ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, December 9, 2009

မျှော်စင်ကျွန်း ဂီတပွဲ ရုန်းရင်းဆန်ခတ်မှုရဲ (၂၀၀) ကျော်ဖြင့် ထိန်းသိမ်းရ

မေကျော်

ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြီးခဲ့သည့် တနင်္ဂနွေနေ့က အဲလက်စ်နှင့် ဟန်ထူးလွင်တို့၏ ရှိုးပွဲအပြီး ရုန်ရင်းဆန်ခတ်ဖြစ်ပွားမှုကို ရဲတပ်သား (၂၀၀) ကျော်ဖြင့် ထိန်းသိမ်းခဲ့ရကြောင်း သိရသည်။

အဲလက်စ်နှင့် ဟန်ထူးလွင်၏ Two Men Show ကို ယခုလ (၇) ရက်နေ့က ကန်တော်ကြီး မျှော်စင်ကျွန်းတွင် ပြုလုပ်ရာ ပွဲသိမ်းချိန်စောသဖြင့် ပန်ခ့်လူငယ်အုပ်စုများ မကျေမနပ်ဖြစ်ကာ စင်ပေါ်သို့ ရေသန့်ဘူးများ၊ အရက်ပုလင်းများ၊ ၀ါးလုံးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲများ လာရောက်ထိန်းသိမ်းခဲ့ရခြင်းဖြစ်သည်။

“လူတယောက်ကို ၀င်ကြေး (၄,၅၀၀)၊ မှောင်ခိုက (၅,၅၀၀)၊ ပွဲစတာ (၆) နာရီဆိုပြီး တကယ်စတော့ (၆) နာရီခွဲမှ။ ပြီးတော့ တယောက်ကို သီချင်း (၁၀) ပုဒ်လောက်စီဆိုပြီး (၁၀) နာရီလောက်မှာ ပွဲပြီးပါပြီဆိုတော့ အားလုံး ဒေါသထွက်ပြီး ထချကြတော့တာ။ ဘယ်စတိတ်ရှိုးပွဲမှ ဒီလိုမဖြစ်ဖူးဘူး” ဟု ရှိုးပွဲသွားရောက်ခဲ့သူက ပြောသည်။

ဂီတရှိုးပွဲများမှာ ညနေ (၆) နာရီမှ ည (၁၁) နာရီခွဲခန့်အထိ ကျင်းပလေ့ရှိပြီး ယခုပွဲက ည (၁၀) နာရီတွင် ပြီးဆုံးသွားခြင်းကြောင့် လူငယ်များ မကျေမနပ် ဖြစ်ခဲ့ကြခြင်းဖြစ်သည်။

မကျေမနပ်ဖြစ်နေသည့် လူငယ်ပရိသတ် (၂,၀၀၀) ကျော်ခန့်က တေးသံရှင် ဟန်ထူးလွင် သီချင်းသီဆိုမှု နည်းသည်ကို အော်ဟစ်ဆဲဆိုပြီး စတိတ်စင် အပါအ၀င် ကန်တော်ကြီး အ၀င်ဝဆိုင်းဘုတ်များကို ဖျက်ဆီးလိုက်ကြသည်။

ရှိုးပွဲလုံခြုံရေး တာဝန်ရှိသူများ ထိန်းသိမ်းမနိုင်သည့် နောက်တွင် ရဲတပ်သား (၂၀၀) ကျော်ဖြင့် လာရောက်ထိန်းသိမ်းပြီး လူငယ်များကို လူစုခွဲခဲ့ရကြောင်း သိရသည်။

“ရဲတွေက မရိုက်ရဲပါဘူး။ လူငယ်တွေက ပြန်ဆော်မှာပေါ့။ အားလုံးက လူကြီး တယောက်မှ မပါဘူး။ ဟန်ထူးလွင် ပရိသတ် တွေချည်းပဲ။ ပန်ခ့်ပရိသတ်တွေ။ အားလုံး အနက်တွေ ၀တ်ထားကြတယ်။ ဆယ်ကျော်သက်တွေ” ဟု ရှိုးပွဲကြည့်သူက ဆိုသည်။

အဆိုပါ ရုန်းရင်းဆန်ခတ်မှု ယင်းနေ့ည (၁၁) နာရီခန့်တွင် ပြီးဆုံးသွားကြောင်း သို့သော် နောက်ထပ် မျှော်စင်ကျွန်း ရှိုးပွဲများကို ခွင့်ပြုမိန့် ကြပ်မတ်လာနိုင်ကြောင်း ဂီတအသိုင်းအ၀ိုင်းက သုံးသပ်သည်။

ကန်တော်ကြီး မျှော်စင်ကျွန်းအတွင်း အပျက်အစီးများကို ပွဲစီစဉ်သူများက ပေးလျော်ရပြီး ရဲတပ်ဖွဲ့ကိုလည်း ရန်ပုံငွေအဖြစ် (၅) သိန်းကျပ် ပေးလိုက်ရကြောင်း သိရသည်။

ယင်းပွဲကို ပီးပေါ်စီစဉ်ပြီး Ginsomin အားဆေးက Sponser ပေးခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment