ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 20, 2009

ကျပ် (၅) ထောင်တန်များ ရွေးကောက်ပွဲကာလအတွက် လျာထား

ရဲရင့်
မြန်မာငွေ ကျပ် (၅) ထောင်တန်များ ပြည်တွင်းဈေးကွက်တို့တွင် သုံးစွဲလည်ပတ်မှု မရှိသလောက်ရှားပါးရခြင်းမှာ မြန်မာစစ်အစိုးရက ၎င်းတို့အာဏာတည်မြဲရေးအတွက် အသုံးချရန် လာမည့်ရွေးကောက်ပွဲကာလတွင်မှ အလုံးအရင်းဖြင့် ထုတ်ဝေရန်ရှိသည်ဟု မြန်မာ့စီးပွားရေးဘဏ်မှ တိုင်းအဆင့် အရာရှိတဦးက ပြောသည်။

၎င်းက “ကျပ် (၅) ထောင်တန် သုံးစွဲလည်ပတ်မှု မရှိသလောက်ဖြစ်နေတာကို ဗဟိုဘဏ်က အရာရှိတွေဆီကနေ တဆင့်သိရတာက လာမယ့် ၂၀၁၀ ရွေးကောက်ပွဲကျရင် သူ့တို့ကိုထောက်ခံတဲ့အဖွဲ့တွေကို မဲဆွယ်တဲ့အချိန်ကြရင် အလုံးအရင်းနဲ့ ထုတ်သုံးမှာဖြစ်တဲ့အတွက် ဒီအရွက်ကြီးတွေကို လက်ရှိမှာ ဟန်ပြလောက်ပဲ ထုတ်ပေးတာ” ဟု ပြောသည်။

ဘဏ်များတွင် ကျပ်သိန်း (၁၀၀) ထုတ်ယူပါက (၅) ထောင်တန်ကို (၅) မှ (၁၀) ရာခိုင်နှုန်းအထိသာ ထုတ်ပေးပြီး ကထိန်ပွဲတွင် ပဒေသာပင်သီးရန်အတွက်ပင် လဲလှယ်ခွင့်မပြုကြောင်း အဆိုပါအရာရှိက ပြောသည်။

ဘားအံမြို့မဈေးကြီးမှ ဆိုင်ပိုင်ရှင်တဦးက “ဘားအံမှာလည်း (၅) ထောင်တန်က မရှိသလောက်ဘဲ။ တောဘက်ကလူတွေဆိုရင် အထူးအဆန်းလို လိုက်ကြည့်ကြတယ်။ ဘဏ်မှာလည်းမရှိဘူး၊ (၁၀) သိန်းလောက်သွားထုတ်မှ (၂) ရွက်လောက်ပါတာ။ လူတွေက မသုံးရဲတာ မဟုတ်ဘူး၊ ရှိကိုမရှိတာ” ဟု ပြောသည်။

ကရင်ပြည်နယ်မှ ပြည်နယ်အဆင့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အဖွဲ့ဝင်တဦးက လာမည့်ရွေးကောက်ပွဲအတွက် လိုအပ်သည့် ငွေကြေးကဏ္ဍကို နိုင်ငံတော်မှ ကူညီရန်အစီအစဉ်များ ချမှတ်ထားပြီးဖြစ်သည်ဟု ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြ၀တီမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် မွေးမြူရေးနှင့်ရေလုပ်ငန်းဘဏ်တို့တွင်လည်း (၅) ထောင်တန်များ မရှိသလောက်ပင် ဖြစ်သည်ဟု ဒေသခံကုန်သည်တဦးက ပြောသည်။

မြ၀တီတဖက်ကမ်း မဲဆောက်တွင် ယနေ့မြန်မာငွေဈေးမှာ ကျပ် (၁၀၀) လျှင် ထိုင်းငွေ (၃.၄၁) ဘတ်ဖြစ်ပြီး (၂) နှစ်တာ ကာလအတွင်း အမြင့်မားဆုံးဖြစ်သည်။ ယခင်နှစ်ဆန်းပိုင်းက မြန်မာငွေဈေးမှာ ကျပ် (၁၀၀) လျှင် (၂.၅၀) ဘတ်ဖြစ်သည်။

ယခုကဲ့သို့ မြန်မာငွေဈေး အဆမတန်မြင့်တက်လာခြင်းသည် မြန်မာ့စီးပွားရေး တိုးတက်မြင့်မားလာခြင်းမဟုတ်ဘဲ ပုံမှန်အားဖြင့် နိုဝင်ဘာလဆန်းသည် မြန်မာနိုင်ငံတွင် ဘိန်းထွက်သည့် ကာလဖြစ်သောကြောင့် ဘိန်းကုန်သည်များသည် ဘိန်းစိုက်တောင်သူ များကို ဘိန်းဖိုးငွေရှင်းရန်အတွက် သန်းပေါင်းများစွာ လိုအပ်သည့် မြန်မာငွေများကို လိုက်လံဝယ်ယူမှုများကြောင့် ဖြစ်သည်ဟု လေ့လာသူများက ပြောသည်။

No comments:

Post a Comment