ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, November 23, 2009

ရန်ကုန် ဆင်ခြေဖုံးမြို့နယ်များတွင် မြွေအန္တရာယ် စိုးရိမ်နေရ မြွေအာမခံကို ၂၀၀၅ ခုနှစ်မှာ မကွေးတိုင်းမှစ တနှစ်စာ ပရီမီယံကြေးက( ၅၀၀)ကျပ်

မေကျော်
ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများနှင့် မြို့သစ်များတွင် မြွေဆိုးအန္တရာယ် စိုးရိမ်လာရကြောင်း ဒေသခံများက ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ လူနေကျဲပါးသည့် မြို့သစ်များဖြစ်သော တောင်ဒဂုံ၊ မြောက်ဒဂုံ၊ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံဆိပ်ကမ်းမြို့သစ်တို့တွင် နာဂစ်ပြီးနောက်ပိုင်း မြွေဟောက်၊ မြွေပွေးကိုက်ခံရသဖြင့် ရောက်လာသည့်လူနာများအား ခပ်စိပ်စိပ် ကြုံတွေ့လာရသည်ဟု ရန်ကုန်တိုင်းလက်အောက်ရှိ ကျန်းမာရေးဌာမှ ဆရာဝန်များက ပြောသည်။

“ဟိုတနေ့ကပဲ မြောက်ဒဂုံက ဈေးရောင်းပြန်တဲ့တယောက် မြွေကိုက်တာကို မြွေကိုက်မှန်းမသိလို့ ပရုတ်ဆီလိမ်းပြီး အိပ်လိုက်တာ။ မသက်သာလို့ ဆေးရုံလာတော့ အသက်မမီတော့ဘူး။ သေတော့မှ သေမှုသေခင်း ဆေးစစ်တော့ မြွေဟောက်ကိုက်တာ” ဟု ကျန်းမာရေးဝန်ထမ်းတဦးက ပြောသည်။

နာဂစ်ပြီးနောက်ပိုင်း မြွေများ ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့လာခြင်းက ဧရာဝတီတိုင်းတွင် ကြွက်များ သောင်းကျန်းလာခြင်းဟု ကောက်ချက်ချနိုင်ကြောင်း၊ ဒီရေတောများ ပြန်လည် စိုက်ပျိုးခြင်းအပြင် ယခု နိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အကျိုးသက်ရောက်မှုများ အစီရင်ခံစာကို အစိုးရက ပြုစုနေကြောင်း National Climate Change Impact Report ပြုစုနေသူ အဖွဲ့ဝင်တဦးက ပြောသည်။

၎င်းက “Climate Change Impact တခုလို့ ပြောလို့ ရတယ်။ နာဂစ်ဒေသတွေနဲ့ အနီးပတ်ဝန်းကျင် ဒေသတွေက ကြွက်တွေ ထလာတယ်။ အခု ရန်ကုန်ထဲမှာက မြွေတွေ ပေါလာတယ်” ဟု ပြောသည်။

မြွေဆိုးအန္တရာယ် နည်းပါးမှုကြောင့် ရန်ကုန်ဒေသခံများအနေဖြင့် မြွေအန္တရာယ် သတိမရှိကြကြောင်း၊ သတိရှိကြရန် လိုအပ်ကြောင်း၊ ဆေးရုံများတွင်မူ မြွေဆိပ်ဖြေဆေး ရှိပါကြောင်း ရန်ကုန်ဆေးရုံကြီး တာဝန်ကျ ဆရာဝန်တဦးက ပြောသည်။

စစ်အစိုးရ၏ လူထုဝန်ဆောင်မှု လုပ်ငန်းများ ညံ့ဖျင်းမှုကြောင့် ပြည်သူလူထုအနေဖြင့် မိမိကိုယ်ကို မည်သို့ကာကွယ်ရမည်ဆိုသည့် အခြေခံဗဟုသုတ နည်းပါးနေပြီး ယခုကိစ္စမျိုးတွင် မြွေအာမခံကဲ့သို့ အာမခံထားရှိနိုင်ခြင်းပင် မသိကြကြောင်း မြန်မာ့အာမခံလုပ်ငန်း ၀န်ထမ်းတဦးက ရှင်းပြသည်။

၎င်းက “ မြွေအာမခံကို ၂၀၀၅ ခုနှစ်မှာ မကွေးတိုင်းကို စလုပ်ခဲ့တာ။ လူတယောက်အတွက် တနှစ်စာ ပရီမီယံကြေးက
(၅၀၀) ကျပ်။ သေရင် ကျပ် (၅) သိန်း။ ကျန်တာ မျက်စိကွယ်တာတို့လိုမျိုးလည်း လျော်တယ်။ နောက် ဆေးကုသစရိတ်လည်း ပေးတယ်။ ရန်ကုန်မှာက ထားတာ မရှိသလောက်ပါဗျာ” ပြောသည်။

No comments:

Post a Comment