ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, December 3, 2009

လူငယ်အယ်ဒီတာ ပြန်လည်လွတ်မြောက် မူလ အလုပ်ပြန်ရရန် မသေချာသေး

ပြီးခဲ့သည့် အောက်တိုဘာ (၂၇) ရက်နေ့ညက ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇနဥယျာဉ်မြို့တော် အိမ်ရာတွင် အတူနေ လူငယ်သူငယ်ချင်း (၇) ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရသည့် Foreign Affair ဂျာနယ် အယ်ဒီတာ ကိုသန့်ဇင်စိုးသည် ဒီဇင်ဘာ (၁) ရက် နေ့၌ ပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူများက ပြောသည်။

၎င်း၏ လုပ်ဖော်ကိုင်ဖက်တဦးက “သူ (သန့်ဇင်စိုး) ရယ်၊ နောက် သတင်းထောက် ကိုပိုင်စိုးဦးရယ်၊ သူတို့ အတူတူ အဖမ်းခံရတဲ့ လူငယ်တစုလုံး ပြန်လွတ်လာတယ်။ ဒါပေမယ့် သူတို့ရှေ့က ဖမ်းထားတဲ့ အခြားလူငယ်တွေထဲက ဘယ်သူတွေ လွတ်သလဲ၊ ဘယ်သူတွေ မလွတ်ဘူးလဲ ဆိုတာကိုတော့ သူမသိဘူးပြောတယ်” ဟု ပြောသည်။

“သူတို့ကို နိုင်ငံခြားက အတိုက်အခံ အင်အားစုတွေနဲ့ အဆက်အသွယ်ရှိသလား၊ နာဂစ်ကူညီရေးအတွက် ရန်ပုံငွေတွေ ဘယ်က ရသလဲ၊ နိုင်ငံခြားကနေ ကူညီတာတွေ ရှိသလား၊ Generation Wave အဖွဲ့နဲ့ ဆက်စပ်မှုရှိသလား၊ ကျောင်းသားလှုပ်ရှားမှုနဲ့ ဆက်စပ်မှု ရှိသလား စတာတွေ စစ်မေးတယ်လို့ သိရပါတယ်။ မေးမြန်းစဉ်မှာ ည မအိပ်ခိုင်းဘဲ စစ်မေးတာ၊ ရိုက်နှက်တာတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်” ဟု အဆိုပါ လုပ်ဖော်ကိုင်ဖက်ဖြစ်သူက ပြောသည်။

ကိုသန့်ဇင်စိုးအား ပြန်မလွှတ်ခင် ပြီးခဲ့သည့် စနေနေ့က Foreign affair, Voice, Living Color မီဒီယာမှ အယ်ဒီတာ (၃) ဦးကို စာပေစိစစ်ရေး ညွှန်မှူးက ဆင့်ခေါ်ပြီး မီဒီယာထဲတွင် ပါဝင်လုပ်ကိုင်ခွင့်ပေးရ သလားဟုဆိုကာ ဆူပူကြိမ်းမောင်းပြီး အယ်ဒီတာများ၏ ကိုယ်ရေးရာဇဝင် ထပ်မံတင်ပြရန် တောင်းဆိုခဲ့ကြောင်း သိရသည်။

ယခုအခါ ကိုသန့်ဇင်စိုးသည် အပြစ်လုံးဝ မရှိ၍ ပြန်လည်လွတ်မြောက်လာပြီး ၎င်း၏ မိခင်ဂျာနယ်တိုက်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်သော်လည်း မူလ အယ်ဒီတာအလုပ်ကို စာပေစိစစ်ရေးက လုပ်ကိုင်ခွင့် ပြု မပြုဆိုသည်ကိုမူ မသိရသေးပေ။

ပြီးခဲ့သည့်လပိုင်းက ပြန်လည်လွတ်မြောက်လာသည့် အီကိုဗီးရှင်း ဂျာနယ်မှ မအိမ့်ခိုင်ဦး၊ Weekly Eleven ဂျာနယ်မှ ကိုကျော်ကျော်သန့်တို့မှာလည်း ၎င်းတို့ မိခင် မီဒီယာဂျာနယ်တို့တွင် ဝင်ရောက်လုပ်ကိုင်နိုင်ခြင်း မရှိကြကြောင်း စုံစမ်းသိရသည်။

No comments:

Post a Comment