ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 27, 2009

ဆန်ကြမ်းဈေး တက်နေဆဲ

မျိုးသိဏ်း
ပုံမှန်အားဖြင့် ဆန်သစ်ပေါ်ချိန်ကာလတွင် ဆန်ဈေးနှုန်းများ ကျဆင်းလေ့ရှိသော်လည်း ယခုနှစ် ဆန်သစ်ဝင်ချိန်တွင် ဆန်ကောင်း၊ ဆန်ချောများသာ ဈေးနှုန်းကျဆင်း၍ ဆန်ကြမ်းများမှာမူ ဈေးနှုန်းမြင့်တက်ဆဲ ဖြစ်ကြောင်း သိရှိရသည်။

လူလတ်တန်းစားနှင့် အခြေခံလူတန်းစားများ အများဆုံး စားသုံးသော ဆန်ကြမ်းများ ဈေးနှုန်းမြင့်မားနေရခြင်းမှာ ယခုနှစ် ပြည်ပဆန်တင်ပို့မှု ပမာဏလျာထားချက် မြင့်မားခြင်းနှင့် ပို့ကုန်ဝယ်လက်ကို မျှော်လင့်၍ ကြိုတင်သိုလှောင်မှု စတင်ပြုလုပ်နေကြခြင်းတို့ကြောင့် ဖြစ်သည်ဟု သိရှိရခြင်း ဖြစ်သည်။

''ဆန်ကြမ်းက အဝင်နည်းတယ်။ ဒီနှစ် တန်ချိန်တသန်းခွဲ လျာထားတော့ တလပိုင်း၊ နှစ်လပိုင်းလောက် အိတ်စပို့ ပြန်ဆွဲမယ့် အချိန်ကို မျှော်နေကြတယ်။ နယ်ကုန်သည်တွေ လှောင်တာကော ကုမ္ပဏီတွေက တိုက်ရိုက် ဆင်းဝယ်ထားတာတွေနဲ့ရော ဆန်ကြမ်းအသစ်က ကုန်တက်ကို နည်းနေတာ'' ဟု ရန်ကုန်မြို့ ကိုင်းတန်းလမ်းရှိ ဆန်စပါးကုန်စည်ဒိုင်မှ ကုန်သည်တဦးက ရှင်းပြသည်။

မြန်မာနိုင်ငံမှ ဆန်တင်ပို့ရာတွင် ပြည်ပဈေးကွက်အကြိုက် အရိုးရှည်ဆန်များကိုသာ တင်ပို့ခြင်းဖြစ်ပြီး ယင်းဆန်များမှာ အခြေခံလူတန်းစားများ အဓိကစားသုံးသော ဧည့်မထ၊ မနောသုခ၊ ဆင်းသွယ်လတ် စသည့် ဆန်ကြမ်းအုပ်စုဝင် ဆန်များဖြစ်သည်။ (ဆန်ကျိုးကြေမှု ၂၅ ရာခိုင်နှုန်းသာ ပါဝင်ခြင်းကြောင့် ၂၅ မှတ်တန် ဆန်ဖြူဟု ခေါ်ဆိုသည်။)

ဆန်သစ် (အချော) များ အများအပြား ဝင်ရောက်လာမှုကြောင့် လက်ကျန်ဆန်ဟောင်း (အချော) များ ဈေးနှုန်းကျဆင်းနေသော်လည်း ကုန်တက်နည်းသည့် ဆန်သစ် (အကြမ်း) နှင့် ဆန်ဟောင်း (အကြမ်း) တို့အကြား ဈေးကွာခြားချက်နည်းပါးကြောင်း သိရသည်။

ဆန်ဟောင်း (အကြမ်း) များမှာ တတင်းခွဲဝင် တအိတ်လျှင် ကျပ် ၁၇၅ဝဝ ခန့် ဈေးရှိနေပြီး ယင်းဈေးနှုန်းမှာ အောက်တိုဘာလဆန်းပိုင်းက ရှိနေခဲ့သော ဈေးနှုန်းအတိုင်း မပြောင်းမလဲ ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။

ဆန်သစ် (အကြမ်း) ဈေးနှုန်းများမှာ ဒေးဒရဲ၊ မော်ကျွန်း၊ ဝါးခယ်မ၊ ကော့မှူး စသော ထွက်ရှိရာဒေသမှ အရည်အသွေးကိုလိုက်၍ ဈေးအနည်းငယ် ကွာခြားမှုရှိနေပြီး တအိတ်လျှင် ကျပ် ၁၄ဝဝဝ မှ ၁၅ဝဝဝ အကြား ရှိနေသည်။

ဆန်သစ်ပေါ်စ အောက်တိုဘာလကုန်ခန့်က တအိတ်လျှင် ၂၆၅ဝဝ ကျပ်ဝန်းကျင် ပုံမှန်ရှိနေခဲ့သော ဖျာပုံ၊ မြောင်းမြ ပေါ်ဆန်းမွှေး (ထိပ်စရှယ်) ဆန်ဟောင်းများမှာ ယမန်နေ့တွင် ကျပ် ၂၃ဝဝဝ မှ ၂၄ဝဝဝ အကြားတွင်သာ ရှိတော့ပြီး ဆန်သစ် (အချော) ပေါ်ဆန်းမွှေးမှာ ကျပ် ၁၉ဝဝဝ မှ ၂ဝဝဝဝ ဝန်းကျင်တွင်သာ ရှိနေသည်ကို တွေ့ရသည်။

“ဆန်သစ်ပေါ်စမှာ ဆန်က အစိုဓာတ် ရှိနေတယ်။ အထားမခံဘူးဆိုတော့ ဆန်ဟောင်းထက် ဈေးနိမ့်တာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီနှစ် အကြမ်းဈေးက တင်းခံနေတော့ အချောနဲ့ အကြမ်းက ဈေးကပ်သွားတယ်။ အိတ်စပို့ကလည်း လျာထားချက်ပြည့်အောင် ဆက်ဆွဲဦးမယ့် အနေအထားရှိနေတော့ ဆန်ကြမ်းဈေးက ကျလာစရာ မမြင်ဘူး။ ဆန်ချောကတော့ ဒီနှစ် ဈေးလျော့မယ့် အနေအထားရှိတယ်။ ဆန်ကြမ်းဈေးတော့ ဇန်နဝါရီ၊ ဖေဖော်ဝါရီ အိတ်စပို့ဆွဲတဲ့အချိန် ဈေးမြင့်ဦးမယ့် အနေအထားရှိတယ်” ဟု ဘုရင့်နောင် ဆန်ပွဲရုံတခုက ဆိုသည်။

ယမန်နှစ်က နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီး၊ စပါးပေါ်ချိန် စပါးဈေးကျဆင်းသည့် ဒဏ်ကိုခံခဲ့ရသည့် ဧရာဝတီတိုင်းမှ လယ်သမားများအဖို့ အနည်းငယ် သက်သာရာရမည့် နှစ်တနှစ်ဖြစ်ကြောင်း နယ်ကုန်သည်များက ဆိုသည်။

''လောလောဆယ် စပါးသစ် အချွန်ဈေး (အကြမ်း) က ၄ သိန်းနီးပါးမှာ ရှိတယ်။ အချွန် (အဟောင်း) က ၄ သိန်းခွဲကျော်ကျော် ရှိနေသေးတယ်။ အချောတွေကတော့ စပါးသစ်က ၄ သိန်းခွဲနဲ့ ၅ သိန်းကြား၊ စပါးဟောင်းက ၆ သိန်းကျော်လောက်အထိ ပေါက်ဈေးရှိတယ်။ လယ်သမားတွေတော့ ဒီနှစ် အသက်ရှူချောင်မယ့် အနေအထား ရှိပါတယ်။ တချို့လယ်သမားတွေကလည်း စပါးရိတ်ပြီး စက်ထဲ တန်းမပို့တာရှိတယ်။ ဈေးများ ပိုကောင်းလာမလားလို့ ချိန်နေကြတာပေါ့'' ဟု ဒေးဒရဲမြို့နယ်မှ ဆန်ကုန်သည်တဦးက ဆိုသည်။

ဧရာဝတီတိုင်း ဒေသအများစုတွင်လည်း ယခုနှစ် စပါးအထွက်နှုန်း ကောင်းမွန်ကြောင်း အများအားဖြင့် တဧက တင်း ၄ဝ မှ ၇ဝ အကြား ထွက်နှုန်းရှိကြောင်း ဒေးဒရဲဆန်ကုန်သည်က ဆိုသည်။

လက်ရှိ ကမ္ဘာ့ဆန်ဈေးနှုန်းမှာလည်း မြင့်တက်လျက် ရှိနေသည်။ နိုဝင်ဘာလလယ်တွင် ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း အမြင့်ဆုံးစံချိန်အဖြစ် ၂၅ မှတ် ဆန်ဖြူတတန်လျှင် အမေရိကန်ဒေါ်လာ ၄၇ဝ ဖြင့် ရောင်းချခဲ့သည်။

မြန်မာနိုင်ငံသည် ၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်အတွင်း နာဂစ်မုန်တိုင်းကြောင့် စပါးအထွက်နှုန်းလျော့ခဲ့ခြင်း၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုဂယက် ရိုက်ခတ်ခြင်းများ ခံခဲ့ရသော်လည်း ပြည်ပသို့ ဆန်စပါး ပိုမိုတင်ပို့မှုတွင် ၂ဝဝ၇-၂ဝဝ၈ ဘဏ္ဍာရေးနှစ်ထက် နှစ်ဆနီးပါးမျှ တိုးမြှင့်ခဲ့သည်။

၂ဝဝ၈-၂ဝဝ၉ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် ၆ သိန်း ၇ သောင်းခန့် တင်ပို့နိုင်ခဲ့ပြီး စုစုပေါင်းတန်ဖိုး အမေရိကန်ဒေါ်လာ ၁၈၅.၃၁ သန်း ရှိခဲ့ကာ၊ ဆန်တတန်လျှင် အမေရိကန်ဒေါ်လာ ၂၈ဝ နီးပါး ပျမ်းမျှ ရရှိခဲ့သည်။

ယခုဘဏ္ဍာရေးနှစ် ၂ဝဝ၉-၂ဝ၁ဝ တွင် ပြည်ပသို့ ဆန်တန်ချိန်တသန်း တင်ပို့ရန် မူလက လျာထားသတ်မှတ်ခဲ့ရာ ဧပြီလမှ သြဂုတ်လကုန်အထိ ၅ လတာ ကာလအတွင်း ဆန်တန်ချိန် ၄ သိန်းကျော် (တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၆ သန်းကျော်) တင်ပို့ခဲ့ပြီးနောက်ပိုင်းတွင် ဆန်တန်ချိန် တသန်းခွဲအထိ ပြောင်းလဲလျာထားခဲ့သည်။

လျာထားချက် ပြည့်မီရေးအတွက် အစိုးရက ဆန်တင်ပို့မှု မူဝါဒကို ပြောင်းလဲသတ်မှတ်ပေးခဲ့သည်။ ယခင်က သတ်မှတ်ထားသော ဆန်ပမာဏ လက်ဝယ်ရှိမှသာ တင်ပို့ခွင့်လိုင်စင် ထုတ်ပေးရာမှ နောက်ပိုင်းတွင် ယင်းကန့်သတ်ချက်ကို ပယ်ဖျက်ပေးခဲ့သည်။

ကမ္ဘာ့ဆန်ဈေးနှုန်း မြင့်မားနေခြင်း၊ တင်ပို့မှုလွယ်ကူခြင်းတို့ကြောင့် လာမည့် ပွင့်လင်းရာသီဖြစ်သော ဘဏ္ဍာရေးနှစ် တတိယ ၄ လပတ်တွင် လျာထားချက်ပြည့်မီအောင် တင်ပို့နိုင်မည်ဟု ယူဆကြောင်း ဆန်တင်ပို့နေသည့် ကုမ္ပဏီတခုက ပြောသည်။

''မြန်မာ့ဆန်ဈေးကတော့ ထိုင်းတို့၊ ဗီယက်နမ်တို့နဲ့ ကွာပါတယ်။ အခုလက်ရှိ တတန်ကို ဒေါ်လာ ၃၄ဝ ဝန်းကျင်လောက် ရနေတယ်။ လာမယ့် နှစ်ဆန်းပိုင်း ပွင့်လင်းရာသီ ရောက်ရင်တော့ ဒီထက် ပိုပို့နိုင်မှာပါ။ လောလောဆယ် မနှစ်က ပမာဏနီးပါး ရှိသွားပြီလို့ ကြားတယ်။ လျာထားချက်တော့ ပြည့်နိုင်မယ် ထင်ပါတယ်'' ဟု ပြည်ပသို့ ဆန်တင်ပို့နေသည့် ယင်းကုမ္ပဏီက ဆိုသည်။

No comments:

Post a Comment