ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, December 9, 2009

ငြိမ်းချမ်းရေးကို လက်နက်ဖြင့်ကာကွယ်မည့် မူကို ဝ' တပ်က အောက်ခြေကို ချပြ

မျိုးကြီး၊ ဖနိဒါ
UWSA ဌာနချုပ်တည်ရှိရာ ရှမ်းပြည် (မြောက်ပိုင်း) ပန်ဆန်းမြို့၌ ပြီးခဲ့သည့်လ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ဗဟိုကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ရာ အဆိုပါမူကို ဆုံးဖြတ်ပြီးနောက် တပ်တွင်း၌ ရှင်းလင်းနေခြင်း ဖြစ်သည်။

“စည်းလုံးညီညွတ်ပြီးတော့ ကိုယ့်နယ်မြေကို ကာကွယ်ဖို့၊ ကိုယ့်နယ်မြေမှာ လုပ်ကိုင် စားသောက်တဲ့အခါမှာ မစိုးရိမ်ဖို့၊ လက်နက် ပြင်ဆင်ဖို့ကတော့ ပြောပြီးသားပဲ” ဟု UWSA မှ အမည်မဖော်လိုသူ ဗိုလ်မှူးတဦးက ပြောသည်။

ပြီးခဲ့သည့်လ ၁၄ ရက်နေ့တွင် နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ စစ်ဖက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးရဲမြင့်ထံ အချက် ၉ ချက် တင်ပြရာ ၂၅ ရက်နေ့တွင် ပယ်ချခံခဲ့ရပြီးနောက် ယခု ရှင်းလင်းပွဲများ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ ထိုသို့ ပယ်ချခဲ့ပြီးနောက် ငြိမ်းချမ်းရေးကို လက်နက်ဖြင့် ကာကွယ်မည့်မူကို ဝ' တပ်ဖွဲ့ ဗဟိုကော်မတီက ဆုံးဖြတ်ခဲ့ခြင်းလည်း ဖြစ်သည်။

အချက် ၉ ချက်၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်နှင့် တန်းတူ အခွင့်အရေး ရရှိရန်၊ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကို မူအရ လက်ခံသော်လည်း သီးခြား ရပ်တည်ခွင့်ပေးရန်၊ ရှမ်းပြည်နယ်အရှေ့မြောက် ဝ’ နယ် မြေအတွင်းရှိ မုန်းပေါက်နှင့် မုန်းဖျံဒေသများကို မုန်းလားနှင့် ကျိုင်းတုံခရိုင်အတွင်း ထည့်သွင်းထားသည်ကို ပြန်ပြင်ဆင်ပေးရန် ပါဝင်ကြောင်း ဝ’ ဗိုလ်မှူးက ပြောသည်။

ထို့အပြင် တရုတ်-မြန်မာနယ်စပ်ရှိ ဝ’ အဖွဲ့နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဝ’ အဖွဲ့ဟု စစ်အစိုးရက ခွဲခြားနေသည်ကို လက်မခံနိုင်ကြောင်းနှင့် စစ်ရေး အသင့်ရှိကြောင်း သူက ဆက်ပြောသည်။


UWSA သည် ဗမာပြည် ကွန်မြူနစ်ပါတီ - ဗကပ မှ ၁၉၈၉ ခုနှစ်တွင် ခွဲထွက်၍ ထိုနှစ်အတွင်း စစ်အစိုးရနှင့် အပစ်ရပ်စဲခဲ့သည်။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့်ပတ်သက်၍ စရဖ အရာရှိချုပ် ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် အနည်းဆုံး ၃ ကြိမ်ခန့် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း သဘာတူညီမှု မရဘဲ ဖြစ်နေသည်။

အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ယခုလကုန် နောက်ဆုံးထား၍ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရက သတ်မှတ်ပေးထားသည်။

အင်အား ၂ သောင်းကျော် ရှိသည့် ဝ’ တပ်ဖွဲ့နှင့် စစ်အစိုးရကိုယ်စားလှယ်များနှင့် နောက်ဆုံးသတ်မှတ်ရက် မတိုင်မီ ထပ်မံတွေ့ဆုံဦးမည်ဟု ဝ’ ဗိုလ်မှူးက ဆိုသည်။

စစ်အစိုးရက အပစ်ရပ် တိုင်းရင်းသားအဖွဲ့များကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် ယခုနှစ် ဧပြီလ ၂၈ ရက်နေ့မှ စတင်၍ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

ကိုးကန့်အဖွဲ့ ခေါ် မြန်မာလူမျိုးစုများ ဒီမိုကရေစီတပ်ပေါင်းစု တပ်မတော် - MNDAA ၊ ကရင်နီအမျိုးသား ပြည်သူ့လွတ်မြောက်ရေး တပ်ဦး - KNPLF ၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် - NDA-K အဖွဲ့တို့သည် နယ်ခြားစောင့်တပ်အသွင်သို့ တရားဝင် ပြောင်းလဲပြီးဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး - KNU မှ ခွဲထွက်ခဲ့သည့် တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ - DKBA သည်လည်း နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် သဘောတူထားပြီးဖြစ်သည်။

(ကိုဝိုင်းတည်းဖြတ်သည်)

No comments:

Post a Comment