ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, December 9, 2009

တနိုင်ငံလုံးတွင် နံပါတ်တခုတည်းဖြင့်ဆိုင်ကယ်စီးနင်းခွင့် ပြုမည်

မျိုးချစ်သူ

မြန်မာတနိုင်ငံလုံးတွင် ဒေသအမှတ်ဖြင့် မှတ်ပုံတင်ကာ တရားဝင် စီးနင်းနေကြသည့် မော်တော်ဆိုင်ကယ်များကိုလည်း ၁၇ယ/ ……နံပါတ် ပြောင်းလဲပေးတော့မည်ဖြစ်ကြောင်း နေပြည်တော် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “လိုင်စင် သက်တမ်းတိုးတဲ့အခါ အဲဒီ ဒေသအမှတ်တွေကို နံပါတ်ပြောင်းပြီးတော့ စီးနင်းခွင့် ပေးမှာပါ။ လိုင်စင်သက်တမ်းကြေးကိုတော့ တိတိကျကျ မသတ်မှတ်ရသေးဘူး။ ပိုကောက်ဖို့တော့ရှိတယ်” ဟု ပြောသည်။

စစ်အစိုးရက ပြီးခဲ့သည့် ဒီဇင်ဘာ (၁) ရက်မှစ၍ လိုင်စင်မဲ့ ဆိုင်ကယ်များကို ၁၇ယ/……. နံပါတ်ဖြင့် တရားဝင် လိုင်စင်ပြုလုပ်ပေးလျက်ရှိသည်။

ဆိုင်ကယ်များကို တနိုင်ငံလုံးတွင် နံပါတ်တခုတည်းဖြင့်သာ စီးနင်းခွင့်ပြုတော့မည်ဟု တရားဝင်ကြေညာထားသဖြင့် ဆိုင်ကယ်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟုလည်း ဈေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းနေကြသည်။

ရန်ကုန်တွင် လိုင်စင်မဲ့ဆိုင်ကယ်များကို သံလျင်၊ ဒလနှင့် မှော်ဘီမြို့နယ်တို့ရှိ ကုန်းလမ်းပို့ဆောင်ရေးရုံးတို့တွင် လုပ်ပေးနေပြီး လာရောက်ပြုလုပ်သူ နည်းပါးသည်ဟု ရန်ကုန်၊ သံလျင်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနရုံးမှ သိရသည်။

“လာလုပ်သူ နည်းတာက ဖြစ်နိုင်ခြေများတာကတော့ လိုင်စင်ကြေး မြင့်လို့ပဲလို့ သုံးသပ်လို့ရတယ်။ ဟုတ်တယ် တကယ်လည်း မြင့်တယ်ဗျ။ ဒါပေမယ့် ကျနော်တို့က သတ်မှတ်တာ မဟုတ်ဘူး၊ အစိုးရက သတ်မှတ်တာဆိုတော့လည်း ဘာတတ်နိုင်မှာလဲ” ဟု အဆိုပါရုံးမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

လိုင်စင်ကြေးများကို ခုနှစ်အလိုက်ထုတ်သော မော်ဒယ်နှင့် အင်ဂျင်ပါဝါအလိုက် သတ်မှတ်ထားကြောင်း၊ တရုတ်နိုင်ငံလုပ် ဆိုင်ကယ်တစီး အနိမ့်ဆုံး ကျပ် (၁၁၀,၆ဝဝ) မှ အမြင့်ဆုံး (၁၉၃,၁ဝဝ) ကျပ်၊ ထိုင်းနိုင်ငံလုပ်ဆိုပါက အနိမ့်ဆုံး (၃၁၆,၈၅၀) ကျပ်မှအမြင့်ဆုံး (၆၄၆,၈၅ဝ) ကျပ်၊ ဂျပန်လုပ်မှာ အနိမ့်ဆုံး ကျပ် (၅၆၄,၃၅ဝ) မှ အမြင့်ဆုံး (၇၇၀,၆ဝဝ) ကျပ်ဖြစ်ကြောင်း လိုင်စင်ပြုလုပ်ပေးသောနေရာတွင် ကြေညာထားသည်။

“အခုဆိုရင် လိုင်စင်လုပ်ရက် တပတ်ကျော်သွားပြီ။ လာလုပ်တဲ့သူတွေက ဆယ်ဂဏန်းပဲရှိသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် လာလုပ်ပါလို့ ပြောထားတယ်။ ကာလကို (၂) လ သတ်မှတ်ထားတယ်။ အဲဒီကာလ ကျော်ရင်တော့လည်း လိုင်စင်မလုပ်ထားဘဲ စီးနင်းတာတွေ့ရင် အရးယူပါလို့လည်း အထက်ကညွှန်ကြားထားတယ်။ ကျနော့်အထင်ကိုပြောရရင် မနှစ်ကလည်း လိုင်စင်မဲ့တွေကို လိုင်စင်လုပ်ပေးတဲ့အခါ ကာလကို ထပ်တိုးရတယ်ဗျ။ ခုလည်း ဒီလိုပဲနေမှာပါ” ဟု ရန်ကုန်ရှိ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တာဝန်ရှိသူတဦးက ပြောသည်။

No comments:

Post a Comment