ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, October 7, 2009

ပုဂ္ဂလိက ဆေးရုံဖွင့်ခွင့် လိုင်စင်ပေးတော့မည်

ဧရာဝတီ

.စစ်အစိုးရ ကျန်းမာရေး ဝန်ကြီးဌာန၏ တရားဝင် လိုင်စင်ဖြင့် ပုဂ္ဂလိက ဆေးရုံများ ဖွင့်ခွင့်ပြုတော့မည် ဖြစ်ကြောင်း ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များက ပြောသည်။

၂၀၀၇ ခုနှစ် က တရားဝင်ထုတ်ပြန်လိုက်သော ကျန်းမာရေး ဝန်ကြီးဌာန၏ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း ဥပဒေသစ်အရ ရန်ကုန်မြို့နှင့်မြို့ကြီးများတွင် ဖွင့်လှစ်ထားသော ပုဂ္ဂလိက ဆေးခန်းများနှင့် ကျန်းမာရေး ၀န်ဆောင်မှု လုပ်ငန်းများအပါအဝင် ပုဂ္ဂလိက ဆေးရုံဖွင့်လိုသူများသည် တရားဝင်ခွင့်ပြုချက် လိုင်စင် လျှောက်ထားရမည်ဖြစ်သည်ဟု မကြာသေးခင်က တရားဝင် အကြောင်းကြားလာကြောင်း ရန်ကုန်မြို့ရှိ နာမည်ကြီး အထူးကု ဆေးခန်းပိုင်ရှင် တဦး ကပြောသည်။

ရန်ကုန်မြို့မှ အထွေထွေရောဂါကု ဆရာဝန်ကြီးတဦးကလည်း ၁၉၈၈ ခုနှစ်မတိုင်မီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်ကတည်းက ပြဌာန်းခဲ့သော ကျန်းမာရေးဥပဒေတွင် ပုဂ္ဂလိက ဆေးရုံများဖွင့်လှစ်ခြင်းကို တရားဝင်ခွင့်ပြုခြင်းမရှိဘဲ ဆေးခန်းနှင့် အထူးကုဆေးခန်းများသာ ခွင့်ပြုခဲ့ကြောင်း၊ ၂၀၀၇ ပုဂ္ဂလိက ကျန်းမာ ရေးလုပ်ငန်းဥပဒေအရ ပြည်တွင်းတွင် ပုဂ္ဂလိကဆေးရုံများစတင်ခွင့်ပြုတော့မည်ဖြစ်သည်ဟု ပြောဆိုသည်။

“ဒီမှာက ပုဂ္ဂလိကဆေးရုံဆိုတာ တရားဝင်ဖွင့်ခွင့်မရှိခဲ့ဘူး။ ရွှေဂုံတိုင်အထူးကုဆေးခန်းတို့၊ အာရှတော်ဝင် အထူးကုဆေးခန်းတို့ ဆိုတာက တကယ့်နိုင်ငံခြား ဆေးရုံကြီးတွေ လိုဖွင့်ထားပေမယ့် ဥပဒေအရ ဆေးရုံလို့
နာမည်တပ်ခွင့်မရလို့ဆေးခန်းကြီးဆိုပြီး နာမည်တပ်ထားကြတာ။ ဒါပေမယ့် ဥပဒေသစ်အရ ပုဂ္ဂလိက ဆေးရုံ လို့ တရားဝင် နာမည်တပ်ခွင့်ရမယ်”ဟု ၎င်းက ဆိုသည်။

အထူးကုဆေးခန်း မန်နေဂျင်း ဒါရိုက်တာ တဦးကလည်း ရန်ကုန်မြို့တွင်ရှိသည့် ပုဂ္ဂလိကဆေးခန်းများနှင့် ဆေးရုံ ပုံစံ ဖွင့်ထားသော အထူးကုဆေးခန်းကြီးများ အားလုံးသည် ယာယီ လိုင်စင် လျှောက်ထားရင်းနှင့် ဖွင့်ကြ ခြင်းဖြစ်ကြောင်း၊ တရားဝင်လိုင်စင်အတွက် ဥပဒေ မရှိကြောင်း၊ ယခု ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်း ဥပဒေသစ်အရ စပြီး လိုင်စင်ထုတ်ပေးမည်ဖြစ်ပြီး ကျန်းမာရေးဝန်ကြီးဌာနသို့ အခွန်ပေးရမည်ဟု ကြားသိရ ကြောင်း ဆိုသည်။

ယင်းရန်ကုန်မြို့ရှိ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများအားလုံး ပုဂ္ဂလိက ဆေးရုံ၊ဆေးခန်း လိုင်စင်များ လျှောက် ထားပြီး အခွန်အခပေးဆောင်ကြရန် စက်တင်ဘာလအတွင်း ကျန်းမာရေးဝန်ကြီးဌာနက အထူး အစည်း အဝေးတရပ်ခေါ်ယူပြီး လုပ်ငန်းရှင်များအားလုံးကို တရားဝင်အသိပေးခဲ့သည်ဟု ကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းရှင်များက ပြောသည်။

ထိုသို့ ပုဂ္ဂလိကဆေးရုံများဖွင့်မည်ဆိုပါက ၁၆ ခုတင်မှ ၂၅ ခုတင်ဆံ့ ဆေးရုံဆိုလျှင် လိုင်စင်ကြေး ကျပ် ၅ သိန်း၊ သက်တမ်းတိုး နှစ်စဉ်ကြေး ကျပ် ၂ သိန်းခွဲ၊၂၆ ခုတင်မှ ခုတင် ၅၀ ဆံ့ ဆိုလျှင် လိုင်စင်ကြေး ကျပ် ၁၀ သိန်း၊ သက်တမ်းတိုး နှစ်ဉ်ကြေး ကျပ် ၅ သိန်း နှင့် ခုတင် ၁၀၀ အထက် ဆေးရုံဆိုပါက လိုင်စင်ကြေး ကျပ် သိန်း ၂၀ ၊ သက်တမ်းတိုး နှစ်စဉ်ကြေး ကျပ် ၁၀ သိန်းဟူ၍ သတ်မှတ်ထားကြောင်း သိရှိရသည်။

ပုဂ္ဂလိက အထူးကုဆေးခန်းတခုတွင် အထူးကုဆရာဝန်တဦး ထိုင်လျှင် လိုင်စင်ကြေး ကျပ် ၅ သောင်း၊ နှစ် စဉ် ကြေး ကျပ် သုံးသောင်း ဖြစ်ကြောင်း၊ အထူးကုဆရာဝန် နှစ်ဦးမှ သုံးဦး ထိုင်လျှင် လိုင်စင်ကြေး ကျပ် တသိန်းနှင့် နှစ်စဉ်ကြေး ကျပ် ၅ သောင်း စသည်ဖြင့် ဆေးခန်းတွင် ထိုင်သည့် အထူးကု ဆရာဝန် အရေ အတွက်ကိုလိုက်ပြီး ကျန်းမာရေးဝန်ကြီး ဌာနက အခွန်ကောက်ခံမည်ဟု ပြည်တွင်းဆေးရုံ၊ ဆေးခန်း ပိုင်ရှင် အသိုင်းအ၀ိုင်းမှ သတင်း ရရှိသည်။

ကျန်းမာရေးဝန်ကြီးဌာနသို့ အခွန်အခ ပေးဆောင်ရာ၌ ရိုးရိုးအထွေထွေရောဂါကုဆေးခန်း တခုတွင်ဆရာဝန် တဦးထိုင်မည်ဆိုလျှင် လိုင်စင်ကြေး ကျပ် သုံးသောင်း၊ နှစ်စဉ်ကြေး ကျပ် တစ်သောင်းခွဲ ဖြစ်ကြောင်း၊ ဆရာ ၀န် ၂ ဦးမှ ၃ ဦးထိ ထိုင်ပါက လိုင်စင်ကြေး ကျပ် ခြောက်သောင်းကျပ်ဖြစ်ပြီး နှစ်စဉ်ကြေး ကျပ် ၃ သောင်း ဖြစ်ကြောင်း၊ ဆရာဝန် ၄ ဦးထက် ထိုင်ပါက လိုင်စင်ကြေး ကျပ် ၁ သိန်းနှင့် နှစ်စဉ်ကြေး ကျပ် ၅ သောင်း ပေးဆောင်ရမည်ဟုလည်း သိရှိရသည်။

အဆိုပါ အခွန်အခများသည် ကျန်းမာရေးဝန်ကြီးဌာနသို့ သီးသန့်ပေးဆောင်ရမည့် အခွန်အခလိုင်စင်ကြေး များသာ ဖြစ်ပြီး စီးပွားရေးအမြတ်ခွန်အဖြစ် ပြည်တွင်းအခွန်များ ဦးစီးဌာန သို့လည်း အခွန်အခများ ဆက် လက် ပေးဆောင်ရမည်ဟု ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းရှင်များက ပြောသည်။

“ကျန်းမာရေးဝန်ကြီးဌာနကို ပေးရတဲ့ လိုင်စင်ကြေးနဲ့ နှစ်စဉ်ကြေးအပြင် ပြည်တွင်း အခွန် ဦးစီးဌာနမှာ လည်း အမြတ်ငွေအခွန်တော်ထမ်းရမယ်။ ကုန်ကျစရိတ်များလာတယ်ဆိုရင် လူနာ တွေရဲ့ ဆေးကုသမှု ၀န်ဆောင် စရိတ်တွေလည်း တက်မယ်”ဟု အထူးကုဆေးခန်းပိုင်ရှင် တဦးက ရှင်းပြသည်။

ယခင်အထိန်းအကွပ်မရှိသော ဆေးရုံ၊ ဆေးခန်းဖွင့်လှစ်ခြင်းစနစ်မှ ယခု ကျန်းမာရေးဝန်ကြီးဌာန က အထိန်း အကွပ်ပါသော ဆေးရုံ၊ဆေးခန်းများ စိစစ်ခွင့်ပြုစေခြင်းသည် မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကျန်းမာရေး ၀န်ဆောင် မှု လုပ်ငန်းများ နိုင်ငံတကာအဆင့်မီဖြစ်လာစေရေးနှင့် ပြည်သူများအတွက် အရည်အသွေး မြင့်မားသော ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ရလာစေမည် ဖြစ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်တဦးက ဆိုသည်။

“ဖွင့်ချင်တိုင်းဖွင့်နေကြတာထက်စာရင် အထိန်းအကွပ်လေးနဲ့လုပ်ရင် လူနာတွေ အတွက် အများကြီးအကျိုးရှိ လာမယ်။ အစိုးရအနေနဲ့လည်းပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေမှာ ပုဂ္ဂလိကကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍကို ပဲ့ကိုင်ထိန်းကျောင်းပေးလို့ ရနိုင်တဲ့အတွက် လူတွေအားလုံးအတွက် တကယ်ကို အကျိုးဖြစ်ထွန်းလာမယ်လို့ထင်ပါတယ်”ဟု ယင်းဆရာဝန်က ပြောသည်။

သတင်းစာဆရာကြီး တဦးကမူ မြန်မာနိုင်ငံမှ ပြည်သူအများစုသည် ဆေးကုသစရိတ် ငွေကြေးမြောက်မြားစွာ ကုန်ကျသည့် ပုဂ္ဂလိကဆေးရုံ၊ ဆေးပေးခန်းများကို လက်လှမ်းမမီကြ သောကြောင့် အစိုးရအနေနှင့် ပြည်သူ့ ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ၏ အခရာ ဖြစ်သော အစိုးရဆေးရုံ၊ဆေးပေးခန်းများကို အရည်အသွေးနှင့် ၀န်ဆောင်မှုပိုင်းတွင် အဆင့်မြှင့်တင်သင့်သည်ဟု ဝေဖန်သုံးသပ်သည်။

“တကယ်တော့ ပုဂ္ဂလိကအထူးကုဆေးရုံ၊ ဆေးခန်းဆိုတာ ဆင်းရဲတဲ့ ပြည်သူအများစု လက်လှမ်းမမီနိုင်ဘူး။ တကယ်ပဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍမှာ တိုးတက်မှုတွေ ရှိချင်ရင် ဒီကဏ္ဍမှာ ဘဏ္ဍငွေ များ များသုံးဖို့လိုမယ်။ ပုဂ္ဂလိကဆေးရုံ၊ဆေးခန်းတွေကို စနစ်ကျလာအောင်လုပ်ရုံနဲ့တော့ပြည်သူ့ ကျန်းမာရေး ကဏ္ဍက တိုးတက်လာမှာမဟုတ်ဘူး”ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ငွေကြေး မတတ်နိုင်သည့်ဆင်းရဲချို့တဲ့သော မြန်မာပြည်သူအများစုသည် အစိုးရဆေးရုံ၊ ဆေးခန်းများတွင် အသက်အန္တရာယ်ဖြစ်နိုင်သည့် အခက်အခဲ ဒုက္ခများကို ရင်ဆိုင် ကြုံတွေ့ရမှုများရှိကြောင်း ရန်ကုန်မြို့ခံများ က ပြောသည်။

“ဆေးရုံတက်ရင် ဂွမ်း၊ ပတ်တီးက လူနာရှင်ကိုယ်တိုင် ၀ယ်ရတာ။ ဆေးရုံက ဘာမှမပေးဘူး။ ဆေးရုံမှာ စရိတ်မျှပေးဆေးကုသမှုစနစ်တို့၊ ဘာတို့ ရေးထားပါတယ်။ ဒါပေမယ့် ဒါတွေက ဆိုင်းဘုတ်ပေါ်မှာပဲရှိတယ်။ ပိုက်ဆံမရှိဘဲ ဆေးရုံတက်လို့ကတော့ သေဖို့တလမ်းပဲရှိတယ်။ အစိုးရဆေးရုံဆိုပေမယ့် ဘာမှ အလကား မရဘူး။ ဒါက တကယ်ဖြစ်နေတဲ့ လက်တွေ့ အခြေအနေ ဆိုတာ မြန်မာပြည်သူတိုင်း သိပါတယ်”ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။

နေပြည်တော်ကျန်းမာရေးဝန်ကြီးဌာနမှ အရာရှိကြီးတဦးကမူ မြန်မာနိုင်ငံရှိ လူဦးရေနှင့် ဆေးရုံခုတင် အချိုး အစားမှာ လူဦးရေတသိန်းလျှင် ဆေးရုံခုတင် ၆၂ လုံးသာရှိကြောင်း၊ အစိုးရသည် ၂၀၁၀ ခုနှစ်တွင် လူဦးရေ တသိန်းလျှင် ဆေးရုံခုတင် ၇၅ လုံးရှိရန်ကြိုးစားလျက်ရှိသည်ဟု ပြောသည်။

၂၀၀၇ ပုဂ္ဂလိကျန်းမာရေးဥပဒေအရ လိုင်စင်မရှိဘဲ ဆေးရုံ၊ဆေးခန်းဖွင့်သူများကို ထောင်ဒဏ် များချမှတ် အရေးယူမည်ဖြစ်ပြီး ဆေးခန်းနှင့်ဆေးရုံများကိုလည်း ချိတ်ပိတ်နိုင်ကြောင်း၊ ဥပဒေပါ အချက်အလက်များနှင့် မညီညွတ်သော ဆေးရုံ၊ဆေးခန်းများသည်လည်း လိုင်စင်မရရှိနိုင်ကြောင်း အဆိုပါ နေပြည်တော်ကျန်းမာရေး ၀န်ကြီးဌာန အရာရှိက ဆိုသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၀၇ ခုနှစ်ထုတ်ပြန်ချက်တွင် စစ်အစိုးရသည် လူတဦးအတွက် တနှစ် လျှင် ကျန်းမာရေးအသုံးစရိတ် ၈၄၉ ကျပ်အသုံးပြုသည်ဟု ဖော်ပြပါရှိပြီး ကုလသမဂ္ဂဖွံ့ဖြိုးရေး အစီအစဉ်(UNDP) ၏ ၂၀၀၈ ခုနှစ် ထုတ်ပြန်ချက်တွင် မြန်မာအစိုးရသည် ကမ်းလွန်ရေနံနှင့်ဓာတ်ငွေ့လုပ်ကွက်များမှ ၀င်ငွေ များ ရရှိနေသော်လည်း ပြည်သူများ၏ ကျန်းမာရေးအသုံးစရိတ်ကိုမူ GDP ၏ ၀.၃ ရာခိုင်နှုန်းသာ သုံးစွဲသည် ဟု ရေးသားထားသည်။

No comments:

Post a Comment