ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, December 1, 2009

နယ်စပ်ထိုင်းအာဏာပိုင်နှင့်မြန်မာပြည်မှ ပွဲစားများကိုဟန်ကျော်၊မမြင့်စမ်းကြောင့်ငါးဖမ်းလှေတွင် (၂) ကြိမ် ရောင်းစားခံရသူ ရှိလာ

ဝီရ
မြန်မာအလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့တို့၏ အကူအညီဖြင့် ထိုင်းငါးဖမ်းလှေများမှ လွတ်မြောက်လာသူတို့ကို နယ်စပ်ရှိ ထိုင်းအာဏာပိုင်နှင့် ပွဲစားတို့က ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ပြန်လည်ရောင်းစားသည့်ဖြစ်ရပ်များ ရှိနေကြောင်း မြန်မာအလုပ်သမား
များအား ကူညီနေသည့်အဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “ငါးဖမ်းလှေမှာ ရောင်းစားခံရတဲ့လူတွေကို ကျနော်တို့က ကူညီပြီး အမှုပြီးပြတ်သွားတော့ ထိုင်းအာဏာပိုင်တွေက နယ်စပ်ကို ပြန်ပို့တဲ့အခါမှာ ပွဲစားတွေလက်ထဲကို ပြန်ရောက်သွားပြီး ငါးဖမ်းလှေတွေမှာ ပြန်ရောင်းစားခံနေရတယ်။ မင်းတို့ကို ဘတ် (၂,၀၀၀) နဲ့ ထိုင်းရဲဆီကနေ ထုတ်လာခဲ့ရတာ ဘတ်ငွေ (၂,၀၀၀) ရှိရင် ပေး၊ မပေးရင် ဒီကေဘီအေ ဒါမှမဟုတ် မြန်မာစစ်တပ်လက်ထဲကို အပ်လိုက်မယ်လို့ ခြိမ်းခြောက်ပြီး ထိုင်းငါးဖမ်းလှေတွေမှာ ပြန်ရောင်းစားခံရတယ်” ဟု ပြောကြားသည်။

မြဝတီနယ်စပ်သို့ ရောက်ရှိပြီးမှ ယင်းကဲ့သို့ အတင်းအဓမ္မ ပြန်လည်ရောင်းစားခံရသူအချို့တို့က အဆက်အသွယ်လုပ်ကာ အကူအညီ တောင်းခံနေသည်ဟုလည်း စမွတ်စခွန်အခြေစိုက် အလုပ်သမားကူညီရေးအဖွဲ့မှ တာဝန်ရှိသူက ဆက်လက် ပြောသည်။

၎င်းက “အကူအညီတောင်းတဲ့သူ (၃) ယောက်က ထိုင်းတောင်ပိုင်း ထရန်း (Trang) ကမ်းခြေမြို့မှာ ပြန်ရောင်းစားခံရတာ။ အဲဒီအထဲက တယောက်က ကျနော်တို့ဖုန်းနံပါတ်ကို မှတ်မိနေတော့ ဖုန်းဆက်တယ်။ ဒါနဲ့ အမှုတိုင်ပြီး နိုဝင်ဘာ (၂၃) ရက်နေ့က သွားကယ်ခဲ့တယ်။ ဒါပေမယ့် ပြန်ရောင်းစားခံရတဲ့ (၃) ယောက်ထဲက (၁) ယောက်ပဲ ရခဲ့တယ်။ ကျန်တဲ့ (၂) ယောက်က ပင်လယ်ထဲ စက်လှေထွက်သွားလို့ မမီလိုက်ဘူး” ဟု ပြောသည်။

ကယ်တင်စဉ်တွင် အကူအညီတောင်းခံသူနှင့်အတူ အလားတူ ရောင်းစားခံရသည့် မြန်မာနိုင်ငံသား (၅၀) ကျော်ကိုလည်း ကူညီနိုင်ခဲ့ကြောင်း သိရသည်။

လွတ်မြောက်လာသူ ကိုမင်းနိုင်က “ဒီ (၅၀) ထဲမှာ တယောက်က ဒီမှာ ရောင်းစားခံထားရတာ (၃) နှစ်တောင်ရှိပြီ။ အခြားတယာက်က (၁) နှစ်ခွဲ၊ ကျန်တာ (၇) လကျော် အလုပ်လုပ်ခဲ့ကြရတယ်။ စက်လှေပိုင်ရှင်တချို့က စိတ်ထားကောင်းပေမယ့် ကျနော်တို့ကို လာရောင်းတဲ့ပွဲစား ကိုဟန်ကျော်ရယ်။ နောက်ပွဲစား မမြင့်စမ်းက မြန်မာပြည်ကပဲ။ ပထမတုန်းက သူတို့ပြောတာ ဒီမှာ (၅) လလောက် လုပ်ပြီးရင် အကြွေးကြေပြီတဲ့။ ဒါပေမယ့် (၇) လကျော်တဲ့အထိ သွားခွင့်မပေးဘဲနဲ့ ကမ်းဘေးက အိမ်မှာ အပြင်ကနေ သော့ခတ်ပြီး ကျနော်တို့ကို ပိတ်လှောင်ထားတယ်။ အခု လွတ်သွားပေမယ့် မပြန်ရဲသေးဘူး။ ပြန်ရောင်းစားခံရရင် ဘယ်လိုလုပ်မလဲ” ဟု ပြန်လည်ရှင်းပြသည်။

ထိုင်းအထူးရဲတပ်ဖွဲ့နှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့တို့က ပူးပေါင်း၍ စက်လှေ (၂) စင်းပေါ်တွင် ရောင်းစားခံခဲ့ရသူများကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ပြီး စက်လှေပိုင်ရှင်များကို ဖမ်းဆီးနိုင်ခဲ့သော်လည်း ပွဲစား (၂) ဦးစလုံး တိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

လှေဝင်ချိန်တွင် မန်နေဂျာဆိုသူက အလုပ်သမားတယောက်ကို ဘတ် (၃၀၀) သာ ပေးပြီး ကျန်သည့်လုပ်အားခများကို ပွဲစားများက လာရောက်ထုတ်ယူသွားသည့်အတွက် လုပ်အားခ မည်မျှရရှိသည်ကို အတိအကျမသိရကြောင်း အလုပ်သမားများက ပြောသည်။

ကိုမင်းနိုင်က “ကျနော်တို့ကို ပွဲစားက ဘတ်ငွေ (၁၅,၀၀၀) ဝန်းကျင်နဲ့ ဝယ်ထားတယ်လို့တော့ လှေမန်နေဂျာက ပြောပြတယ်။ ဒါပဲသိရတယ်။ ထွက်ပြေးလို့ ပြန်မိရင် ဟိုး အင်ဒိုနီးရှားထွက်တဲ့ စက်လှေတွေကို ပြန်ရောင်းတာ။ အဲဒီလို ခြိမ်းခြောက်ထားတော့ ကျနော်တို့ မပြေးရဲဘူးပေါ့” ဟု ပြောသည်။

No comments:

Post a Comment