ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, December 9, 2009

မြန်မာ့ ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့လာ

နိုင်ငံရေး မတည်ငြိမ်မှုနှင့် သဘာဝဘေးဒဏ်များကြောင့် ကျဆင်းခဲ့ရသော မြန်မာ့ ခရီးသွားလုပ်ငန်းသည် ယခုနှစ်တွင် ပြန်လည် ဦးမော့လာသည်ဟု ရန်ကုန်ရှိ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများက တသံတည်း ပြောဆိုလိုက်ကြသည်။

မြန်မာနိုင်ငံသို့ ယခုနှစ် ခရီးသွားရာသီတွင် ကမ္ဘာလှည့်ခရီးသည်များ ပိုမိုလည်ပတ်လာသည့်အပေါ် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများက ထိုကဲ့သို့ ပြောဆိုကြခြင်း ဖြစ်သည်။

“မနှစ်ကဆိုရင် အခန်းပေါင်း ၁၀၀ ကျော်လောက်မှာပဲ ဧည့်အတိုးအလျော့ ဖြစ်တယ်ဗျာ။ ဒီနှစ်တော့ အခန်းလွတ် မရှိတော့လို့ ဧည့်သည်တွေ လက်မခံနိုင်တဲ့ ရက်တွေ တော်တော်များနေပါပြီ။ ရက်ထပ်တိုးမယ် ဆိုရင်တောင် အမြဲတမ်း ဖောက်သည်လောက်ပဲ ခွင့်ပြုတယ်။ အခန်းလွတ်ရယ်လို့ မရှိသလောက်ပဲ” ဟု မင်္ဂလာတောင်ညွန့်ရှိ ကန်တော်ကြီး ပဲလေ့စ်ဟိုတယ်မှ တာဝန်ရှိသူတဦးက ပြောသည်။ ဟိုတယ်တွင် အခန်းပေါင်း ၂၀၈ ခန်းရှိသည်။

ဆီဒိုးနား တာဝန်ရှိသူတဦးက “၂၀၀၇ တုန်းက နိုင်ငံရေး မတည်ငြိမ်တာရယ်၊ ၂ဝဝ၈ မှာ နစ်ဂစ်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာတော့ ဒီ ၂ဝဝ၉ ခုနှစ်က ရန်ကုန်မြို့ရဲ့ ဟိုတယ်လုပ်ငန်းတွေ ပြန်လည် ဦးမော့လာတဲ့ နှစ်လို့တောင် ပြောလို့ရတယ်” ဟု ပြောသည်။

ယခုဟိုတယ်နှစ်ခုကဲ့သို့ပင် ရန်ကုန်မြို့၏ အထင်ကရ ဟိုတယ်ကြီးများဖြစ်သည့် မီးရထား Strand ၊ Chatrium ၊ Traders စသည့် ဟိုတယ်ကြီးများတွင်လည်း တည်းခိုသူ ကမ္ဘာလှည့် ခရီးသည်များ ပြည့်နှက်နေပြီး အခန်းကို ကြိုတင်မှာယူသူများ အများအပြား ရှိနေသည်။

လာရောက်တည်းခိုသူများသည် ထိုင်း၊ ကိုရီးယား၊ မလေးရှား၊ စင်္ကာပူ၊ ဂျပန် စသည့် အာရှနိုင်ငံများမှ ၆ဝ ရာခိုင်နှုန်း၊ ဥရောပနိုင်ငံများမှ ၃၀ ရာခိုင်နှုန်းနှင့် ကျန်နိုင်ငံများမှ ၁၀ ရာခိုင်နှုန်း ခန့်စီရှိကြောင်း သိရသည်။

Chatrium ဟိုတယ်မှ တာဝန်ရှိသူတဦးက ပြီးခဲ့သည့်နှစ်ထက် ခရီးသွားများ တည်းခိုမှုမှာ ၂၀ ရာခိုင်နှုန်းထက်မနည်း တိုးမြင့်လာကြောင်း ပြောသည်။

ကျောက်တံတားမြို့နယ်ရှိ ခရီးသွားကုမ္ပဏီတခုကလည်း ယခုနှစ်ရာသီအတွင်း Package Tour (အုပ်စုလိုက် ခရီးစဉ်) များ မရှိသော်လည်း FIT (Foreign Independent Tour) တဦးချင်း လည်ပတ်သည့် ခရီးစဉ်များ လက်ခံဆောင်ရွက်ပေးနေရကြောင်း ပြောသည်။

ကုမ္ပဏီ တာဝန်ရှိသူတဦးက “အဖွဲ့လိုက် မရှိသေးဘူး။ တဦးချင်းသွားဖို့အတွက်တော့ ဆောင်ရွက်ပေးနေရတာ ၁၀ ဦးလောက် ရှိပြီ။ ဥရောပက ကမ္ဘာလှည့်တွေပါ။ ပုဂံ၊ ညောင်ဦး၊ မန္တလေးဘက်ကို သွားကြတာ များပါတယ်။ မနှစ်ကထက်တော့ ပိုကောင်းလာတယ်။ မနှစ်က ဒီအချိန်ဆို ၅ ဦးတောင် မရသေးဘူး” ဟု ပြောသည်။

မြန်မာ့ခရီးသွားရာသီမှာ မိုးလွန်ကာလ စက်တင်ဘာလမှ မတ်လ အထိဖြစ်ပြီး ပြီးခဲ့သည့်နှစ် ရာသီအတွင်း မြန်မာနိုင်ငံသို့ ဧည့်သည် ၂ သိန်း ၆ သောင်းကျော် ဝင်ရောက်လာခဲ့ပြီး၊ ခရီးသွားလုပ်ငန်းမှ ရရှိသည့် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁၆၅ သန်းရှိကြောင်း မြန်မာ့ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာန ထုတ်ပြန်ချက် စာရင်းအရ သိရသည်။

သို့သော် ကမ္ဘာ့စီးပွားပျက်ကပ်၊ လူတုပ်ကွေးရောဂါနှင့် နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ခြင်းတို့ကြောင့် ခရီးသည်များ လာရောက်မှုသည် ယင်းပမာဏထက် လျော့နည်းကြောင်း ခရီးသွားလုပ်ငန်း အသိုင်းအဝိုင်းက ဆိုသည်။

ဟိုတယ်လုပ်ငန်းသက် ၁၅ နှစ်ခန့်ရှိသည့် မီးရထား Strand ဟိုတယ်မှ ဝန်ထမ်းတဦးက “ခရီးသွားလုပ်ငန်းတွေက ၂၀၀၀ ခုနှစ် နောက်ပိုင်းမှာ တဖြည်းဖြည်း ကောင်းလာတယ်။ ၂၀၀၆ မှာ အကောင်းဆုံး အနေအထား ရောက်ပြီးတော့ ၂၀၀၇-၂၀၀၈ မှာ တော်တော်လေး အခြေအနေ ဆိုးသွားတယ်။ အခု ၂၀၀၉ မှာ ပြန်ပြီး နာလန်ထလာ၊ ခေါင်းထောင်လာတဲ့ အနေအထားပေါ့နော်။ ဒီအခြေအနေအပေါ်မှာ ဝမ်းသာပါတယ်” ဟု ပြောသည်။

“အဓိကကတော့ ထိုင်းမှာဆိုလည်း ရာဇဝတ်မှုပိုင်းတွေ၊ မလေးတို့ အင်ဒိုတို့ ဘက်ကျတော့လည်း ရာသီဥတု ဘေးဒဏ်တွေ ရှိနေတဲ့အခါကျတော့ ဒီမှာလည်း နိုင်ငံရေး ငြိမ်လာတော့ မြန်မာ့ယဉ်ကျေးမှုကို သူတို့က နှစ်ခြိုက်ကြတဲ့အတွက် ဒီနှစ် ခရီးသွား ပိုများလာတယ်လို့ ကျမထင်တယ်” ဟု ဆီဒိုးနားဟိုတယ်မှ တာဝန်ရှိသူက ပြောဆိုသည်။

(ရဲရင့်အောင် တည်းဖြတ်သည်။)

No comments:

Post a Comment