ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 27, 2009

ဗီယက်နမ်က မြန်မာတွင် ပိုမို ရင်းနှီးမြှပ်နှံမည်

ကိုထွေး
ဗီယက်နမ်နိုင်ငံ၏ စီးပွားရေး ပြုပြင်ပြောင်းလဲ မှုကြောင့် မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်နိုင်ငံ အဆင့်သာမက လာရောက် ရင်းနှီး မြှပ်နှံရသည့် အဆင့်သို့ ရောက်သွားပြီ ဖြစ်၍ မြန်မာနိုင်ငံ အနေဖြင့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများကို တိုးမြှင့် ဆောင်ရွက်ရန် လိုသည်ဟု စီးပွားရေး ပညာရှင်များက ဆိုသည်။

ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Nguyen Thanh Bien ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံစက်မှုလက်မှု လုပ်ငန်းရှင်များအသင်း (UMFCCI) ဥက္ကဋ္ဌ ဦးဝင်းမြင့် ဦးဆောင်သည့် အဖွဲ့နှင့် ရန်ကုန်တွင် ယမန်နေ့က ဆွေးနွေးခဲ့ကြောင်း အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

စီးပွားရေးနှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေး ကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြပြီး ၂နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး၊ ကိုယ်စားလှယ်များ အပြန်အလှန် စေလွှတ်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ရေးသားထားသည်။

ဗီယက်နမ်နိုင်ငံ အနေဖြင့် အမေရိကန် ဒေါ်လာ ၅သန်းတန်ကြေးရှိ သစ်မာများကို ၂၀၁၀တွင် တင်သွင်း မည်ဖြစ်ကြောင်း သိရသည်။

တရားဝင် ထုတ်ပြန်ထားသော စာရင်းများအရ ၂၀၀၈ ခုနှစ်အတွင်း ဗီယက်နမ်- မြန်မာ ၂နိုင်ငံ ကူးသန်း ရောင်းဝယ်မှုသည် အမေရိကန်ဒေါ်လာ ၁၁၈ သန်းရှိကြောင်းနှင့် ဗီယက်နမ် စီးပွားရေး လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ငါးလုပ်ငန်းနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများတွင် ပိုမိုရင်းနှီး မြှပ်နှံရန် ဆန္ဒရှိသည် ဟုဆိုသည်။

စီးပွားရေး ပညာရှင် တဦးက“ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို ပိုတိုးပြီးတော့ လုပ်ဖို့လိုတယ်လို့ မှတ်ချက် ချလို့ရပါတယ်၊ သူတို့လာပြီး ရင်းနှီးမြှပ်နှံတာကလည်း လယ်ယာစိုက်ပျိုးရေး၊ ရေလုပ်ငန်းတွေ အပေါ်မှာပဲ အခြေခံတယ်ဆိုတော့ ကျနော်တို့ဆီမှာသာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို တိုးတက်အောင် လုပ်နိုင်ခဲ့ရင် ဗီယက်နမ်ရဲ့ ရင်းနှီးမြှပ်နှံမှုတွေ မလိုဘဲနဲ့ ကိုယ့်ပြည်တွင်းမှာ ရှိတဲ့အားနဲ့ ဒါတွေကို တိုးတက်အောင် ကိုယ့် အစွမ်း အစနဲ့ လုပ်နိုင်တဲ့အားတွေရှိပါတယ်၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို စိုက်လိုက်မတ်တတ်မလုပ် သေးတဲ့ အတွက်ကြောင့်မို့လို့ ဗီယက်နမ်ရဲ့ ရင်းနှီး မြှပ်နှံမှုတွေကို မှီခိုရတယ်၊ ကမ်းလှမ်းရယူတဲ့ အခြေအနေ ရောက်နေတယ်ပေါ့” ဟု ဆိုသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေကို စတင်လိုက်သည့် အချိန်တွင် ဗီယက်နမ်နိုင်ငံသည် အမေရိကန်နိုင်ငံ အပါအ၀င် နိုင်ငံတော်တော်များများက စီးပွားရေး ပိတ်ဆို့မှုများကို ခံနေရဆဲဖြစ်ကြောင်း၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ စတင် ဆောင်ရွက်သည့် အခါတွင် ပိတ်ဆို့မှုများကို ကျော်ဖြတ်၍ စီးပွားရေးကို ဦးမော့ စေရန် ဆောင် ရွက်နိုင်ခဲ့ကြောင်း၊သို့သော်လည်း မြန်မာပြည် အနေဖြင့် စီးပွားရေး ပိတ်ဆို့မှုများကြောင့် မတိုးတက်ခြင်းဖြစ်သည်ဟု ပြောဆိုမှုများရှိခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“စီးပွားရေးပိတ်ဆို့မှု တခုတည်းကိုသာ မှုတည်တာ မဟုတ်ဘူး အဓိကကတော့ စီးပွားရေး ပြုပြင် ပြောင်း လဲမှုတွေကို ဘယ်လို လုပ်မလဲဆိုတဲ့ မဟာဗျူဟာနဲ့ ဒါကို ဘယ်လို စိုက်လိုက်မတ်တပ် လုပ်မလဲဆိုတဲ့ နိုင်ငံရေး ဆုံး ဖြတ်ချက်ရှိတဲ့ အပေါ်မှာလည်း မှုတည်ပါတယ်” ဟု ယင်း စီးပွားရေးပညာရှင်က ဆိုသည်။

ဗီယက်နမ်- မြန်မာကုန်စည်ပြပွဲကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၁၉ ရက်နေ့က ကျင်းပခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ တက်ရောက်ခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံသည် ဗီယက်နမ်သို့ သစ်တောထွက် ပစ္စည်းများကို အဓိက တင်ပို့လျက်ရှိပြီး၊ စိုက်ပျိုးရေးနှင့် ရေထွက် ပစ္စည်းများကိုလည်း တင်ပို့လျက်ရှိသည်။

ဗီယက်နမ်နိုင်ငံ အနေဖြင့်လည်း မြန်မာပြည်တွင်းသို့ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ ဓာတုဗေဒနှင့် သက်ဆိုင်သော ပစ္စည်းများ၊ ကွန်ပျူတာနှင့် သက်ဆိုင်သော ပစ္စည်းများ၊ ပလတ်စတစ်၊ အလှကုန်နှင့် အင်ဂျင်ဝိုင်များကို ပြန်လည် တင်သွင်းလျက်ရှိသည်။

No comments:

Post a Comment