ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 20, 2009

မြ၀တီ စီးပွားရေးဇုန် ညွှန်ကြားရေးမှူး လာဘ်စားမှုဖြင့် ခုံရုံးဖွဲ့စစ်ဆေးခံနေရ

ဘစောတင်
.ကရင်ပြည်နယ် မြ၀တီ စီးပွားရေး အထူးဇုန်မှ ညွှန်ကြားရေးမှူး ဦးအောင်စိုးသိန်းကို ပြည်ပမှ တရားမ၀င် သွင်းလာသော မြေတူးကားများနှင့် ပတ်သက်ပြီး အာဏာပိုင်များက ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့မှ စတင်၍ ခုံရုံးဖွဲ့  စစ်ဆေးမှု ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ယခု လဆန်းပိုင်းက မြ၀တီမှတဆင့် ထိုင်းနိုင်ငံဘက်မှတင်သွင်းလာသော တစီးလျှင် ကျပ် သိန်း ၁၃၀၀ ၀န်း ကျင် ကာလတန်ဖိုးရှိ မြေတူးကားနှစ်စီးအား ဘားအံမြို့အနီး နောင်းလုံတောင်ကြား သံလွင်မြစ်ကူးတံတား တွင် ဖမ်းဆီးရမိသည့်အတွက် ယခုကဲ့သို့ ဦးအောင်စိုးသိန်းကို စစ်ဆေးနေခြင်းဖြစ်သည်ဟု အာဏာပိုင်များ နှင့် နီးစပ်သူတဦးက ပြောသည်။

“ထိုင်းနိုင်ငံကတဆင့် ခိုးဝင်လာတဲ့ ဒီမြေတူးကားနှစ်စီးကို ကရင်ပြည်နယ် ပြည်နယ် ဒုစရိုက်နှိမ်နင်း ရေးအဖွဲ့  က ဖမ်းဆီးလိုက်ရာကနေပြီး ပြဿနာစတက်လာတာ၊ တကယ်တော့ ဒီမြေတူး ကားတွေကို ရန်ကုန်က လူ ကြီးသားသမီးတွေပိုင်တဲ့ ကုမ္ပဏီတွေမှာ သုံးဖို့ ခိုးသွင်းတာ၊ ဒါကြောင့် ဒီညွှန်မှူးက တစီးကို ကျပ် ၅ သိန်း စီ ယူပြီး ခွင့်ပြုခဲ့တယ်၊ လမ်းမှာ အစစ်အဆေးရှိရင် အထူးဇုန်မှာ အသုံးမလိုတော့လို့ ရန်ကုန်ကို ပြန်ပို့ တာလို့ ပြောခိုင်းတယ်၊ ဒါကြောင့် အခု သူ့ ကိုအရင်စစ်နေတာ”ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံထားရသော မြေတူးကားများနှင့်ပတ်သက်ပြီး ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်မြင့် ကို မြ၀တီမြို့ခံတဦးက တိုင်ကြားမှုရှိသည့်အတွက် ရဲမှူးကြီးကျော်မြင့်က ပြည်နယ် ဒုစရိုက် နှိမ်နင်းရေး ရဲတပ်ဖွဲ့  မှ ဒုရဲမှူး ၀င်းနိုင် နှင့် ဒုရဲမှူး ၀င်းမြင့်တို့ အား ဖမ်းဆီးခိုင်းခဲ့ခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ယခုဖြစ်ပွားသော အမှုတွင် စစ်တပ်အရာရှိကြီးများလည်း ပါဝင်ပတ်သက်နေကြောင်း ဘားအံခရိုင် ရဲတပ်ဖွဲ့မှ အမည်မဖော်လိုသူ ရဲ အရာရှိ တဦးက ပြောသည်။

“ဒါပေမယ့် အခုဟာက ပြည်နယ်ရဲတပ်ဖွဲ့မှူးက ပြည်ထဲရေးဝန်ကြီးဆီကို တင်လိုက်တော့ မဖမ်းလို့ မရတော့ ဘူး၊ ၀န်ကြီးကလည်း လက်တဆုံးနှိုက်ကွာလို့မှတ်ချက်ပေးထားတယ်၊ ဒါကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး မီးခိုး ကြွက်လျှောက် ဖြစ်ဦးမယ်”ဟု အထက်ပါ ရဲ အရာရှိက ဆိုသည်။

အဆိုပါ မြေတူးကားများကို နံပါတ်ပြားအတုများတပ်ဆင်ကာ မောင်းနှင်လာခဲ့ခြင်းဖြစ်သည်ဟုလည်း သိရ သည်။

မြေတူးကားတစီးပေါ်တွင် တွေ့ ရှိရသော ကားနံပါတ်မှာ ၉ခ/ ၇၅၁၆ ဖြစ်၍ Soon- Tin ၀၆၇၂၂၂၈၁ ဟု လည်း ရေးသားဖော်ပြထားပြီး ကား၂ စီးစလုံး CATERPILLAR အမျိုးအစား ဖြစ်ကြောင်း သိရသည်။

ယခုအမှုတွင် ရဲဝန်ထမ်းအဆင့်ဆင့်နှင့် စစ်ဘက်ဆိုင်ရာ အကြီးအကဲများလည်း ပါဝင်ပတ်သက် နေသော ကြောင့် ဆက်လက် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်း အာဏာပိုင်များနှင့် နီးစပ်သူက ဆိုသည်။

No comments:

Post a Comment