ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 27, 2009

မြ၀တီမြို့မှ လောင်းကစားပွဲကြီး


ရဲရင့်
ယခုနှစ်ပွင့်လင်းရာသီ၏ အကြီးမားဆုံး လောင်းကစားပွဲကို မြ၀တီမြို့ အမှတ် (၃) ရပ်ကွက်ရှိ ဓမ္မရန်အောင် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပနေသည်ဟု လောင်းကစားဒိုင်ကြီးတဦးက ပြောသည်။

၎င်းက “ဒီပွဲက မြ၀တီမှာ အကြီးဆုံးပွဲပဲ။ ကစားဝိုင်းက အကြီးအသေးဝိုင်း (၆၀) လောက်ရှိတယ်။ အကောက်ကတော့ ၀ိုင်းကြီး (၁) သိန်း၊ ၀ိုင်းငယ် (၄) သောင်းယူတယ်။ တညကို အကောက် (၁၅) သိန်းလောက်ရတယ်” ဟု ပြောသည်။

ယခုလ (၁၁) ရက်နေ့က စတင်ဖွင့်လှစ်သည့် လောင်းကစားပွဲကို မြ၀တီခရိုင်အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ကျင်းပခြင်းဖြစ်ပြီး လောင်းကစားပွဲကို ဓမ္မရန်အောင်ဘုန်းတော်ကြီးကျောင်း ရန်ပုံငွေပွဲဟု အမည်ခံကာ ကျင်းပခြင်းဖြစ်သည်။

လောင်းကစားဝိုင်းကြီးကြပ်သည့် အ ဖွဲ့ ဝင်တဦးက “အကောက်က ငါတို့ချည်းပဲရတာမဟုတ်ဘူး၊ မြ၀တီက လူကြီးတွေကိုလည်း ခွဲပေးရတယ်၊ ဘုန်းကြီးကျောင်းကိုလည်း လှူရသေးတယ်။ ဒီလိုမှမလုပ်ရင် ဒီနယ်မှာ ဘာမှလှုပ်ရှားမယ် မကြံနဲ့ ပွဲပြီးသွားမယ်” ဟု ပြောသည်။

ပွဲတော်ကာလအတွင်း ဟန်ပြအနေဖြင့် ညစဉ်ကပြသည့် မော်လမြိုင်မှ ဟိန်းချစ်၊ ချစ်ရာဇာ၊ ချစ်ရဲမင်း၊ ချစ်မင်းသူ စသည့်ဇာတ်အဖွဲ့များကိုလည်း ငှားရကြောင်းနှင့် ဒီကေဘီအေမှ သပိတ်ဝင်အိတ်ဝင် မရကြောင်း၊ အဖွဲ့ရန်ပုံငွေအတွက် လာမည့်လအထိ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့ဝင်က ပြောသည်။

လောင်းကစားပွဲသို့ ညစဉ် လူထောင်ချီလာရောက် ကစားကြသဖြင့် ရပ်ကွက်တခုလုံး ဆူညံနေကာ လောင်းကစားဝိုင်းတို့တွင် လည်း ထိုးသားများကိုမြူဆွယ်ရန် ပြည့်တန်ဆာများပါရှိပြီး ရပ်ကွက်အတွင်း ဥဒဟိုဝင်ထွက်သွားလာနေမှုကြောင့် မှောင်ရီပျိုးစအချိန်တွင် အမျိုးကောင်းသားသမီးများပင်လျှင် အပြင်မထွက်ရဲကြောင်း၊ မြ၀တီမြို့၏ သီးခြားကမ္ဘာကဲ့သို့ဖြစ်နေသော်လည်း အာဏာပိုင်များက တစုံတရာ အရေးယူမှုမရှိကြောင်း ဒေသခံတဦးက ပြောသည်။

မဲဆောက်မြို့မှ (၃၅) ကီလိုမီတာအကွာရှိ မယ်လမတ်မြို့နယ် ၀မ်းဖာရွာတဖက်ကမ်း မြန်မာဘက်ခြမ်းရှိ စခန်းအနီးတွင် ထိုင်းလုပ်ငန်းရှင်တဦးက နိုင်ငံတကာအဆင့်မီ လောင်းကစားရုံတခုကို လွန်ခဲ့သည့် တလကျော်က ဖွင့်လှစ်ခဲ့ရာ မြန်မာနှင့် ထိုင်းနိုင်ငံသားများ နေ့စဉ်သွားရောက်၍ လောင်းကစားကြသည်ဟု သွားရောက်ခဲ့သူ ထိုင်းလူမျိုးတဦးက ပြောသည်။

အဆိုပါလောင်းကစားရုံတွင် အလုပ်လုပ်ကိုင်ရန် အမျိုးသမီးငယ်များအလိုရှိပြီး လစာကောင်းကောင်းရမည်ဟုဆိုကာ ဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်အတူ ထိုင်းမြန်မာနှစ်ဘာသာဖြင့် ရေးသားထားသည့် စာရွက်များကိုလည်း ဖြန့်ဝေလျှက်ရှိသည်။

No comments:

Post a Comment