ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, October 5, 2009

မြန်မာခဲပစ်အဖွဲ့ချုပ် (MSF)ဖွဲ့ စည်းရန်လိုပြီလော...ရန်ကုန်ဘောလုံး ပရိသတ် မန္တလေးမှာ အရိုက်ခံရ

ရန်ပိုင် .

ရန်ကုန် ယူနိုက်တက်နှင့် ရတနာပုံ FC ပြိုင်ပွဲနေ့က ရန်ကုန်ဘောလုံး အသင်းကို လိုက်လံအားပေး သူများနှင့် မန္တလေး ပရိသတ်တို့ ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁ ရက်နေ့က ကျင်းပခဲ့သော ယင်း ပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်မှ ဘောလုံးသမား မျိုးမင်းထွန်း၏ ဘောလုံးဖျက်ထုတ်မှုကို ကြမ်းသည်ဆိုပြီး ဒိုင်လူကြီးက ပြစ်ဒဏ်ဘော ပေးရာ ရန်ကုန်ပရိသတ်က အော်ဟစ် ဆူပူခဲ့သည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်ခဲ့ပြီးနောက် ပရိသတ်အချင်းချင်း ဆက်လက် ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ရန်ကုန်ယူနိုက်တက် ပရိသတ်တဦးက ပြောသည်။


ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်းတို့ ဇူလိုင်လတွင် အကြိတ်အနယ် ယှဉ်ပြိုင်နေပုံ (ဓာတ်ပုံ - ရိုက်တာ)
“ရန်ကုန်ပရိသတ်ဆူတော့ ရဲရောက်လာပြီး တုတ်နဲ့ဝင်ရိုက်တယ်၊ ပြီးတော့ဖမ်းသွားတယ်” ဟု ၎င်းကပြောသည်။

ရန်ကုန်မှ လာရောက်အားပေးခဲ့ပြီး အဖမ်းခံခဲ့ရသူသည် မြန်မာဘောလုံးအဖွဲ့ချုပ် (MFF) ဥက္ကဋ္ဌ ဦးဇော်ဇော်က အာဏာပိုင်များကို ဆက်သွယ်ညှိနှိုင်းပြီးနောက် ပြန်လွတ်လာကြောင်း သိရသည်။

“ဦးဇော်ဇော်က သူ့ကို ငါးသောင်းပေးလိုက်တယ်၊ အင်္ကျီ တထည်လည်း ၀ယ်ပေးလိုက်တယ်” ဟု အဖမ်းခံရသူနှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။

ရန်ကုန်ယူနိုက်တက် ပရိသတ်များ တင်ဆောင်ပြီး မန္တလေးဘူတာကြီးသို့ ထွက်ခွာလာသည့် ရွှေမန်းမေ ယာဉ်တန်း ကိုလည်း ရတနာပုံ FC ကို အားပေးသည့် မန္တလေး ပရိသတ်များက နောက်မှလိုက်လံ တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

“ဆိုင်ကယ်တစီးမှာ လူ ၃ ယောက်စီ စီးလာပြီး လူ ၂၀လောက် နောက်ကလိုက်လာတယ်၊ မီးနီတဲ့အချိန်မှာ ဝိုင်းချကြတာ” ဟု ၎င်းကပြောသည်။

ထို့အပြင် ရန်ကုန်ယူနိုက်တက် ပရိသတ် လိုက်ပါလာသည့် ရန်ကုန် - မန္တလေး အထူးအမြန်ရထားကိုပါ လေးခွများ ခဲများဖြင့် ပစ်ခတ်ခဲ့သေးသည်ဟု သိရသည်။

ထိုသို့ ခိုက်ရန်ဖြစ်ပွားခဲ့သည့်အတွက် လူ ၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၃ ဦးမှာ ဒဏ်ရာ ပြင်းထန်သဖြင့် မန္တလေး ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေကြောင်းနှင့် ကား ၁၃ စီး ပျက်စီးသွားကြောင်း သိရသည်။

ယခုအခါ မီးရထားကို ခဲနှင့် ပေါက်သူ ၃ ဦးနှင့် ကားကို ခဲနှင့်ပေါက်သူ ၁ ဦးအား ဖမ်းဆီးရမိထားပြီး တရားဥပဒေအတိုင်း အရေးယူစေရန် ဆောင်ရွက်သွားမည်ဟု ရန်ကုန်ယူနိုက်တက် အသင်း ၀က်ဘ်ဆိုက် တွင်ဖော်ပြထားသည်။

ရန်ကုန်ယူနိုက်တက် အသင်းပိုင်ရှင် ဦးတေဇ နှင့်နီးစပ်သူတဦးကလည်း “ဥက္ကဋ္ဌကတော့ သက်သေတွေစုပြီး အပြတ် လုပ်ခိုင်း ထားတယ်၊ အထက်အထိ စာတင်ပြီး စံပြဖြစ်အောင် လုပ်မယ်လို့ပြောတယ်” ဟု ဆိုသည်။

ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ FC ကန်သည့်နေ့တွင် လာရောက်ကြည့်ရှုသူ များပြားသောကြောင့် လမ်း ၃၀ မှ ၃၅ လမ်းအထိ ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားခဲ့ကြောင်း မန္တလေးမြို့ခံ တဦးကပြောသည်။

“လုံခြုံရေး အပြည့်ဘဲ၊ စစ်တပ်၊ ရဲ၊ စွမ်းအားရှင် အကုန်ချထားတာ၊ ဒီလောက်များတဲ့ လူအုပ်ကို တုတ်နဲ့ တားတာ လောက်တော့ ဘယ်ရမလဲ၊ ပရိသတ်မှာလည်း လက်နက်ရှိနေတာ” ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်များနှင့် ပတ်သက်၍ မန္တလေးမြို့ရှိ အမှတ် ၈ အောင်မြေသာဇံ ရဲစခန်းနှင့် အမှတ် ၉ ချမ်းအေးသာဇံရဲစခန်း ဆက်သွယ်မေးမြန်းရာတွင် ယင်းရဲစခန်းများက မှန်ကန်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ယင်းဘောလုံးပွဲတွင် ရတနာပုံ FC အသင်းက ရန်ကုန်ယူနိုက်တက်အသင်းကို ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဤသို့ ဘောလုံးအားကစားတွင် ရိုင်းစိုင်းစွာအားမပေးသင့်ကြောင်း၊ မြန်မာဘောလုံးလောက တိုးတက်ရန် ပြုပြင် နေချိန် တွင် ပြဿနာများတခုပြီး တခု တိုးပွားလာခြင်းသည် အလားအလာမကောင်းကြောင်း၊ အားပေးသူ ပရိသတ်များတွင် တာဝန်ရှိပြီး အချိန်မီတားဆီးရန် လိုအပ်ကြောင်း ရန်ကုန်အားကစားဂျာနယ် တစောင်မှ တာဝန်ခံတဦးက သုံးသပ်သည်။

ပြီးခဲ့သည် စက်တင်ဘာ ၂၃ ရက်နေ့က ရတနာပုံ FC နှင့် ဒဲလ်တာယူနိုက်တက် အသင်းတို့ ကစားခဲ့သည့် ပွဲစဉ် ၅ တွင်လည်း ဒိုင်လူကြီး၏ အဆုံးအဖြတ်မှားယွင်းသည် ဟုဆိုကာ မန္တလေးပရိသတ်များက အကြီးအကျယ် ဆူပူခဲ့ကြသည်။

ယင်းကိစ္စကြောင့် ရန်ကုန်ယူနိုက်တက် အသင်းမှ နည်းပြအဖွဲ့နှင့် ဘောလုံးသမားများ၊ ပရိသတ်များက လုံခြုံရေးအတွက် ရတနာပုံအသင်း၏ အိမ်ကွင်းဖြစ်သော ဗထူးကွင်းတွင် မကစားလိုကြောင်း MFF သို့ စာရေးသားတောင်းဆို ခဲ့သော်လည်း ပယ်ချပြီး ကစားစေခဲ့ကြောင်း၊ လုံခြုံရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ ကိုလည်း ပြုလုပ်ထားသည် ဟု ပြန်ကြား ခဲ့ကြောင်း First – Eleven ဂျာနယ်တွင် ဖော်ပြထားသည်။

မန္တလေးတွင် မကျင်းပရေးအတွက် MFF က ပြောဆိုခဲ့သော်လည်း မန္တလေးတိုင်းမှူးက ခိုက်ရန်မဖြစ်ပွားရန် တာဝန်ယူသည် ဟု ဆိုသောကြောင့် ယခုကဲ့သို့ ရန်ကုန် ယူနိုက်တက် နှင့် ပွဲစဉ်ကို ဆက်လက်ကျင်းပခြင်း ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်နှင့် နီးစပ်သူ တဦးက ပြောသည်။

“မန္တလေးက ဘယ်သူလာလာ ချမှာပဲဆိုတဲ့ ပုံစံဖြစ်နေတာ။ ခုဟာက တိုင်းမှူးကိုယ်တိုင်က တာဝန်ယူတယ်လို့ အာမခံပြီး ခုလိုဖြစ်တာ။ ရန်ကုန်ဘက်က မကျေနပ်ကြဘူး” ဟု ၎င်းက ဆိုသည်။

ယခုအခါ မန္တလေးမြို့ရှိ ဗထူးကွင်းတွင် မြန်မာနေရှင်နယ်လိဂ် (MNL) ဘောလုံးပွဲစဉ်များကို မကျင်းပတော့ဘဲ ရန်ကုန်တွင်သာ ကျင်းပ တော့မည်ဖြစ်ကြောင်း၊ ဦးဇော်ဇော်မှာ MFF ဥက္ကဌအဖြစ်မှ နှုတ်ထွက်တော့မည်ဟု အတည်မပြုနိုင်သည့် သတင်းများ ထွက်ပေါ်နေကြောင်း သိရသည်။

MNL ဘောလုံးပွဲစဉ်စုစုပေါင်း ၁၄ ပွဲကို စက်တင်ဘာလ ၆ ရက်နေ့မှ စတင်ကျင်းပခဲ့ရာ ယခုအခါတွင် ပွဲစဉ် ၇ သို့ ရောက်ရှိပြီ ဖြစ်ကြောင်းသိရသည်။

ယင်း ဘောလုံးကလပ်အသင်းများကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများက တည်ထောင်ထားခြင်း ဖြစ်သည်။

No comments:

Post a Comment