ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, October 22, 2009

မြန်မာနိုင်ငံ၏ အင်တာနက် ကွန်ရက်စနစ်သစ်နှင့် မြန်မာနိုင်ငံတွင် လက်ရှိ အင်တာနက်လိုင်း



မြန်မာနိုင်ငံတွင် လက်ရှိ အင်တာနက်လိုင်း သုံးစွဲသူပေါင်း ၆သောင်း နီးပါးရှိ
မိုးမခ
မြန်မာတနိုင်ငံလုံး တွင် တယ်လီဖုန်းလိုင်း ၄သိန်းနီးပါးရှိပြီး အဆိုပါဖုန်းလိုင်း အရေအတွက်၏ ၁၀ရာခိုင်နှုန်းက Dial Up အင်တာနက်လိုင်း သုံးစွဲသူဖြစ်ပြီး ၀ိုင်ယာလက် စနစ် အင်တာနက်ကို သုံးစွဲသူ ၂သောင်းနီးပါးနှင့် ပေါင်းလျင် မြန်မာနိုင်ငံ၌ အင်တာနက်လိုင်း ၀ယ်ယူသုံးစွဲသူ ၆သောင်းနီးပါး ရှိသည်ဟု မြန်မာ့ဆက်သွယ်ရေးဝန်ကြီးဌါန ကခန့်မှန်း တွက်ချက်ပြောဆိုသည်။

ယခင် သီတင်းပတ်က မြန်မာ့ ဆက်သွယ်ရေး ၀န်ကြီးဌါက ရန်ကုန်မြို့တွင် ပြုလုပ်သည့်ရှင်းလင်းပွဲ တခုတွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထိုသို့သော တယ်လီဖုန်းလိုင်းသုံးစွဲသူ ၄သိန်းနီးပါးအနက် ရန်ကုန်မြို့တမြို့ထဲတွင် ၁သိန်း ၇သောင်းရှိကာ၊ တနိုင်ငံလုံး အင်တာနက်လိုင်း သုံးစွဲသူ အရေအတွက် ၆သောင်းနီးပါးအနက် ရန်ကုန်မြို့က ၂သောင်း ၆ထောင်နီးပါး သုံးစွဲသည်ဟု အဆိုပါ ရှင်းလင်းပွဲတွင် ဖေါ်ပြသော ကိန်းဂဏန်းများ အရသိရှိရသည်။

အထက်ဖေါ်ပြပါ ကိန်းဂဏန်းများမှာ အင်တာနက်လိုင်း သုံးစွဲသူအရေအတွက်သာ ဖြစ်ပြီး ထိုအင်တာနက် လိုင်းတလိုင်းတွင် ထပ်ဆင့်သုံးစွဲသူမည်မျှ ရှိသည်ကိုမူ တိကျသည့် ကိန်းဂဏန်းများ မရရှိသေးပေ။ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများတွင် အင်တာနက်ကို မိမိကိုယ်ပိုင် အိမ်တွင်သွယ်ယူ သုံးစွဲနိုင်သူ နည်းပါးလွန်းပြီး အင်တာနက် ကဖေး၊ ရုံးနှင့် ကုမ္ပဏီတို့လို အလုပ်ဌါနများတွင် သုံးစွဲကြရသည်။ ဒိုင်ရယ်အပ် စနစ်သုံး ကြိုတင်ပေး အင်တာနက်ကဒ် များကို သုံးစွဲလျင် တနာရီ အနည်းဆုံး ကျပ် ၅၀၀ ကျသင့်ပြီး ဖုန်းလိုင်း မအားဖြစ်ခြင်းနှင့် နှေးကွေးခြင်း တို့ကြောင့် သုံးစွဲသူအများစုမှာ တနာရီ ကျပ် ၃၀၀မှ ၅၀၀ ၀န်းကျင်ထိပေးရသော အင်တာနက် ကဖေးများတွင် သွားရောက်သုံးစွဲလျက်ရှိသည်။

မြန်မာနိုင်ငံသည် ဘရော့ဘန်းလို၊ ဒီအက်စ်အယ်လို အင်တာနက်လိုင်းတလိုင်းသွယ်ယူရန် အတွက် နိုင်ငံရေးနှင့် ကင်းရှင်းကြောင်း ကိုယ်တိုင်ဝန်ခံချက်၊ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်နှင့် ရပ်ကွက်အေးချမ်းသာယာရေးကောင်စီ ထောက်ခံချက် တို့နှင့်အတူ ဒေါ်လာငွေ ၁၅၀၀မှ ၁၈၀၀ အကြား ပေးသွင်းရပြီး လစဉ်ကြေးအနေဖြင့် အနည်းဆုံး တလ ၃၅ဒေါ်လာမှ ကုမ္ပဏီများ ၊ အင်တာနက်ဆိုင်များကဲ့သို့ မြန်နှုန်းပိုမိုမြင့်မားသည့် အစီအစဉ်ဖြစ်လျင် ဒေါ်လာ ၁၀၀ နီးပါးအထိကျသင့်သည်။ ထိုသို့သော အချက်အလက်များကြောင့် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် အင်တာနက် ဆက်သွယ်မှု ကွန်ရက် အညံ့ဆုံး နိုင်ငံတနိုင်ငံ ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ အင်တာနက် ကွန်ရက်စနစ်သစ် မကြာမီပြီးစီးမည်

အင်တာနက် သုံးစွဲမှု ပိုမိုမြန်ဆန်စေပြီး နယ်မြို့အများအပြား သို့ပါ အင်တာနက်ဆက်သွယ်မှု ရောက်ရှိစေလိမ့်မည့် အင်တာနက် ဆက်သွယ်မှု စနစ်သစ်ကို လာမည့် ၂၀၁၀ ခုနှစ်အစတွင် ပြီးစီးလိမ့်မည်ဟု မကြာမီရက်ပိုင်းက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ရှင်းလင်းပွဲတခုတွင် ဆက်သွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်က ပြောကြားခဲ့သည်။

ပြီးခဲ့သည့် နှစ်များက စတင် လုပ်ဆောင်နေခဲ့သည့် နယ်စပ်ဖြတ်ကျော်ပြီး သွယ်တန်းယူ မည့် ဖိုင်ဘာအော့ပတစ် (အလင်းဖန်မျှင်) အင်တာနက်လိုင်းများ ယခုနှစ်ကုန်ပိုင်းတွင်း ပြီးစီးမည်ဖြစ်သည်ဟု လည်းပြောဆိုသည်။ အိန္ဒိယနိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာအော့ပတစ်လိုင်းမှာ အိန္ဒိယမြန်မာနယ်စပ် တမူးမြို့မှ တဆင့် မန္တလေးတိုင်း ရတနာပုံ တယ်လီပို့ကို သွယ်တန်းပြီး တရုတ်နိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာအော့ပတစ် လိုင်းမှာ ရွှေလီ-မူဆယ်နယ်စပ်မှ ရတနာပုံ တယ်လီပို့သို့ပင် သွယ်တန်းမည်ဖြစ်သည်။ ထိုင်းနိုင်ငံမှ သွယ်ယူသည့် ဖိုင်ဘာ အော့ပတစ်လိုင်းမှာမူ တာချီလိတ်မှ တဆင့်ရန်ကုန်မြို့သို့ သွယ်တန်းမည် ဖြစ်သည်။

ယခင်က ဧရာဝတီတိုင်း ဖျာပုံမှ တဆင့်မြန်မာနိုင်ငံထဲသို့ ၀င်ရောက်လာသည့် ပင်လယ်ပြင်မှ တဆင့်သွယ်တန်းယူသည့် ဆီမီဝီ SE ME WE 3 အင်တာနက်ကျောရိုးလိုင်း ကို အဓိကအားကိုးခဲ့ရာမှ မကြာမီတွင် နယ်စပ်မှ တဆင့်သွယ်တန်းသည့် ဖိုင်ဘာ အော့ပတစ်လိုင်းများကို အစားထိုး သုံးစွဲခြင်းဖြင့် ယခင်ထက် ပိုမိုကျယ်သည့် လိုင်းပမာဏကို သုံးစွဲနိုင်မည် ဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် မြန်မာတနိုင်ငံလုံးအတွက် ကျောရိုး အင်တာနက် လှိုင်းအကျယ်ကို 4 Gbps အထိ ပေးဝေနိုင်မည်ဟု လည်းပြောဆိုခဲ့သည်။

ထိုကာလတွင် Dial Up သုံးစွဲသူ ၁သိန်းခွဲခန့် Broadband, ADSL,WiMax နှင့် iPstar သုံးစွဲသူ စုစုပေါင်း ၁သိန်း ၇သောင်းခန့်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြောင်းလည်း ရှင်းလင်း တင်ပြခဲ့သည်။ ယခုလက်ရှိအချိန်တွင် ရန်ကုန်မြို့သည် မြန်မာနိုင်ငံအင်တာနက် ဆက်သွယ်မှု၏ အဓိက ပင်မဌါန ဖြစ်နေသော်လည်း ယခုနှစ်ကုန်ပိုင်း ဆက်သွယ်ပြီးစီးမည့် စနစ်သစ်တွင် နေပြည်တော်နှင့် ရန်ကုန် နှစ်နေရာကို အဓိကကျသည့် National Gateway နှစ်ခု အဖြစ်ထားရှိပြီး မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် အခြားမြို့ကြီးအများအပြားသို့ အင်တာနက် ဆက်သွယ်မှုကွန်ရက်ကို ဖြန့်ကျက်သွားမည် ဟု ရှင်းလင်းပြောဆိုချက်များ အရသိရှိရသည်။

ထိုစနစ်သစ်တွင် ရန်ကုန်-နေပြည်တော်-မန္တလေး သုံးမြို့တို့ကို မြန်နှုန်းမြင့် ဖိုင်ဘာအော့ပတစ် လိုင်းဖြင့် သွယ်တန်းထားရှိမည် ဖြစ်ပြီး ယခုလက်ရှိ ရန်ကုန်အခြေပြုထားသည့် အင်တာနက် ကျောရိုးစနစ်ကို ပြန်လည်ပြင်ဆင် သွယ်တန်းသွားမည့် သဘောလည်း ဖြစ်သည်ကို တွေ့ရှိရသည်။ ထိုသို့ပြန်လည် သွယ်တန်းရာတွင် လုံခြုံရေး ရှုထောင့်မှကြည့်ရှုပြီး ပိုမိုထိန်းချုပ်ရလွယ်ကူစေရန် လည်းပြုလုပ်ထားသည့် သဘောမျိုးတွေ့ရသည်ဟု ရှင်းလင်းပွဲ တက်ရောက်ခဲ့သူ တဦးကပြောဆိုသည်။

မြန်မာ့ ဆက်သွယ်ရေးဝန်ကြီးဌါန ကရှင်းလင်းတင်ပြသည့် တင်ပြချက်အတိုင်း လာမည့်နှစ်တွင် Dial Upနှင့် မြန်နှုန်းမြင့် အင်တာနက် သုံးစွဲသူ အရေအတွက် ၃သိန်းကျော်ရှိလာစေအောင် မည်သို့သော ဈေးကွက်နည်းဗျူဟာများ သုံးစွဲပြီး ချဲ့ထွင်မည်ကိုမူ ရှင်းလင်းတင်ပြခဲ့ခြင်း မရှိပေ။ မြန်မာနိုင်ငံသည် မြန်နှုန်းမြင့် အင်တာနက် လိုင်းတလိုင်း သွယ်တန်းဖို့အလို့ငှာ အမေရိကန်ဒေါ်လာ အနည်းဆုံး ၁၅၀၀ ကုန်ကျရမည် ဖြစ်သဖြင့် နိုင်ငံ၏ တဦးချင်းဝင်ငွေနှင့် နှိုင်းစာလျင် အလွန်မြင့်မားသည့် ပမာဏဖြစ်နေသည့် အတွက် လိုင်းဝယ်ယူနိုင်သူ အရေအတွက်မှာ ထောင်ဂဏန်း၊ သောင်းဂဏန်းပမာဏ ထက်ပိုမိုမြင့်တက်လာ နိုင်ခြင်း မရှိသေးသည်ကိုတွေ့ရှိရသည်။

No comments:

Post a Comment