ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, October 20, 2009

လိုင်စင်မဲ့ကားများ ထွေထွေရာရာ

လိုင်စင်မဲ့ကားများ တင်လာသည့် (၂၀) ဘီးကားကြီး
ပဲခူးအ၀င်တွင် တိမ်းမှောက်
ဝီရ


မြဝတီမြို့မှ ရန်ကုန် စက်မှုဇုန်များသို့ လိုင်စင်မဲ့ကား တင်ဆောင်လာသည့် (၂၀) ဘီးကားတစီး ပဲခူးမြို့အဝင် လမ်းမတနေရာတွင် တိမ်းမှောက်သွားရာ သက်ဆိုင်ရာအာဏာပိုင်တို့က အခင်းဖြစ်ပွားခဲ့သည့် အဆိုပါ (၂၀) ဘီးကားနှင့်အတူ ကားပေါ်တွင် တင်ဆောင်လာသည့်ကား (၆) စီးကို သိမ်းယူလိုက်ကြောင်း စုံစမ်းသိရှိရသည်။

“အဲဒီကားက မြဝတီမှာ ကားအရောင်းအဝယ်လုပ်နေသူတဦးရဲ့ ကားတွေဖြစ်တယ်။ အဲဒီကားပေါ်မှာ မြဝတီက ခယက အဖွဲ့ကိုယ်စားလှယ်တဦးလည်း ပါတယ်။ ကားတွေကို သိမ်းလိုက်တော့ ပြဿနာက ကြီးသွားတာပေါ့” ဟု ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ကားတင်ပို့သူတဦးက ပြောသည်။

ထိုကားကြီးသည် စက်တင်ဘာ (၂၇) ရက် ညပိုင်းတွင် တိမ်းမှောက်သွားခြင်းဖြစ်ပြီး အသိမ်းခံလိုက်ရသည့် လိုင်စင်မဲ့ ကားအသေးများမှာ တစီးလျှင် ကျပ်သိန်း (၅၀) မှ သိန်း (၁၀၀) ကျော်အထိ တန်ဖိုးရှိသည့် ဖင်ကောက် Corolla ၊ မက်တူးနှင့် ပရာဒိုကားများ ပါဝင်ကြောင်း အဆိုပါကားတင်ပို့သူက ပြောသည်။

ယခုကားများ တင်သွင်းသူသည် မြဝတီတွင် အသစ်ရောက်လာသော ခယက ခရိုင်မှူးနှင့် နားလည်မှုယူ၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း မြဝတီ ကားပွဲစားအသိုင်းအဝိုင်းက ပြောသည်။

“ဒါတွေကို နားလည်မှုတွေနဲ့ပဲ အဆင့်ဆင့်လုပ်တာဖြစ်ပေမယ့် အခုလို ကားမှောက်သွားတော့ အကုန်ပေါ်ကုန်တာပေါ့။ အခု မှောက်သွားတဲ့ကားပေါ်မှာ Honda ဆိုင်ကယ်တွေလည်း ကြားညှပ်ပြီး ပါသေးတယ်။ အခု ကားတွေ ပြန်မရလည်း ကားသွင်းသူအနေနဲ့ ဘာမှဖြစ်မသွားဘူး။ အခုပြဿနာက ဒီလို ထပ်လုပ်လို့မရမှာဘဲ ကြောက်တာ။ ဒီလုပ်ငန်းတွေ ပိတ်ခံရမှာ ကြောက်နေကြတာ။ ဒီလုပ်ငန်းတွေမှာ နအဖ အာဏာပိုင်တွေကိုယ်တိုင် ပါနေတာဆိုတော့ အရေးယူဖို့ကလည်း မလွယ်ဘူးလေ” ဟု မြဝတီမြို့မှ ကားပွဲစားတဦးက ပြောသည်။

ထိုကဲ့သို့ ကားကြီးတိမ်းမှောက်မှုဖြစ်ပွားကာ ကားများအသိမ်းခံရပြီး နောက်ပိုင်းတွင် အလားတူ (၂၀) ဘီးကားဖြင့် ရန်ကုန်သို့ လိုင်စင်မဲ့ကားများ ပို့ဆောင်သည်ကို မတွေ့ရတော့ဘဲ အပစ်ရပ်အဖွဲ့အစည်းများနှင့် နအဖအာဏာပိုင်တို့က တစီးချင်းစီ ကိုယ်တိုင် မောင်းပို့မှုများသာ တွေ့ရကြောင်း အခြားကားပွဲစားတဦးက ပြောသည်။

၎င်းက “အဲဒီလို ဘီး (၂၀) ကားကြီးနဲ့ အလုံးအရင်း ပို့မယ်ဆိုရင် မြဝတီ-ရန်ကုန် တလျှောက်မှာရှိတဲ့ ဂိတ်ကြီးတွေဖြစ်တဲ့ မြ၀တီစီးပွားရေးဇုန်က စုပေါင်းဂိတ်၊ သင်္ကန်းညီနောင်အလွန် နအဖစစ်တပ်ဂိတ်၊ ဘားအံတံတား (သံလွင်) ဂိတ်နဲ့ ဘုရားကြီးဂိတ် ခေါ် ဝေါ်ဂိတ်တွေကို ကျပ် (၅) သိန်းစီပေးရပြီး ကျန်တဲ့ဂိတ်အသေးတွေကို (၁) သိန်းစီပေးရလို့ တွက်ခြေကိုက်ပြီး စရိတ်စကလည်း သက်သာတယ်လေ” ဟု ရှင်းပြသည်။

ဂျပန်အကျနှင့် သက်တမ်းကုန်ဆုံးသည့် ထိုင်းနိုင်ငံထုတ် ကားများကို ဒီကေဘီအေအဖွဲ့က ထိုင်းနိုင်ငံ တဖက်ကမ်း မဲဆောက်မြို့မှ မြဝတီ မြန်မာဘက်ကမ်းသို့ရောက်ရန် တာဝန်ယူပြီး တဆင့်ရောင်းချကာ ရန်ကုန်သို့ တင်သွင်းနေခြင်း ဖြစ်သည်။

နယ်စက်မှုဇုန်တွင် လိုင်စင်မဲ့ကားထုတ်လုပ်မှုပိတ်ပင်
ရန်ကုန်စက်မှုဇုန်တွင် ကားဝယ်ယူမှု ရှိနေဆဲ
ဝီရ

ပြည်နယ်နှင့်တိုင်းရှိ စက်မှုဇုန်များတွင် တရားမဝင် လိုင်စင်မဲ့ကားများ အသွင်ပြောင်းထုတ်လုပ်နေခြင်းကို စစ်အစိုးရက ခွင့်မပြုတော့ကြောင်း တရားဝင်ကြေညာထားသော်လည်း မြဝတီနယ်စပ်မှ ဝင်ရောက်လာသည့် လိုင်စင်မဲ့ကားများကို ရန်ကုန်ရှိ စက်မှုဇုန်များက ဝယ်ယူလျက်ရှိကြောင်း ကားပွဲစားများက ပြောသည်။

“မော်လမြိုင် စက်မှုဇုန်က အခုမဝယ်တော့ဘူး။ ရန်ကုန်စက်မှုဇုန်တွေပဲ အဖွဲ့အစည်း နာမည်ခံတွေက စက်မှုဇုန်နဲ့ နားလည်မှုယူပြီး ဝယ်နေတုန်းပဲ။ ဒီကားတွေကို စက်နဲ့ကိုယ်ထည် နံပါတ်ရိုက်ပြီး အရောင်ပြောင်း၊ ကိုယ်ထည် နည်းနည်းချိုးလိုက်ရင် လိုင်စင်အပြီး သိန်း (၃၀၀) အထက် ဈေးပေါက်တယ်လေ။ ဒီလိုအသွင်ပြောင်းထားတဲ့ကားတွေက ဝယ်လက်ကောင်းတယ်လေ။ အဲဒီကြောင့် နားလည်မှုနဲ့ လုပ်ကြတာပေါ့။ အဆင့်ဆင့်ညှိပြီး လုပ်နေတုန်းပဲ” ဟု ကားအရောင်းအဝယ် လုပ်ကိုင်နေသူ အပစ်ရပ်အဖွဲ့ အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။

ယခင်က အလားတူး အသွင်ပြောင်းထုတ်လုပ်သည့် လုပ်ငန်းများကို ပြည်နယ်နှင့် တိုင်းအသီးသီးရှိ စက်မှုဇုန်တို့ကလည်း လုပ်ဆောင်နေခဲ့သော်လည်း ၂၀၀၉ ခုနှစ် စက်တင်ဘာလက လုံးဝခွင့်မပြုတော့ကြောင်း မြန်မာစက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ လိုင်စင်မဲ့ကားများအား ရန်ကုန်စက်မှုဇုန်များတွင် တင်သွင်းရာတွင် အပစ်ရပ်အဖွဲ့အစည်းမှ အရာရှိများသာမက စစ်အစိုးရ အာဏာပိုင်တို့ကလည်း တိုက်ရိုက်ပတ်သတ်မှု ရှိကြောင်းနှင့် ရန်ကုန်ရှိ လှိုင်စက်မှုဇုန်နှင့် ဥဿာစက်မှုဇုန်တို့က အများဆုံးတင်သွင်းကြကြောင်း ဒီကေဘီအေ အရာရှိတဦးက ပြောသည်။

မြဝတီမြို့တွင် သိန်း (၃၀) ကျပ်နှင့် သိန်း (၆၀) ကျပ်ကြား ဈေးပေါက်သည့် တောင်းအိတ်ခ်ျနှင့် မာတီအိတ်ခ်ျတို့ကိုသာ အပစ်အရပ်အဖွဲ့များက အရောင်းအဝယ်လုပ်ကြသော်လည်း စစ်အစိုးရအာဏာပိုင်တို့က မော်ဒန်မြင့်ကားများကိုသာ တင်သွင်းကြကြောင်း ထိုအရာရှိက ပြောသည်။

“ဒီမြဝတီမှာ ရဲတပ်ဖွဲ့က အရာရှိတွေနာမည်နဲ့ ကားအရောင်းအဝယ်လုပ်နေတာ အများကြီးပေါ့။ ပဲခူးတိုင်း ဝေါ်မြို့အဝင်ဂိတ်က အစစ်အဆေးအများဆုံးပဲ။ ဒါပေမယ့် နားလည်မှုနဲ့ ဖြတ်သွားလို့ ရပါတယ်။ မြဝတီကနေ ရန်ကုန်အထိ လမ်းခရီးမှာ ဂိတ်တွေအတွက် (၁၃) သိန်းလောက် ကုန်တယ်” ဟု ၎င်းက ပြောသည်။

ယခုအခါ ရန်ကုန်စက်မှုဇုန်များကသာ လိုင်စင်မဲ့ကားများအား ဝယ်ယူနေသည့်အတွက် အပြိုင်အဆိုင်ရှိနေ၍ တစီးလျှင် အမြတ်ငွေ (၁၀) သိန်းဝန်းကျင်သာ ကျန်ကြောင်း ပွဲစားများက ဆိုသည်။

မြန်မာနိုင်ငံတဝန်းလုံးရှိ စက်မှုဇုန်များသို့ အမှတ် (၁) စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်ခွင့်ပြုထားသော ကားအမျိုးအစားများမှာ လိုက်ထရပ်၊ ဂျစ်နှင့် ဘတ်စ်ကားပုံစံတို့သာဖြစ်ကြောင်း အောက်တိုဘာ (၁၆) ရက် ယနေ့ထုတ် မြန်မာတိုင်း(မ်)ဂျာနယ်တွင် ဖော်ပြထားသည်။

မြဝတီမြို့မှ အခြားဒေသသို့ ရောင်းဝယ်ရန် (သို့မဟုတ်) ကုန်ပစ္စည်း ပို့ဆောင်နေသည့် လိုင်စင်မဲ့ကားများကို လွန်ခဲ့သည့် စက်တင်ဘာလမှစ၍ ကရင်နှင့် မွန်ပြည်နယ်အစပ် ဂျိုင်းတံတား (ဇာသပြင်)အထိသာ သွားခွင့်ပြုပြီး မော်လမြိုင်ဘက်သို့ ဖြတ်ကူးခွင့် ပိတ်ပင်ထားသည်။

စစ်အစိုးရ အာဏာပိုင်တို့က မွန်ပြည်နယ်တွင် လိုင်စင်မဲ့ကားများကို ဖမ်းဆီးနေသော်လည်း ဖမ်းဆီးခံရသည့် ကားအများစုသည် အပစ်ရပ်အဖွဲ့အစည်းတရပ်ရပ်က တာဝန်ခံထားခြင်း (သို့မဟုတ်) ရောင်းဝယ်ထားခြင်း ဖြစ်သည့်အတွက် အများစုမှာ ပြန်လည်ထုတ်ယူ၍ရကြောင်း သိရသည်။

No comments:

Post a Comment