ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, December 5, 2009

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အယူခံပြင်ဆင်ခွင့် လျှောက်လဲချက်အတွက် ရုံးချိန်းပေး


မင်းနိုင်သူ
ဒေါ်အောင်ဆန်းစုကြည်အမှု အယူခံပြင်ဆင်ခွင့်အတွက် လျှောက်လဲချက်ကြားနာမည့် ရုံးချိန်ကို ယနေ့ ဗဟိုတရားရုံးက ထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောသည်။

“ကျနော်တို့ အယူခံပြင်ဆင်ခွင့်အတွက် ဒီဇင်ဘာလ (၂၁) ရက်နေ့ ဗဟိုတရားရုံးမှာ လျှောက်လဲချက် ပေးရမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား ၀င်ရောက်ခဲ့မှုကြောင့် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် အင်းစိန်ခရိုင်အထူးတရားရုံးက ပြစ်ဒဏ်များချမှတ်ခဲ့မှုအပေါ် ရန်ကုန်တိုင်းတရားရုံးသို့ အယူခံတင်ခဲ့ရာ တိုင်းတရားရုံးက အောက်တိုဘာ (၂) ရက်တွင် အယူခံအမှုကို ပယ်ချခဲ့သည်။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဗဟိုတရားရုံးသို့ အယူခံပြင်ဆင်ခွင့်ကို နိုဝင်ဘာ (၁၃) ရက်တွင် တင်သွင်းခဲ့ရာ ရက်သတ္တ (၂) ပတ်ကျော်ကြာပြီးနောက် ဗဟိုတရားရုံးက လျှောက်လဲချက်ပေးရမည့် ရုံးချိန်း ထုတ်ပြန်ပေးလိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို အသုံးပြု၍ ကန့်သတ်တားဆီးမိန့်များ ချမှတ်ခဲ့ခြင်းသည် သက်ဝင်မှုမရှိတော့သည့် ဥပဒေကို အသုံးပြုထားခြင်းဖြစ်ကြောင်း အမှုတလျှောက်လုံး ခုခံချေပ တင်ပြလျှောက်လဲခဲ့ကြသည်။

အဆိုပါ တင်ပြလျှောက်လဲချက်ကို ရန်ကုန်တိုင်းတရားရုံးက လက်ခံခဲ့ပြီး ၁၉၇၄ ခုနှစ် အခြေခံဥပဒေမရှိတော့ဟု စီရင်ချက်တွင် ဖော်ပြခဲ့သော်လည်း ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေအရ အောက်ရုံးအမိန့်ကို အတည်ပြုသည်ဟုဆိုကာ အယူခံကို ပယ်ချခဲ့သည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်အစိုးရသက်တမ်း နှစ်ပေါင်း (၂၀) ကျော်အတွင်း (၁၄) နှစ် ကျော်ကြာ နေအိမ်အကျယ်ချုပ်ဖြင့် နေနေရသည်။

No comments:

Post a Comment