ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, December 3, 2009

ရန်ကုန်လျှပ်စစ်မီး ခွဲတမ်းစနစ် ပြန်ဖြစ်ပြီ


အောင်ကျော်မိုး
ပြီးခဲ့သည့် သြဂုတ်လမှ နိုဝင်ဘာလကုန်အထိ ပုံမှန်ပေးထားသည့် ရန်ကုန်လျှပ်စစ်မီးကို ဒီဇင်ဘာ (၁) ရက်နေ့မှစ၍ ခွဲတမ်းဖြင့် စပေးနေကြောင်း ကျောက်တံတားမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတဦးက ပြောသည်။

၎င်းက “မနှစ်တုန်းကလိုပါပဲ။ အရေးကြီးနေရာတွေကို (၂၄) နာရီ ပေးထားတယ်၊ သာမန်ပြည်သူတွေကိုတော့ A,B,C အုပ်စု (၃) စုခွဲပြီး မီးပေးပါတယ်။ ကိုယ် ဘယ်အုပ်စုမှာ ပါသလဲဆိုတာ မီတာ ပြေစာတွေမှာ ကြည့်နိုင်ပါတယ်။ အုပ်စု ဘယ်လိုခွဲသလဲ ဆိုတာ သိချင်ရင် ရုံးမှာ လာကြည့်ချင်ရင်လည်း ရပါတယ်။ တကြိမ်ကို
(၆) နာရီ အလှည့်ကျပေးတာပါ” ဟု ပြောသည်။

ဗိုလ်တစ်ထောင်မြို့နယ်မှ အိမ်ရှင်မတဦးက ပြီးခဲ့သည့်ကာလက လျှပ်စစ်မီး ပုံမှန်ပေးသည်ဆိုသော်လည်း ပျက်ချင်သလို ပျက်နေကြောင်း၊ ယခု ခွဲတမ်းဆိုသော်လည်း လာချိန်တွင် ပျက်တာလည်း ရှိနေကြောင်း၊ ယခုနှစ်အတွက် အဆိုးဆုံးမှာ လျှပ်စစ်ဗို့အားများ အပြည့်အဝမရဘဲ မီးအား အလွန်ကျဆင်းနေသည့်ပြဿနာဖြစ်ကြောင်း ပြောသည်။

ယခု ခွဲတမ်းစနစ်အရ နေအိမ်တအိမ်သည် ပထမနေ့တွင် လျှပ်စစ်မီး (၁၂) နာရီ ပျက်ကာ ဒုတိယနေ့ လျှပ်စစ်မီး (၆) နာရီရပြီး တတိယနေ့တွင် (၁၂) နာရီ ပျက်သည့်အတွက် (၃) ရက် စုစုပေါင်း နာရီ (၃ဝ) ပျက်ကြောင်း၊ (၃) ရက်အတွင်း မီးလာချိန် စုစုပေါင်း (၄၂) နာရီရှိပြီး ည (၁၁) နာရီမှ နံနက် (၅) နာရီအထိမှာမူ အုပ်စုအားလုံး မီးရရှိကြကြောင်း၊ ရန်ကုန်တိုင်းအတွင်းက စက်မှုဇုန်တို့တွင်မူ ပြီးခဲ့သည့် မိုးတွင်းတလျှောက်လုံး တနေ့ (၅) နာရီသာ လျှပ်စစ်မီး ရရှိကြကြောင်း သိရသည်။

နအဖစစ်အစိုးရသည် ၎င်းတို့ အာဏာရယူထားခဲ့သည့် အနှစ် (၂ဝ) ကျော်ကာလအတွင်း ပြည်သူလူထုကို အခြေခံအကျဆုံးဖြစ်သော လျှပ်စစ်မီးနှင့် သောက်သုံးရေ ပုံမှန်ရရှိအောင် စွမ်းဆောင် မပေးနိုင်သည့်အပေါ် ပြည်သူများက စိတ်ပျက်လက်ပျက် ဖြစ်နေကြပြီး ယခုနှစ်သည် အဆိုးဆုံးဖြစ်ကြောင်း ဝေဖန်ပြောဆိုနေကြသည်။

စစ်အစိုးရက ထုတ်ပြန်သည့် စာရင်းဇယားများအရ (၅) နှစ်အတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် စက်တပ်ဆင်အားမှာ မီဂါဝပ် (၁,၇ဝဝ) ခန့်မှ တိုးတက်မလာသည့်အပြင် ထုတ်လုပ်သည့် လျှပ်စစ်ဓာတ်အားမှာလည်း ကီလိုဝပ်နာရီ သန်းပေါင်း (၆) ထောင်ကျော်မှ တိုးတက်လာမှု မရှိခဲ့ပေ။

သို့သော် လျှပ်စစ်ဓာတ်အားခ ကောက်ခံသည့် အခွန်ငွေကိုမူ (၅) နှစ်အတွင်း (၅) ဆနီးပါး တိုးမြှင့်ပြီး ဘီလီယံ (၁၆ဝ) နီးပါး ကောက်ခံခဲ့သည်။

No comments:

Post a Comment