိပေမယ့် ခဲ၊ သဲတွေ ဇကာတိုက်တဲ့ စက်ကြီးလိုဟာက တရုတ်တွေပဲ လုပ်တတ်တာ။ အမှန်က ငွေတောင်းဖို့ ခွင်ဆင်ထားတာပါ။ တရုတ်တယောက် ဘယ်လောက်ဆိုပြီး ငွေတောင်းလို့ရအောင်ပေါ့” ဟု ပြောသည်။

ယခုလ (၈) ရက်နေ့တွင် ဒေသခံအာဏာပိုင်များက နန်ဆန်ယန်ရွှေမှော်သို့ ဝင်ရောက်ပြီး တရုတ်နိုင်ငံသားများကို ဖမ်းဆီးကာ စက်ယန္တရားများကို သိမ်းယူခဲ့သည်။ ယင်းနောက်ပိုင်း ယခုကဲ့သို့ စက်ယန္တရားများကို တရုတ်ပြည်ဘက်သို့ သယ်ဆောင်ခွင့် ပိတ်ပင်ခဲ့သည်။

ရွှေတူးသည့် စက်ယန္တရားများသည် နယ်စပ်မှ တရားမ၀င်တင်သွင်းနေပြီး ရွှေတွင်းများသို့ ရောက်ရှိပြီးသား စက်များအား ပြန်လည်သယ်ယူခွင့်မပြုပါက တရုတ်နိုင်ငံသားများအနေဖြင့် ၎င်းတို့နှင့်အကျိုးတူလုပ်နေသည့် ရွှေလုပ်ငန်းရှင်များထံသို့ လည်းကောင်း သို့မဟုတ် အခြားပြည်တွင်းလုပ်ငန်းရှင်များထံသို့ ရောင်းချသွားရတော့မည်ဖြစ်သည်။

မေခ၊ မလိခမြစ်တလျှောက်နှင့် ၎င်းမြစ်နှစ်သွယ်အကြားရှိ အင်ဂျားယန်မြို့နယ်အတွင်း တရားဝင်ခွင့်ပြုထားသည့် ရွှေတူးလုပ်ငန်းရှင် (၁၀၀) ကျော်ရှိပြီး ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ၏ ခွင့်ပြုချက်ဖြင့် ရွှေတူးနေသည့် လုပ်ငန်းရှင်များလည်း ရာနှင့်ချီရှိသည်ဟု မေခမြစ်ဘက်တွင် ရွှေတူးနေသည့် လုပ်ငန်းရှင်တဦးက ပြောသည်။

၎င်းက “မေခဘက်ကျတော့ ကေအိုင်အိုက ချပေးတဲ့ လုပ်ကွက်တွေများတယ်။ မလိခဘက်ကျတော့ တိုင်းမှူး၊ ပယကဆီကနေ လုပ်ကွက်ပါမစ် ရတဲ့သူဆီက တဆင့်ပြန်ပြီး ယူကြတာများတယ်။ ကျနော်တို့ကျတော့ ရွှေတူးတဲ့ ပွင့်လင်းရာသီတခုအတွက် ကေအိုင်အိုကို တကျင်းကို ရွှေ (၅) ကျပ်သား၊ (၁၀) သိန်း ပေးရတယ်၊ ကေအိုင်အိုဘက်ကျတော့ ရွှေမထွက်ဘူးဆိုရင် ပြန်ညှိလို့ ရတယ်၊ ပိုက်ဆံပေးလည်း ရတယ်” ဟု ပြောသည်။

ရွှေတူးနေသည့် အချို့လုပ်ငန်းရှင်များသည် တရုတ်နိုင်ငံဘက်မှ ကုမ္ပဏီများနှင့် ပူးပေါင်းပြီး စက်ယန္တရားကြီးများအသုံးပြုကာ တရုတ်အလုပ်သမားများကို ခေါ်ယူတူးနေကြပြီး တပိုင်တနိုင်တူးနေကြသည့် တိုင်းရင်းသား လုပ်ငန်းရှင်အများစုမှာ မှုန်စုပ်စက်၊ တရုတ်အင်ဂျင်စက်များဖြင့်သာ တူးနေကြသည်ဟု အဆိုပါ ရွှေတူးလုပ်ငန်းရှင်က ပြောသည်။

စက်ယန္တရားများဖြင့် ရွှေတူးဖော်နေခြင်းသည် ကုမ္ပဏီများအတွက် အကျိုးအမြတ်ဖြစ်ထွန်းစေသော်လည်း ဒေသခံလူထုအား အလုပ်လက်မဲ့ဖြစ်စေသည်ဟု ကချင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်မှ ဥက္ကဋ္ဌ ဦးအောင်ဝါက ပြောသည်။

၎င်းက “ကျောက်စိမ်းတွင်းပဲဖြစ်ဖြစ်၊ ရွှေတွင်းပဲဖြစ်ဖြစ် အစောပိုင်းကဆို သမားရိုးကျလုပ်တော့ ဒေသခံတွေရော၊ အောက်ပြည်အောက်ရွာက လူတွေရော လူသိန်းနဲ့ချီ အလုပ်ပေးထားနိုင်တယ်။ ရေရှည်လုပ်ရမယ့်ဟာကို အခုလို စက်တွေသုံးပြီး အချိန်တိုအတွင်း လုပ်လိုက်တော့ ကုမ္ပဏီအနည်းအကျဉ်းကသာ အမြတ်အစွန်းထွက်သွားတယ်၊ ဒေသခံနဲ့ အနယ်နယ်ကလူတွေ အတွက်တော့ လုပ်ဖို့ခက်သွားတယ်” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်တလျှောက် တရုတ်ပြည်ဘက်တွင် ရွှေအပါအဝင် ဓာတ်သတ္တုရှာဖွေခွင့်အား တရုတ်အစိုးရက ပိတ်ပင်တားမြစ်ထားချိန်တွင် မြန်မာပြည်ဘက်တွင် ယခုကဲ့သို့ ရွှေများ အကြီးအကျယ် တူးနေကြခြင်းဖြစ်သည်။

ရွှေတူးနေသည့် တရုတ်နိုင်ငံသားများအား
ဖမ်းဆီး
ပေါက်ပေါက်


ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှ အရှေ့တောင်ဘက် မိုင် (၄ဝ) ကျော်အကွာရှိ နန်ဆန်ယန်ရွှေမှော်သို့ ဒေသခံအာဏာပိုင်များက ယခုလ (၈) ရက်နေ့တွင် ဝင်ရောက်ပြီး တရုတ်နိုင်ငံသားများကို ဖမ်းဆီးကာ စက်ယန္တရားများကို သိမ်းယူလိုက်သည်။

နန်ဆန်ယန်ကျေးရွာအနီးရှိ ဒေသခံလယ်သမားများ၏ လယ်ကွက်များကို တရုတ်နိုင်ငံသားများက ဝယ်ယူပြီး ရွှေတူးနေကြသည့် လုပ်ကွက်များနှင့် ကချင်ပြည်နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ခွင့်ပြုချက်ဖြင့် လုပ်နေသည့် ရွှေလုပ်ကွက်များပါဝင်သော နန်ဆန်ယန် ရွှေမှော်သို့ ဒေသခံစစ်တပ်နှင့်ရဲများက ဝင်ရောက်ပြီး တရုတ်နိုင်ငံသား (၈) ဦးကို ဖမ်းဆီးခဲ့ကြောင်း ရွှေလုပ်ငန်းရှင်ဒေသခံတဦးက ပြောသည်။

၎င်းက “အဲဒီနေ့က ဝင်ဖမ်းလိုက်တာတာ တရုတ် (၈) ယောက် ဖမ်းမိသွားတယ်။ အတော်များများကတော့ အစောပိုင်းတည်းက သတင်းရလို့ ကြိုရှောင်သွားကြတာ။ အချို့လည်း ထွက်ပြေးကုန်တာပေါ့။ ဗမာတွေကောပါ ရောယောင်ပြေးကုန်တာ။ အမှန်တော့ ဗမာတွေကိုတော့ မဖမ်းဘူး။ ရွှေကျင်တဲ့စက် အလုံးနှစ်ဆယ်လောက် သိမ်းသွားတယ်။ ဒီမှာ ခေါ်တာကတော့ မှုန်စုပ်စက် လို့ခေါ်တာပေါ့၊ တရုတ်တွေရဲ့ဟာပဲ။ ဖမ်းတဲ့ခါမှာ စစ်တပ်ကော ရဲရောပါတယ်” ဟု ပြောသည်။

လွန်ခဲ့သည့် ၂ဝဝ၇ ခုနှစ်မှစတင်၍ နန်ဆန်ယန်ရွှေမော်သည် ရွှေအထွက်ကောင်းလာသဖြင့် ဒေသခံများသာမကဘဲ စစ်ဗိုလ်ချုပ်သားသမီးများကလည်း လုပ်ကွက်များရယူကာ တရုတ်နိုင်ငံသားများအား ရောင်းချပြီး ၎င်းတို့အမည်ဖြင့် တရုတ်နိုင်ငံသားများနှင့်အတူ အကျိုးတူ ရွှေရှာနေကြောင်း နန်ဆန်ယန်ဒေသခံက ပြောသည်။

၎င်းက “ဆက်သွယ်ရေး၊ စာတိုက်ဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော် သမီးနဲ့ သမက်က အမြွှာဆိုတဲ့ ကုမ္ပဏီ နာမည်ခံထားတယ်။ အရင် မပခတိုင်းမှူးဟောင်း ဗိုလ်ချုပ် အုန်းမြင့်ရဲ့ သားက သီရီကုမ္ပဏီရှိတယ်။ နောက် ဗိုလ်ချုပ်တယောက်ရဲ့ ဆွေမျိုးထဲကပဲ သွေးဆိုတဲ့ ကုမ္ပဏီတခုရှိသေးတယ်။ အဲဒါတွေလည်း တရုတ်တွေနဲ့ လုပ်နေတာ။ သူတို့တွေကျတော့ စောစောစီးစီး သတင်းရလို့ ရှောင်ထားကြတယ်။ သူတို့တွေကို မမိလိုက်ဘူး။ သူတို့တွေရဲ့ စက်တွေကိုပါ အစောကတည်းက ရွှေ့ထားလိုက်တာ” ဟု ပြောသည်။

နန်ဆန်ယန်ရွှေမှော်တွင် ရွှေတူးနေသည့် တရုတ်နိုင်ငံသားများအပါအဝင် မြန်မာနိုင်ငံသား သောင်းနှင့်ချီရှိနေပြီး စားသောက်ဆိုင်များ၊ လောင်းကစားဝိုင်းများပါ ဖွင့်လှစ်ထားကာ လူစည်ကားသည့် ရွှေမိုင်းတခုဖြစ်သည်။

ယခု နန်ဆန်ယန်ရွှေမှော်တွင် ဖမ်းဆီးခံလိုက်ရသည့် တရုတ်နိုင်ငံသား (၈) ဦးကို ဝိုင်းမော်မြို့ ရဲစခန်းတွင် ချုပ်နှောင်ထားပြီး မည်သို့ အရေးယူဆောင်ရွက်သွားမည် ဆိုသည်ကို မသိရသေးပေ။

No comments:

Post a Comment