ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 27, 2009

အရက်ကြော်ငြာ ပိတ်ပင်ခြင်းကြောင့် ပုံနှိပ်မီဒီယာ ရပ်တည်ရေး ထိခိုက်နိုင်

ဝီရ
ပြည်တွင်း ပုံနှိပ်မီဒီယာများအား အရက်ကြော်ငြာ ထည့်သွင်းခွင့် တားမြစ်လိုက်ပါက မီဒီယာလုပ်ငန်း ဆက်လက်ရပ်တည်ရေးအတွက် အခက်အခဲများစွာဖြင့် ရင်ဆိုင်ရနိုင်ကြောင်း စာနယ်ဇင်းထုတ်ဝေ လုပ်ကိုင်သူများက ပြောသည်။

လစဉ်ထုတ်မဂ္ဂဇင်း လက်ထောက်အယ်ဒီတာတဦးက “မီဒီယာတွေကို စစ်အစိုးရက ရန်သူလိုသဘောထားပြီး အရက်ကုမ္ပဏီတွေကိုတော့ ဒိုနာ (အလှူရှင်) တွေ၊ မိတ်ဆွေတွေလို ဆက်ဆံနေတာကိုက မှားနေတာ။ ဒီလိုလုပ်လိုက်ရင် မီဒီယာတွေ အထိနာမှန်းသိလို့ လုပ်တာဖြစ်တယ်။ မီဒီယာတွေ ရှေ့ဆက်ရပ်တည်နိုင်ဖို့ အခက်အခဲ အများကြီးဖြစ်လာမယ်” ဟု ပြောကြားသည်။

လူငယ်တို့အား မှားယွင်းစေသည့် အသိအမြင်များ မရရှိစေရန်ဟုဆိုကာ လာမည့် ၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ (၁) ရက်မှစ၍ ဂျာနယ်၊ မဂ္ဂဇင်း၊ စာအုပ် စသည့် ပုံနှိပ်မီဒီယာများတွင် အရက်ကြော်ငြာခွင့်ကို ခွင့်မပြုတော့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနက ညွှန်ကြားထားသည်။ ထိုသို့တားမြစ်လိုက်သည့် အကြောင်းကြားစာ လက်ခံရရှိကြောင်း ခံဝန်ချက် လက်မှတ်ထိုးကာ ပြန်ကြားရေးဝန်ကြီးဌာနသို့ ပြန်လည်ပို့ဆောင်လိုက်ပြီဟု အဆိုပါလက်ထောက် အယ်ဒီတာက ပြောသည်။

ပုံနှိပ်လုပ်ငန်းအားလုံးတွင် အရက်ကြော်ငြာ ပိတ်ပင်သည်ဆိုသော်လည်း အရက်ကြော်ငြာ ပြက္ခဒိန်၊ ပိုစတာများကိုမူ ဆက်လက် ခွင့်ပြုထား၍ ပြန်ကြားရေးဝန်ကြီးက မီဒီယာလုပ်ငန်းကိုသာ ဖိနှိပ်ချင်၍ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကြော်ငြာဝန်ဆောင်ခသည် ၎င်းဂျာနယ်၏ ရောင်းရစောင်ရေအပေါ် မူတည်၍ ပေးဆောင်ကြခြင်းဖြစ်၍ ယင်းကဲ့သို့ ပိတ်လိုက်လျှင် ဘဏ္ဍာရေးအခက်အခဲ ပြေလည်ရန် ဂျာနယ်ဈေးနှုန်း မြှင့်ခြင်း သို့မဟုတ် စောင်ရေ ထပ်မံလျော့ချရမည့် အခြေအနေ ရှိနေကြောင်း အပတ်စဉ်ထုတ် ပြည်တွင်းဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

၎င်းက “ကြော်ငြာတွေထဲမှာ ဆေးဝါးတွေ၊ အလှကုန်၊ အစားအစာ စတဲ့ ကုန်ပစ္စည်းကြော်ငြာရယ်၊ အရက်ကြော်ငြာရယ် (၂) မျိုးပဲ ရှိတယ်။ ဒီထဲမှာ ဝင်ငွေအများဆုံး ရနိုင်တာ အရက်ကြော်ငြာပဲ။ ဒါကို ထည့်ခွင့်မပေးတော့ဘူးဆိုရင် ဂျာနယ်တဝက်လောက် ပျောက်သွားနိုင်တယ်။ အခု ကျနော်တို့ဂျာနယ်ရဲ့ အပတ်စဉ်ရောင်းအားက (၁) သောင်းကျော်ပဲ ရှိတယ်။ ကျနော်တို့ဂျာနယ်လို ရောင်းအားမရှိတဲ့ဂျာနယ်တွေ ဆက်ရပ်တည်ဖို့ မလွယ်တော့ဘူး။ ဂျာနယ်ဈေးနှုန်း ဆက်မြှင့်မလား ဒါမှမဟုတ် စောင်ရေ ထပ်လျော့မလား ဒါပဲရှိတယ်” ဟု ပြောသည်။

ပြည်တွင်းထုတ်ဂျာနယ်တို့၏ ရပ်တည်ရေးသည် ကြော်ငြာဝန်ဆောင်မှုလုပ်ငန်း၌ (၃၀-၅၀) ရာခိုင်နှုန်းအထိ မှီခိုနေကြရပြီး ၎င်းတို့အနက် အရက်ကြော်ငြာကို အားထားနေကြရကြောင်း သိရသည်။

အဆိုပါ ဂျာနယ်အယ်ဒီတာက “အခုပိတ်လိုက်တာက တလွဲစီ ဖြစ်နေတယ်။ အစိုးရတရပ်အနေနဲ့ တကယ်လုပ်သင့်တာက လူငယ်တွေရဲ့ ကောင်းကျိုးအတွက် လုပ်ချင်ရင် အရက်ထုတ်လုပ်တာကို ကန့်သတ်လိုက်ပေါ့။ ပြည်တွင်းမှာ ပုဂ္ဂလိကပိုင် အရက်ချက်စက်ရုံ (၂၀၀) ကျော်ရှိတယ်။ အဲဒီဘက်အပိုင်းမှာ စံနှုန်းစစ်ဆေးတာတောင် မလုပ်ဘဲ ထုတ်ခွင့်ပါမစ်တွေကို လွယ်လွယ်ကူကူပေးပြီး အားကစားပွဲတွေမှာ စပွန်ဆာလုပ်ခိုင်းတာက လူငယ်တွေရဲ့ မြင်ကွင်းမှာ အဓိက ပိုဖြစ်တယ်။ ဒါကို ပိတ်သင့်တာ” ဟု ပြောကြားသည်။

အရက်လုပ်ငန်းရှင်တို့အနေဖြင့် ပုံနှိပ်မီဒီယာတွင် ၎င်းတို့ထုတ်ကုန်ကြော်ငြာခွင့် ပိတ်လိုက်သည့်အပေါ် တစုံတရာ ထိခိုက်နစ်နာစေမှု ရှိမည်မဟုတ်ကြောင်းနှင့် ကြော်ငြာလမ်းကြောင်းအသစ်အနေဖြင့် စင်ပေါ်ဖျော်ဖြေရေးများ ပြုလုပ်ကာ ဗီစီဒီ သီချင်းခွေထုတ်ခြင်းဖြင့် ၎င်းတို့၏ တံဆိပ်ကို အပြည့်အဝ ကြော်ငြာနိုင်သည့် နည်းလမ်းများဖြင့် စတင်နေကြပြီဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ဆက်လက်ပြောကြားသည်။

ရန်ကုန်နှင့် မန္တလေးမြို့ထုတ် ဂျာနယ်ထုတ်လုပ်ခွင့်လိုင်စင် ရထားသူ (၂၀၀) ခန့်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန စာရင်းဇယားအရ သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဆေးလိပ်နှင့် အရက်ကြော်ငြာဘီလ်ဘုတ်ကြီးများ တင်ခြင်းကို ၂၀၀၆ ခု ဒီဇင်ဘာလတွင် သက်ဆိုင်ရာ အာဏာပိုင်တို့က စတင်တားမြစ်ခဲ့သည်။

No comments:

Post a Comment