ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, December 17, 2009

အမှတ် (၂) စက်မှုဝန်ကြီးဌာန စက်ရုံအချို့မှ ၀န်ထမ်းများအားစတင် အငြိမ်းစားပေး

အောင်ထက်

အမှတ် (၂) စက်မှုဝန်ကြီးဌာနလက်အောက်ရှိ ပန်းတောင်းမြို့ အမှတ် (၁) လယ်ယာသုံး စက်ပစ္စည်းစက်ရုံမှ အသက် (၅၅) နှစ်နှင့် အထက်ရှိသည့် ၀န်ထမ်း (၂၄၀) ကျော်ကို အငြိမ်းစားပေးလိုက်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ (၁) ရက်နေ့စွဲဖြင့် ၀န်ထမ်း (၂၄၄) ဦးကို အငြိမ်းစားပေးလိုက်ကြောင်း အဆိုပါစက်ရုံမှ မန်နေဂျာတဦးက အတည်ပြုပြောကြားသည်။

“ပင်စင်လစာကို ၁.၉.၂၀၀၉ နေ့စွဲနဲ့ တရားဝင်ခံစားခွင့်ပေးလိုက်တယ်။ ကရုဏာဆုကြေးငွေကိုတော့ နိုဝင်ဘာလလယ်လောက် ကမှ အသုတ်လိုက်ပေးနေတာ” ဟု ၎င်းက ပြောသည်။

ရန်ကုန်မြို့တွင်း လတ်တလောထွက်ပေါ်နေသော အသက် (၅၅) နှစ်နှင့်အထက် ၀န်ထမ်းများ အငြိမ်းစားပေးမည့်ကိစ္စကို အမှတ် (၂) စက်မှုဝန်ကြီးဌာနမှ စတင်အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်သည်ဟု အခြားဌာနများက ယူဆသည်။

ယခုကဲ့သို့ အငြိမ်းစားပေးခြင်းသည် အမှတ် (၂) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံအားလုံးတွင် မဟုတ်ဘဲ ရောင်းလိုအား ကျဆင်း၍ လုပ်ငန်းအရှုံးပြနေသော ပန်းတောင်းမြို့၊ လယ်ယာသုံး စက်ပစ္စည်းစက်ရုံ အမှတ် (၁) နှင့် မကွေးမြို့ တဖက်ကမ်း မလွန်မြို့၊ လယ်ယာသုံးစက်ပစ္စည်းစက်ရုံ အမှတ် (၂) တို့မှ ၀န်ထမ်းများသာ ပါဝင်သည်။

“ကျနော်တို့ စက်ရုံထုတ်ပစ္စည်းက အများပြည်သူ သုံးစွဲနေကျမဟုတ်ဘူး။ ဒါကြောင့် ကျနော်တို့ ထုတ်ကုန်ဟာ ဈေးကွက် ၀ယ်လိုအား နည်းတယ်။ နှစ်စဉ် အရှုံးပြနေတယ်” ဟု ပန်းတောင်းမြို့၊ လယ်ယာသုံး စက်ပစ္စည်းစက်ရုံ အမှတ် (၁) မှ ၀န်ထမ်း တဦးက ပြောသည်။

ပန်းတောင်းစက်ရုံတွင် ယခင်က ၀န်ထမ်းပေါင်း (၁,၆၀၀) ရှိပြီး ယခုနောက်ပိုင်း ပင်စင်ပေး၊ စက်ရုံပြောင်းနှင့် ၀န်ထမ်းအင်အား လျော့နည်းကာ ကျန်သည့်ဝန်ထမ်းဖြင့် ကျယ်ပြန့်သည့် စက်ရုံလုပ်ငန်းခွင်များ လည်ပတ်ရန် မလွယ်ကူကြောင်း စက်ရုံစီမံဌာနက ပြောကြားသည်။

ယင်းဌာနမှ ၀န်ထမ်းတဦးက “ကျနော်တို့ ပန်းတောင်းစက်ရုံမှာ လာမယ့်လထဲမှာ ဘီးလင်းမြို့ တာယာလုပ်ငန်းစက်ရုံသစ်ကို ၀န်ထမ်း (၁၀၀) ပေးလိုက်ရင် ပင်စင်ပေး၊ စက်ရုံပြောင်းနဲ့ ၀န်ထမ်း (၈၀၀) လောက်ပဲ ကျန်တော့မယ်၊ စက်ရုံလည်ပတ်ဖို့ ခဲယဉ်းလိမ့်မယ်” ဟု ပြောသည်။

အဆိုပါစက်ရုံများမှ “ဇွဲ” ဟု အမည်ပေးထားသော လယ်ထွန်စက်အကြီးနှင့် ဂွန်ဒေါင်းပုံစံ လယ်လုပ်စက် “ဧရာ-၁” တို့ ထုတ်လုပ်သည်။ ပန်းတောင်းမြို့၊ စက်ရုံ ဂိုဒေါင်အတွင်း နှစ်ချီရှိနေသော ဧရာ-၁ လယ်လုပ်စက်များမှာ နာဂစ်ဒဏ်သင့် ဒေသများသို့ အများဆုံး တင်ပို့ခဲ့ရသည်။

ပြည်တွင်း၌ (ယခင် -ကစလ ခေါ်) လယ်ယာသုံးစက်ပစ္စည်းစက်ရုံ (၃) ရုံ လည်ပတ်လျက်ရှိပြီး ပန်းတောင်းမြို့၌ အမှတ် (၁)၊ မလွန်မြို့၌ အမှတ် (၂)၊ သာဂရမြို့၌ အမှတ် (၄) တို့ဖြစ်သည်။ အင်းတကော်မြို့ရှိ စက်ရုံ အမှတ် (၃) ကို မြန်မာ့စီးပွားရေး ဦးပိုင်က လုပ်ငန်းအရပ်ရပ် သိမ်းယူပြီးဖြစ်သည်။

No comments:

Post a Comment