ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, December 5, 2009

အခွန်ဂိတ် ဂိတ်ပေါင်း (၄၀) နီးပါးများလာ၍ ဘုရားသုံးဆူလိုင်းကားပြေးဆွဲသူ နည်းပါး

ဝီရ

ပွင့်လင်းရာသီ၌သာ အသုံးပြုနိုင်သည့် နယ်စပ် ဘုရားသုံးဆူမြို့မှ သံဖြူဇရပ်၊ ရေး၊ ကြာအင်းဆိပ်ကြီးတို့သို့ ပြေးဆွဲမည့် လိုင်းကားများအနေဖြင့် လမ်းခရီးတလျှောက် အကောက်ခွန်ဂိတ်များ ယခင်နှစ်ကထက် ပိုမို များပြားလာခြင်းကြောင့် ကားသမားများက ပြေးဆွဲရန် တွန့်ဆုတ်နေကြသည်။

အဆိုပါ ကားလမ်းများကို လာမည့် တနင်္လာနေ့ ဒီဇင်ဘာ (၇) ရက်တွင် တရားဝင် ဖွင့်လှစ်တော့မည်ဟု ကြေညာထားပြီး ဖြစ်သော်လည်း ယခုအထိ ကားပြေးဆွဲရန် လိုင်းဝင်ထားသူ နည်းပါးလျက်ရှိကြောင်း ဘုရားသုံးဆူရှိ ရာမည ပို့ဆောင်ရေး ကားလိုင်းကြီးကြပ်သူတဦးက ပြောသည်။

၎င်းက “လမ်းတလျှောက်က အခွန်ကောက်တဲ့ဂိတ်တွေ များလာလို့ ကားသမားတွေ ညည်းညူနေတာပါ” ဟု ပြောသည်။

လိုင်းဝင်ကြေးမှာ အဖွဲ့ဝင်ဟောင်းအတွက် ဘတ်ငွေ (၃,၀၀၀)၊ အဖွဲ့ဝင်သစ်အတွက် ဘတ် (၅,၀၀၀) ပေးဆောင်ကြရပြီး မွန်ပြည်သစ်ပိုင် ရာမည၊ မြန်မာစစ်အစိုးရပိုင် သန်မြန်သူ၊ ကရင်အဖွဲ့အစည်းပိုင် ပန်းရဂုံနှင့် နော်တရာ ကုန်းလမ်းပို့ဆောင်ရေး တို့က ထိုလမ်း၌ ပြေးဆွဲကြသည်။

ဘုရားသုံးဆူမြို့နှင့် သံဖြူဇရပ်မြို့အကြား ကားလမ်းတလျှောက်တွင် မြန်မာစစ်တပ်၊ ရဲတပ်ဖွဲ့၊ မော်တော်ပီကယ် ဂိတ်များအပါအဝင် မွန်ပြည်သစ်၊ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (ကေအန်ယူ/ကေအန်အယ်လ်အေ)၊ ဟောင်သရော ကရင်ငြိမ်းချမ်းရေး (ကေပီအက်ဖ်) အဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) စသည့်အဖွဲ့များက ယခုနှစ်အတွင်း ဖွင့်လှစ်ထားသည့် ဂိတ်ပေါင်း (၄၀) နီးပါး ရှိလာကြောင်း ကားသမားတဦးက ပြောသည်။

“ဘုရားသုံးဆူမြို့ထဲမှာတောင် အခွန်ကောက်တဲ့ဂိတ်ပေါင်း (၈) ဂိတ် ရှိတယ်။ ဒီနှစ် တခေါက်ဆင်းရင် တသိန်းနဲ့ (၂) သောင်း ကုန်ကျတယ်။ ဒါကြောင့် လူတယောက်တင်ရင် ကျပ် (၃) သောင်းယူတယ်။ ဒီထက်ပိုယူလို့လည်း မရတော့ဘူးလေ။ လူ (၁၀) ယောက်ပဲ ရရင် ဆီဖိုး၊ ဂိတ်နဲ့ ကားပြင်စရိတ်ပြီးရင် မကျန်ဘူးလေ” ဟု အဆိုပါကားသမားက ပြောသည်။

ဘုရားသုံးဆူ-သံဖြူဇရပ်ကားလမ်းကို တရားဝင် မဖွင့်လှစ်ရသေးသော်လည်း မိုးတွင်းတွင် အသုံးပြုနေသည့် ရေလမ်းခရီးက ရေကုန်ခမ်းနေ၍ ခရီးကြန့်ကြာနေခြင်းကြောင့် အချို့ကားသမားများက သက်ဆိုင်ရာဂိတ်တို့နှင့် နားလည်မှုယူကာ လွန်ခဲ့သည့် နှစ်ပတ်ကတည်းက စတင် ပြေးဆွဲနေပြီဖြစ်သည်။

ယခုနှစ်အတွက် ကေအန်ယူက ဂိတ်ဖွင့် ကောက်ခံတော့မည်မဟုတ်ဘဲ ကားတစီးလျှင် တနှစ် လိုင်းကြေး ဘတ်ငွေ (၃၀,၀၀၀) ကောက်ခံမည်ဟု သတင်းထွက်ပေါ်နေ၍ လိုင်းမဝင်လိုကြကြောင်း ကားသမားများက ပြောသည်။ ယခင်နှစ်များက ကားတစီးလျှင် ဘတ်ငွေ (၁၃,၀၀၀) သာ ကေအန်ယူက ကောက်ခံခဲ့သည်။

အဆိုပါဒေသတွင် လှုပ်ရှားနေသည့် ကေအန်ယူ တပ်မဟာ (၆) မှ ပြောခွင့်ရအရာရှိ ဗိုလ်မှူး ထွဲနေကမူ လိုင်းကြေးကောက်မည့် အကြောင်းကို တာဝန်ရှိသူတို့နှင့် မဆွေးနွေးရသေးပါဟု ပြောသည်။

ဘုရားသုံးဆူ-ရေးမြို့ကားလမ်းတွင် ပြေးဆွဲကြသူ ကားသမားများအနေဖြင့် ယခုနှစ်တွင် ပြေးဆွဲရန် အလှည့်ကျ အခေါက်ရေသည့် စနစ်အစား ခေါက်ရေ သတ်မှတ်ချက်မရှိဘဲ အလွတ်ပြေးဆွဲနိုင်သည့်စနစ်ကို ကျင့်သုံးလိုက်ကြောင်း သိရသည်။

No comments:

Post a Comment