ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, December 9, 2009

ကန်ပိုက်တီးဂိတ် လဝက ငွေသိန်းချီယူကာတရုတ်နိုင်ငံသားများကို ပြည်တွင်းဝင်ခွင့်ပြု

ပေါက်ပေါက်

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်ခွဲ၊ ကန်ပိုက်တီးနယ်စပ် ကုန်သွယ်ရေးစခန်း ဂိတ်တာဝန်ကျ လူဝင်မှုကြီးကြပ်ရေးဌာန (လဝက) က တရုတ်နိုင်ငံသားများအား တဦးလျှင် တရုတ်ငွေ (၁,ဝဝဝ) ယွမ်၊ မြန်မာငွေ (၁၄ဝ,ဝဝဝ) ကျပ်ကျော်ယူပြီး ပြည်တွင်းသို့ ဝင်ရောက်ခွင့်ပြုနေသည်။

ပုံမှန်အားဖြင့် နယ်စပ်ဖြတ်ကျော် လက်မှတ်ပါလာသည့် တရုတ်နိုင်ငံသားများကို ဆဒုံးမြို့အထိသာ ဝင်ရောက်ခွင့်ပြုပြီး ကချင်ပြည်နယ်အတွင်းရှိ မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း စသည့် ပြည်တွင်းရှိ မြို့၊ ရွာများသို့ ဝင်ရောက်ခွင့်မရရှိဘဲ ခရီးသွားကုမ္ပဏီများ၏ အလည်အပတ်ခရီးစဉ်များဖြင့်သာ ဝင်ခွင့်ပြုထားသည်ဟု တရုတ်ပြည်၊ ထိန်ချုံးမြို့ဒေသခံတဦးက ပြောသည်။

၎င်းက “ဒီမှာရှိတဲ့ တရုတ်အတော်များများက မြန်မာပြည်ထဲမှာ ဆွေမျိုးတွေ ရှိနေကြတယ်။ အခုလို တရုတ်နှစ်သစ်ကူး နီးလာပြီဆို သွားလည်တာတွေ ရှိတယ်။ အမှန်ကတော့ ဆွေမျိုးတွေကို သွားတွေ့ချင်ရင် ဗီဇာလျှောက်ပြီး လေယာဉ်နဲ့ပဲ ဝင်ရတယ်။ အဲလိုဖြစ်တော့ ကန်ပိုက်တီးဂိတ် လဝက က ခွင်ရိုက်နေတာပေါ့၊ သွားတွေ့ချင်ရင် လူတယောက်ကို ယွမ် (၁,၀၀၀) နဲ့ ထောက်ခံစာ ရေးပေးလိုက်တယ်။ ဟိုကလည်း တရားဝင် ဗီဇာလျှောက်ရင် ဒီထက်ပိုကုန်မှာဆိုတော့ ကြည်ကြည်ဖြူဖြူ ပေးနေကြတယ်” ဟု ပြောသည်။

တရုတ်ပြည်ကွန်မြူနစ်ပါတီ အာဏာရသည့် ၁၉၄၉-၅ဝ ကာလများက တကြိမ်၊ ၁၉၆ဝ ခုနှစ် တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေး ကာလများက တကြိမ်၊ တရုတ်-မြန်မာနယ်စပ် ထိန်ချုံးခရိုင်အတွင်းရှိ မြေရှင်၊ ယာရှင်နှင့် ကွန်မင်တန်ပါတီနှင့် ဆက်စပ်ပတ်သက်သူများသည် မြန်မာပြည်အတွင်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီး ယခုအခါ ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-မန္တလေးမီးရထားလမ်းတလျှောက်ရှိ မြို့၊ ရွာတို့တွင် အခြေချနေထိုင်နေကြသည်။

ယခုအခါ မြန်မာပြည်ဘက်မှ တရုတ်အမျိုးအနွယ်များနှင့် တရုတ်ပြည် ထိန်ချုံးခရိုင်ရှိ အမျိုးအဆွေများအကြား အပြန်အလှန် လည်ပတ်မှုများ ပြုလုပ်လာနေကြသည်ဟု ထိန်ချုံးဒေသခံက ပြောသည်။

၎င်းက “အခုနှစ်ပိုင်း ခရီးသွားလုပ်ငန်းကို အကြီးအကျယ်လုပ်ကိုင်လာတယ်။ အိမ်ယာမြေဈေးကောင်းလာတော့ သူတို့ထွက်ပြေးတုန်းက ကျန်ထားခဲ့တဲ့ မြေယာတွေ၊ အိမ်တွေကို အမွေရပိုင်ခွင့်တွေ ဖြစ်လာတယ်။ အဲဒီတော့ မြန်မာပြည်ထဲက လူတွေကလည်း အမွေကိစ္စနဲ့ ဒီကိုလာကြ၊ ဒီကလည်း အမျိုးအဆွေဆိုပြီး အသိအမှတ်ပြုတဲ့အနေနဲ့ မြန်မာပြည်ထဲ သွားလည်ကြတာ များလာတယ်” ဟု ပြောသည်။

ကန်ပိုက်တီး နယ်စပ်ကုန်သွယ်ရေးစခန်းကို ပြီးခဲ့သည့် အောက်တိုဘာ (၁) ရက်က စတင်ဖွင့်လှစ်ခဲ့ပြီး နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန၊ မူးယစ်ဌာန၊ သစ်တောဌာန၊ ကျန်းမာရေးဌာနအပါအဝင် ယခု လဝက အဖွဲ့ပါ တာဝန်ကျနေပြီး တရုတ်နိုင်ငံသားများထံမှ ငွေယူပြီး ပြည်တွင်း ဝင်ရောက်ခွင့်ပြုနေသည်။

မြန်မာပြည်တွင်းမှ တရုတ်ဘက်သို့ သွားရောက်သူများကိုလည်း တဦးလျှင် တရုတ်ငွေ (၅ဝ) ယွမ် (ကျပ် ၇,ဝဝဝ ကျော်) နှုန်း ကောက်ခံနေပြီး ကျပ်ငွေမယူဘဲ တရုတ်ငွေဖြင့်သာ လက်ခံနေသည်။

No comments:

Post a Comment