ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, December 6, 2009

ဝက်ဘ်ဆိုက်ပေါ်ရှိ ညစ်ညမ်း ဓာတ်ပုံများသည် ပုံပါ အကျပ်ကိုင်နိုင်သည့် အသုံးချခံ ပစ္စည်းသဖွယ် ဖြစ်လာနိုင်၍ဆယ်ကျော်သက် လူငယ်များ ပိုမို သတိရှိရန်လို

ဟိန်းမင်းလတ်၊ မင်းသီဟဇော်
အင်တာနက် ၀က်ဘ်ဆိုက်များ ပေါ်ရှိ ညစ်ညမ်း ဓာတ်ပုံများသည် ပုံပေါ်ပါ မိန်းကလေးများအား အကျပ်ကိုင်နိုင်သည့် အသုံးချခံ ပစ္စည်းသဖွယ် ဖြစ်လာနိုင်၍ ဆယ်ကျော်သက် လူငယ်များ ပိုမိုသတိပြုစရာ ဖြစ်လာကြောင်း အင်တာနက် ၀က်ဘ်ဆိုက် အသုံးပြုသူ အချို့က သတိပေး ပြောကြားခဲ့ကြသည်။
အင်တာနက် ၀က်ဘ်ဆိုက်များပေါ်ရှိ ညစ်ညမ်း ဓာတ်ပုံများထဲတွင် ဆယ်ကျော်သက် မိန်းကလေး သူငယ်ချင်း အချင်းချင်း အ၀တ်လဲခန်း အတွင်း၌ အ၀တ်လဲနေသည်ကို အပျော် ရိုက်ကူးထားသည့် ပုံများပါဝင်သကဲ့သို့ ဆယ်ကျော်သက် လူငယ်အချို့ လူငယ်သဘာဝ ချစ်ကြိုက်ရာမှ အချစ်နယ်ကျွံ၍ အတူနေထိုင်မိသည့် ညစ်ညမ်းဗီဒီယိုများ၊ ဓာတ်ပုံများလည်း ပါဝင်နေသည်ဟု အင်တာနက် ၀က်ဘ်ဆိုက် နေ့စဉ် အသုံးပြုသူ လူငယ်များထံမှ သိရသည်။
ထို့ပြင် မော်ဒယ်နှင့် သရုပ်ဆောင်အချို့၏ ညစ်ညမ်းဓာတ်ပုံနှင့် ညစ်ညမ်း ဗီဒီယိုဟု ဆိုကာ ၀က်ဘ်ဆိုက်ပေါ် တင်ထားသည့် ဓာတ်ပုံနှင့် ဗီဒီယိုအချို့လည်း ရှိနေ ကြောင်းနှင့် အချို့မိန်းကလေးများ သည် ၄င်းတို့၏ သာမန်အလှ ဓာတ်ပုံများအား ၀က်ဘ်ဆိုက်ပေါ် တင်မိရာမှ အခြားသော နိုင်ငံတကာမှ ညစ်ညမ်းဓာတ်ပုံ ကိုယ်ထည်များနှင့် ဖြတ်ဆက်ကပ်ညှပ် လုပ်ကာ ညစ်ညမ်းဓာတ်ပုံများ အဖြစ် ဖန်တီးခံ ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။
'' လူငယ်တွေကတော့ ဘာရယ် မဟုတ်ဘူး၊ အပျော်သဘောမျိုး လုပ်ပြီး ၀က်ဘ်ဆိုက်ပေါ် တင်ထားတာလဲ ဖြစ်နိုင်တယ်၊ကိုယ်မသိဘဲ အတင်ခံရတာလဲ ဖြစ်နိုင်တယ်၊ ဘာပဲဖြစ် ဖြစ် သတိထားသင့်တယ်၊ ဖြစ်နိုင်ရင် အလှပုံကိုတောင် ၀က်ဘ်ဆိုက်ပေါ် မတင်တာ အကောင်းဆုံးပဲ၊ မိန်းကလေးတွေဆို ပိုသတိထားသင့်တယ်၊ အလှပုံက ကိုယ့်မျက်နှာကို ယူပြီး အခြားညစ်ညမ်းပုံက ကိုယ်ထည်နဲ့ ဖြတ်ဆက်လိုက်ရင် ကိုယ့်ပုံ လိုလိုဖြစ်သွားရော၊ အဲဒီညစ်ညမ်းပုံ တွေက ကိုယ့်ဘ၀ တစ်လျောက်လုံး အမည်းစက်ကြီး ဖြစ်သွားနိုင်တယ်၊ အဆုံးစွန်ထိတွေးရင် အဲဒီဝက်ဘ်ဆိုက်ပေါ်က ညစ်ညမ်းပုံတွေ၊ ဗီဒီယိုတွေကိုပြပြီး ကိုယ့်ကိုလာ အကျပ် ကိုင်တာတောင် ခံရနိုင်တယ်'' ဟု အင်တာနက် ၀က်ဘ်ဆိုက် နေ့စဉ် အသုံးပြုသူတစ်ဦး သတိပေး ပြောကြားခဲ့သည်။
''တချို့လူငယ်တွေက သမီးရည်းစားဘ၀မှာ နှစ်ဦးသဘောတူ လင်မယားလို အတူနေတယ်၊ ပြီးရင် အပျော်တမ်း ဓာတ်ပုံတို့၊ ဗီဒီယိုတို့ ရိုက်ကြတယ်၊ သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲတဲ့အခါ ယောက်ျားလေးက မကျေနပ်လို့ သူတို့ အတူတူနေတဲ့ ညစ်ညမ်း ဗီဒီယိုကိုဖြစ်စေ၊ ဓာတ်ပုံကိုဖြစ်စေ ၀က်ဘ်ဆိုက်ပေါ် တင်လိုက်ရော၊အဲဒီ မှာ ခွေထဲမှာပါတဲ့ မိန်းကလေးက သူ့အသိုင်းအ၀ိုင်းမှာ အရှက်ရစရာ အဖြစ်နဲ့ ကြုံရတယ်၊ တချို့ မိန်းကလေးဆို အိမ်ထောင်ပြုကာနီးမှ ၀က်ဘ်ဆိုက်ပေါ်က ဓာတ်ပုံကြောင့် ပြဿနာတက်တာ ရှိတယ်လို့တောင် ကြားနေရတယ်'' ဟုဖြစ်စဉ်များနှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းမှ လေ့လာသူတစ်ဦးက ဆိုပါသည်။
ဝက်ဘ်ဆိုက်နှင့် ဟန်းဖုန်းများမှ တစ်ဆင့် မော်ဒယ်တစ်ဦး၏ ညစ်ညမ်း ဗီဒီယို လျင်မြန်စွာပျံ့နှံ့ပြီး အဆိုပါဗီဒီယိုအား ဖြန့်ဝေသူ အမျိုးသားမှာလည်း အဆိုပါမော်ဒယ်နှင့် ငြိစွန်းခဲ့ဖူးကြောင်း၊ ငြိစွန်းပြီးနောက် မော်ဒယ်ဖြစ်သူက ၄င်းအားထားခဲ့သောကြောင့် ယခုကဲ့သို့ အရှက်ကွဲစေရန် ကြံစည်ခဲ့ခြင်း ဖြစ်ကြောင်း ယင်းဗီဒီယိုနှင့် ပတ်သက်၍ ထွက်ပေါ်ခဲ့သော ပြင်ပသတင်း များအရ သိရသည်။
အဆိုပါ မော်ဒယ်၏ ညစ်ညမ်းဗီဒီယို ပျံ့နှံ့ပြီးနောက်ပိုင်းတွင် အခြားသောမော်ဒယ်၊ သရုပ်ဆောင် အဆိုတော်များ၏ ညစ်ညမ်းခွေဟု ဆိုကာ ၀က်ဘ်ဆိုက်ပေါ်မှ တစ်ဆင့် ပျံ့နှံ့ခဲ့သည့် ဖြစ်ရပ်များလည်း ရှိခဲ့ကြောင်း၊ ယင်းဖြစ်ရပ်များနှင့် ပတ်သက်၍ ညစ်ညမ်းဗီဒီယို၌ ပါဝင်သူများမှာ အမှန်တကယ် ဟုတ်မဟုတ်ကိုမူ ယနေ့အချိန်ထိ အငြင်းပွားနေကြဆဲ ဖြစ်ကြောင်း နေ့စဉ် အင်တာနက် ၀က်ဘ်ဆိုက် အသုံးပြုသူများထံမှ သိရသည်။

'' မြန်မာ့ယဉ်ကျေးမှုအရဆိုရင် ညစ်ညမ်းတဲ့ဓာတ်ပုံ၊ ဗီဒီယိုတွေကို ကိုယ်တိုင် အပျော်ရိုက်ပြီး ၀က်ဆိုက်ပေါ်တင်ဖို့ မပြောနဲ့ တရားဝင် ထိမ်းမြားလက်ထပ်ခြင်း မပြုခင်မှာတောင် သမီးရည်းစားတွေ အနေနဲ့ လင်မယား အဆင့် မရောက်ရပါဘူး၊ ဒါဟာ ယဉ်ကျေးမှုအရ မသင့်တော်သလို မိန်းကလေးတွေရဲ့ဂုဏ်သိက္ခာနဲ့ အကျင့်စာရိတ္တ ကိုလည်း တစ်သက်လုံး သူများကဲ့ရဲ့ ခံရမယ့် အဖြစ်မျိုးပါ၊ အဲဒီလို လူမျိုးတွေကိုလည်း ယဉ်ကျေးမှုကို တန်ဖိုးထား တဲ့ လူ့ဘောင်လူ့အဖွဲ့အစည်းက ဘယ်သူမဆို ရှုတ်ချကြမှာပဲ။ လုပ်တုန်းကတော့ အပျော်ဆိုပြီး လုပ်ကြ၊ ပြီးမှ အဲဒီနောက်ဆက်တွဲ အနေနဲ့ မသမာတဲ့ သူတွေ လက်ထဲ ကိုယ့်ဓာတ်ပုံတွေ ရောက်သွားရင် ဘယ်လောက် ရင်လေးစရာ ကောင်းလိုက် မလဲ၊
အဲဒီဓာတ်ပုံနဲ့ ပုံပေါ်ပါ မိန်းကလေးတွေကို အကျပ်ကိုင်တာ၊ ခြိမ်းခြောက်တာတွေပါ လုပ်လာနိုင်တယ်၊ ဒါကြောင့် ဆယ်ကျော်သက် လူငယ်တွေ သတိထားသင့်တယ်၊ ဆယ်ကျော်သက်တွေကို ပိုပြီး သတိ ပေးရတာက စဉ်းစားချင့်ချိန် ဉာဏ်ပိုနည်းနိုင်လို့ပါ'' ဟုအငြိမ်းစား ကျောင်းဆရာမကြီး တစ်ဦးက သုံးသပ် ပြောကြားခဲ့သည်။

ယခုကဲ့သို့ ညစ်ညမ်းဓာတ်ပုံများ ဗီဒီယိုများ ၀က်ဘ်ဆိုက်ပေါ်သို့ တင်၍ ပျံ့နှံ့စေရန် ဆောင်ရွက်နေမှု များသည် ပြစ်မှုဆိုင်ရာ ဥပဒေအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်ရော ငွေဒဏ်ပါ ချမှတ်ခံရနိုင်ပြီး ညစ်ညမ်းဓာတ်ပုံ၊ ဗီဒီယိုတွင် အရွယ်မရောက်သေးသူ မိန်းကလေးများအား အသုံးချမိပါက ကလေး သူငယ် ဥပဒေအရပါ အရေးယူခံရ နိုင်ကြောင်း LL.B,LL.M,M.Res ဘွဲ့ရ အထက်တန်း ရှေ့နေတစ်ဦးက ဆိုပါသည်။

No comments:

Post a Comment