ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, October 9, 2009

စပါးဈေးတက်သဖြင့် ပြည်ပပို့မှု ရပ်ဆိုင်းထား

အောင်ကျော်မိုး
မြစ်ဝကျွန်းပေါ်မှ ရန်ကုန်သို့ ဆန်အ၀င်နည်းလာသည့်အတွက် စပါးဈေး၊ ဆန်ဈေးများ မြင့်တက်နေပြီး ပြည်ပပို့ခွင့်ကို ရပ်ဆိုင်းထားကြောင်း ဆန်ကုန်သည်များက ပြောသည်။

ယခုရက်ပိုင်းအတွင်း စပါးဈေးများသည် တင်း (၁၀၀) ကျပ် (၅) သောင်းမှ (၇) သောင်းခန့်ထိ မြင့်တက်နေပြီး မိုးစပါးအဟောင်းသည် ကျပ် (၄) သိန်းမှ (၄) သိန်းခွဲ၊ နွေစပါးသည် ကျပ် (၃) သိန်းခွဲမှ (၄) သိန်းထိရောက်နေကြောင်း မြစ်ဝကျွန်းပေါ်၊ မော်ကျွန်းမှ စပါးအ၀ယ်တော်တဦးက ပြောသည်။

၎င်းက “စပါးအသစ်တွေ မပေါ်သေးပေမယ့် မနှစ်က ဆန်ကြမ်းစပါးပေါ်ကာစ တင်း (၁၀၀) ကို ကျပ် (၂) သိန်း (၃) သောင်းလောက်ပဲ ရှိနေရာကနေ ဒီနှစ် (၃) သိန်း၊ (၃) သိန်းခွဲလောက်နဲ့ ဈေးဖွင့်နိုင်တယ်။ ဒါ အတော်ဈေးမြင့်တယ်” ဟု ပြောသည်။

ယခုနှစ် စပါးပေါ်ချိန်မတိုင်မီအထိ စပါးသိုလှောင်သည့် စက်ပိုင်များလက်ထဲတွင် စပါးလက်ကျန် အတော်နည်းနေပြီး စပါးထွက်ချိန်နီးလာလေ လက်ကျန်ကနည်းလာလေ ဖြစ်သောကြောင့် ရန်ကုန်ဆန်အ၀င် နည်းရခြင်းဖြစ်ကြောင်း အဆိုပါ စပါးအ၀ယ်တော်က ရှင်းပြသည်။

ယခုကဲ့သို့ စပါးဈေးမြင့်ပြီး ဆန်အတက်နည်းလာသည့်အတွက် ဆန်အမျိုးအစား အသီးသီးကို တအိတ် ကျပ် (၁,၅၀၀) မှ (၂,၀၀၀) အထိ ဈေးတက်သွားကြောင်း၊ ဆန်ကြမ်းမိုးရှယ် တတင်းခွဲ တအိတ် ကျပ် (၁၇,၀၀၀) မှ (၁၈,၀၀၀)၊ ပေါ်ကျွဲ ကျပ် (၁၇,၅၀၀) မှ (၁၈,၅၀၀)၊ စက်ကြီးတောင်ပျံ ကျပ် (၂၄,၀၀၀) မှ (၂၅,၀၀၀) နှင့် ရွှေဘိုပေါ်ဆန်း ကျပ် (၂၈,၀၀၀) မှ (၃၀,၀၀၀) ခန့်အထိ တက်သွားကြောင်း သိရသည်။

ဘုရင့်နောင်ဆန်ပွဲရုံတန်းမှ ပွဲရုံပိုင်ရှင်တဦးက “ဆန်ဈေးတွေ တက်နေတာကြောင့် ဒီလကုန် ဆန်သစ်ပေါ်ချိန်မတိုင်မီ ဆန်မပြတ်အောင်လို့ နိုင်ငံခြားဆန်တင်ပို့တာတွေ ရပ်ခိုင်းထားတယ်။ ပါမစ်တွေ အားလုံးချပေးထားပြီးမှ သင်္ဘောတင်ခွင့် မပြုတာပါ။ တဖက်မှာလည်း WFP က နယ်တွေမှာ ဆန်ဝယ်ဖို့ကြိုးစားနေတာကြောင့်လည်း အိတ်စ်ပို့ ရပ်ခိုင်းထားတာ ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။

ဆန်ဈေးတက်မှုကြောင့် ဆန်ကွဲဈေးများလည်း မြင့်တက်နေပြီး ပေါ်ဆန်းစကွဲတအိတ် ကျပ် (၁၁,၀၀၀) မှ (၁၃,၀၀၀) အထိ တက်လာသဖြင့် မုန့်တီလုပ်ငန်း၊ ကြက်မွေးမြူရေးလုပ်ငန်းနှင့် အရက်ချက်စက်ရုံလုပ်ငန်းလုပ်ကိုင်သူတို့လည်း ဈေးမြှင့်ပေး ၀ယ်ယူနေကြရသည်။

အစိုးရအာဏာပိုင်များကမူ ဆန်ပြတ်လပ်ပြီး ဆန်ဈေးမတက်စေရန် အထူးသတိထားကိုင်တွယ်နေသကဲ့သို့ တဖက်၌လည်း ဆန်ဈေးထိုးကျပြီး လယ်သမားများ အရှုံးမပေါ်စေရန် သတိထားလုပ်ဆောင်နေကြောင်း ဆန်ကုန်သည်ကြီးများအသင်းမှ အမှုဆောင်တဦးက ပြောသည်။

လောလောဆယ်တွင် ဆန်ကြမ်းတပြည် ကျပ် (၅၅၀) ပေါက်ဈေးရှိနေပြီး ဆန်ပြတ်လပ်မှု မရှိပါက ဈေးနှုန်းငြိမ်ပြီး ဆန်ပြဿနာမရှိနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းသည်။

မိုးရာသီတွင် စပါးအသစ်မပေါ်မီ ဆန်ဈေးတက်လေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်တွင်းစပါးထုတ်လုပ်မှု ပိုလျှံလာသည့်အတွက် ဆန်ဈေးမတက်ကြောင်း စက်တင်ဘာ (၂၄) ထုတ် မြန်မာတိုင်းမ်တွင် ဖော်ပြသည်။

No comments:

Post a Comment