ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, November 20, 2009

မြန်မာလိဂ် ၃ နှစ် အခွန်ကင်းလွတ်

ဆလိုင်းဟံသာစန်း
မြန်မာနေရှင်နယ်လိဂ် MNL ကလပ်အသင်းများကို စစ်အစိုးရက ဝင်ငွေခွန် ၃ နှစ်စာ ကင်းလွတ်ခွင့် ချပေးထားကြောင်း ဘောလုံးသတင်း ရပ်ကွက်များအဆိုအရ သိရသည်။

MNL အသင်း ၈ သင်းရှိ ပြည်တွင်းပြည်ပ ကစားသမားများနှင့် နည်းပြများ လစာငွေ၊ အသင်းဝင်ငွေကို ယခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အခွန်ကင်းလွတ်ခွင့်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ချပေးထားခြင်း ဖြစ်သည်။

“ဘောလုံးသမားရော၊ နည်းပြရော၊ အသင်းရောပေါ့။ ၃ နှစ် လုံးဝ အခွန်ဆောင်စရာ မလိုဘူး။ အခွန်ဆောင်ရရင်လည်း မလွယ်ဘူးလေ။ အခုမှ စလုပ်ခါစဆိုတော့” ဟု MNL ကလပ်အသင်းတခုမှ အကြီးတန်း အရာရှိတဦးက ပြောသည်။ ဝင်ငွေခွန်ကင်းလွတ်ခွင့်တွင် ကစားသမားများ၊ နည်းပြများနှင့် ကလပ်အသင်းတို့သာ အကျုံးဝင်ပြီး အသင်းပိုင်ရှင်၏ စီးပွားရေးလုပ်ငန်းများ မပါဝင်ကြောင်း သူက ဆိုသည်။

မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC အသင်းမှ တာဝန်ရှိသူတဦးကလည်း ယခုထိ အသင်းနှင့်ပတ်သက်၍ တစုံတရာ အခွန်ပေးဆောင်ရခြင်း မရှိသေးကြောင်းနှင့် ၎င်းတို့အသင်းမှ ဘောလုံးသမားများနှင့် နည်းပြများကို အခွန်အတွက် ဖြတ်ယူခြင်း မရှိဘဲ လစာငွေအပြည့် ပေးချေနေကြောင်း ပြောသည်။

ယခုနှစ် မေလဆန်းတွင် ကျင်းပသည့် ပထမအကြိမ် MNL ပြိုင်ပွဲ မတိုင်မီ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် MFF က စစ်အစိုးရထံ တင်ပြခဲ့ရာမှ ခွင့်ပြုခဲ့ကြောင်းနှင့် MFF က MNL တာဝန်ရှိသူများကို နှစ်လယ်ပိုင်းတွင် ခေါ်ယူအသိပေးခဲ့သော်လည်း စစ်အစိုးရ ဘဏ္ဍာအခွန်ဌာနက တိုက်ရိုက်ပြောဆိုခြင်း မရှိကြောင်း အကြီးတန်း အရာရှိက ဆက်လက်ပြောဆိုသည်။

MNL အသင်းများကို စစ်အစိုးရနှင့်နီးစပ်သည့် စီးပွားရေးကုမ္ပဏီကြီး ၈ ခုက ပိုင်ဆိုင်ကြသည်။

ထူးကုမ္ပဏီက ရန်ကုန်တိုင်းကိုယ်စားပြု ရန်ကုန် ယူနိုက်တက်၊ လွယ်ဟိန်းကုမ္ပဏီက မန္တလေးတိုင်းကိုယ်စားပြု ရတနာပုံ FC ၊ IBTC ကုမ္ပဏီက ပဲခူးတိုင်းကိုယ်စားပြု ဥဿာ ယူနိုက်တက်၊ ကမ္ဘောဇကုမ္ပဏီက ရှမ်းပြည်နယ် ကိုယ်စားပြု ကမ္ဘောဇ FC ၊ အေးရှားဝေါလ်ကုမ္ပဏီက မကွေးတိုင်းကိုယ်စားပြု မကွေး FC ၊ ယုဇနကုမ္ပဏီက တနင်္သာရီ၊ မွန်နှင့် ကရင် ကိုယ်စားပြု Southern Myanmar ၊ ရွှေနဂါးမင်း ကုမ္ပဏီက စစ်ကိုင်းတိုင်း ကိုယ်စားပြု ဇေယျာရွှေမြေ FC ၊ ပရီးမီးယား ကုမ္ပဏီက ဧရာဝတီတိုင်း ကိုယ်စားပြု Delta United တို့ကို ပိုင်ဆိုင်သည်။

ထူးကုမ္ပဏီပိုင်ရှင် စီးပွားရေးသမားကြီး ဦးတေဇသည် သူ၏ ရန်ကုန် ယူနိုက်တက်အတွက် ကျပ်သိန်း ၅၀၀၀ ဖြင့် မတည်ခဲ့ပြီး သိန်းပေါင်း တသောင်း ထပ်မံ၍ အသုံးပြုသွားဦးမည်ဟု ပြီးခဲ့သည့် ဇူလိုင်လအတွင်း မီဒီယာများကို ပြောဆိုခဲ့သည်။ ထို့အပြင် လက်ရှိ MNL အမှတ်ပေးဇယားတွင် ဦးဆောင်နေသည့် ရတနာပုံ FC ကို ကျပ်သိန်းပေါင်း ၅၀၀၀ အကုန်ကျခံကာ တည်ထောင်ခဲ့ကြောင်း အသင်းတာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောဆိုခဲ့ဖူးသည်။

ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာလဆန်းတွင် ဒုတိယအကြိမ် စတင်ခဲ့သော MNL ပြိုင်ပွဲတွင် ကမ္ဘောဇအသင်းမှအပ ကျန်အသင်းများသည် နိုင်ငံခြားသား ဘောလုံးသမားများ၊ နည်းစနစ် ဒါရိုက်တာများနှင့် နည်းပြများကို အပြိုင်အဆိုင် ခေါ်ယူအသုံးပြုသဖြင့် အသင်းကုန်ကျစရိတ်မှာ ပိုမိုများပြားလာခဲ့သည်။ ရန်ကုန် ယူနိုက်တက်က အင်္ဂလိပ်လူမျိုး နည်းစနစ် ဒါရိုက်တာ Peter James Butler ကို တနှစ်လျှင် ဒေါ်လာ ၉ သောင်း ၆ ထောင် (ကျပ်သိန်းပေါင်း ၉၀၀ ကျော်) ဖြင့် တနှစ်စာချုပ်ဖြင့် ငှားရမ်းခဲ့သည်။

ကုန်ကျစရိတ် ကြီးမားသော်လည်း ဝင်ငွေမှာမူ နည်းပါးလှကြောင်းနှင့် ကွင်းဝင်ကြေး၊ အမှတ်တရပစ္စည်း ရောင်းချရာမှသာ ဝင်ငွေရရှိသဖြင့် ရင်းနှီးမတည်ငွေသည် နောင် ၁၀ နှစ်ခန့်အထိပင် အရင်းပြန်ရရန် မလွယ်ကူကြောင်း ကလပ်အသင်းတခုမှ အမှုဆောင် အရာရှိချုပ်တဦးက ပြောဆိုခဲ့သည်။

ပထမရာသီတွင် ဗိုလ်စွဲခဲ့သော ရတနာပုံ FC သည် ကွင်းဝင်ကြေးအဖြစ် ကျပ်သိန်း ၁၀၀ ကျော်သာ ရရှိခဲ့သည်။
လက်ရှိ အခွန် ဥပေဒေအရ တနှစ်လျှင် ကျပ် တသောင်းနှင့်အထက် ဝင်ငွေရှိသူ မည်သူမဆို ဝင်ငွေခွန်အဖြစ် ၁၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။

No comments:

Post a Comment