ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, December 9, 2009

ရော့ခ်ဂီတဝိုင်း Emperor ဒေလီ ဂီတပွဲတော်တွင် ဖျော်ဖြေမည်

ဆလိုင်းဟံသာစန်း

တောင်အာရှ နိုင်ငံများအကြား ဂီတယဉ်ကျေးမှု ဖလှယ်ရေးအတွက် ကျင်းပမည့် တောင်အာရှ ဂီတပွဲတော်သို့ တက်ရောက်ရန် ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ်သည် သူ၏ Emperor ဝိုင်းနှင့်အတူ လာမည့် ကြာသပတေးနေ့တွင် နယူးဒေလီမြို့သို့ ရောက်ရှိလာမည်။

တောင်အာရှနိုင်ငံများ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးအသင်း (SAARC) အဖွဲ့ဝင် နိုင်ငံများအကြား နှစ်စဉ် ကျင်းပလေ့ရှိသည့် ယခု ဂီတပွဲတော်ကို အိန္ဒိယ ယဉ်ကျေးမှု ဆက်ဆံရေး ကောင်စီ (ICCR) က ဦးစီး ကျင်းပမည်ဖြစ်ကာ၊ မြန်မာ ရော့ခ်ဂီတဝိုင်းကိုပါ ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း ပွဲစီစဉ်သူများက ယနေ့ ပြောသည်။

''ကျနော်တို့ မြန်မာနိုင်ငံက Emperor ကို ဖိတ်ကြားထားပါတယ်။ ဒီပွဲတော်မှာ လာရောက် ပူးပေါင်းဖို့ မြန်မာရော့ခ်အဖွဲ့ကို ဖိတ်ကြားတာဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်'' ဟု ပွဲစီစဉ်သူတဦးဖြစ်သူ Rajesh Kapoor က ပြောသည်။

ရန်ကုန်မြို့ရှိ Emperor မှ ကီးဘုတ်တီးသူ လီယိုနတ် မောင်မောင်လွင်ကလည်း ၎င်းတို့အဖွဲ့ကို အဆိုတော် ဇော်ဝင်းထွဋ်က ဦးဆောင်သွားမည်ဖြစ်ပြီး၊ ပွဲတော်သို့ သွားရောက်ရေးအတွက် ပြင်ဆင်နေကြောင်းနှင့် မြန်မာသီချင်း ၅ ပုဒ် သီဆို ဖျော်ဖြေသွားမည် ဖြစ်ကြောင်း ပြောသည်။

''ကျနော် မန်နေဂျာအဖြစ် တာဝန်ယူနေတဲ့ သက်တမ်း ၁၀ နှစ်မှာ နိုင်ငံတခုကနေ အခုလို ဖိတ်ကြားတာဟာ ပထမဆုံးပါပဲ။ အဲဒီအတွက် ဝမ်းသာဂုဏ်ယူပါတယ်'' ဟု Emperor မန်နေဂျာ ကိုသန့်ဇော်က ပြောသည်။

အိန္ဒိယယဉ်ကျေးမှုအဖွဲ့ Seher ကလည်း ပူးတွဲ၍ ဦးစီး ကျင်းပသွားမည့် ဂီတပွဲတော်ကို ယခုလ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမည်ဖြစ်ရာ မြန်မာဝိုင်းသည် အခြား SAARC အဖွဲ့ဝင် နိုင်ငံများမှ ရော့ခ်ဂီတဝိုင်း ၁၄ ဝိုင်းနှင့်အတူ ဖျော်ဖြေတင်ဆက်ရမည်။

ပွဲတော်ကို အိန္ဒိယနိုင်ငံ မဂ္ဂလေရာပြည်နယ် မြို့တော်ရှီလောင်းမှ အမျိုးသမီးများ ဂီတဝိုင်းဖြစ်သည့် Afflatus ဖြင့် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး၊ နောက်ဆုံးရက်တွင် ဘောလိဝုဒ် ရုပ်ရှင်မြို့တော် မွန်ဘိုင်းမှ Shankar-Ehsaan-Loy ဂီတဝိုင်း ဖျော်ဖြေမှုဖြင့် အဆုံးသတ်မည်။

မြန်မာ ရော့ခ်ဂီတဝိုင်းကဲ့သို့ အာဖဂန်နစ္စတန်မှ Kabul Dreams ၊ ပါကစ္စတန်မှ Strings ၊ မော်ဒိုက်မှ Fa'thu and The Early Birds ၊ ဘူတန်မှ Who’s your Daddy ၊ သီရိလင်္ကာမှ Paranoid of Earthlings နှင့် နီပေါမှ 1974 AD ဂီတဝိုင်းများလည်း ပါဝင် ဖျော်ဖြေကြမည်။

ဇော်ဝင်းထွဋ်သည် မြန်မာနိုင်ငံတွင် ကျော်ကြားသော ရော့ခ်ဂီတ အဆိုတော်ဖြစ်ပြီး၊ Emperor သည် ပွဲတော် နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ဖျော်ဖြေသွားမည် ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောဆိုကြသည်။


အိန္ဒိယရော့ခ်ဂီတပွဲတော်သို့ ဂျောင်းမည့်အင်ပါယာအဖွဲ့ (ဂျောင်း သည် သွားသည်ကိုဆိုလိုပါသည်)
သဲသဲ
မြန်မာနိုင်ငံ၏ နာမည်ကျော် ရော့ခ်ဂီတ အဖွဲ့ဖြစ်သည့် အင်ပါယာအဖွဲ့သည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် ကျင်းပမည့် The South Asian Bands Festival 2009 သို့ မြန်မာနိုင်ငံ ကိုယ်စားပြု အနေဖြင့် ပထမဆုံးအကြိမ် သွားရောက် ဖျော်ဖြေမည် ဖြစ်သည်။

အင်ပါယာ အဖွဲ့သားများ
၎င်း ဖျော်ဖြေပွဲတွင် သီဆိုနေကျ ဖြစ်သော ရော့ခ်ဂီတနှင့် ရိုးရာဗုံများဖြင့် ရောစပ် ထားသည့် သီချင်းများ၊ ရိုးရာကို အခြေခံ၍ ဆန်းသစ် ထားသော ရော့ခ် သီချင်းများကို ဖျော်ဖြေရန် စီစဉ်ထားပြီးအဆိုပါ ဖျော်ဖြေပွဲသို့ မြန်မာနိုင်ငံရှိ အိန္ဒိယသံရုံး ၏ဖိတ်ကြားမှုဖြင့် သွားရောက်ရခြင်း ဖြစ်ကြောင်း အင်ပါယာမှ ရော့ခ်အဆိုတော် ဇော်ဝင်းထွဋ် က ပြောသည်။

“ကျနော်တို့ စမ်းတီးထားတဲ့ ရော့ခ်တွေမှာ ရိုးရိုးရော့ခ် ပုံစံမျိုးတွေ မဟုတ်ဘဲ Traditional ဆန်တာတွေ ရိုးရာ ဗုံတွေနဲ့ တီးတာတွေ အရှေ့တိုင်း ဆန်တာတွေ ပါတယ်ဆိုတော့ ဒီပွဲမှာပါတဲ့ အဖွဲ့တွေကလည်း အဲ့ဒီလို ရိုးရာကို အခြေခံထားတဲ့ ရော့ခ်အဖွဲ့ တွေချည်းပါပဲ" ဟု ၎င်းကဆိုသည်။

အဆိုပါဖျော်ဖြေပွဲကို ဒီဇင်ဘာ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိကျင်းပပြုလုပ်မည်ဖြစ်ပြီး တောင်အာရှနိုင်ငံများမှ ရော့ခ်ဂီတ အဖွဲ့ ပေါင်း ၁၅ ဖွဲ့ ပါဝင်တင်ဆက်ကြမည်ဖြစ်သည်။

ယင်းဖျော်ဖြေပွဲသို့ အင်ပါယာ ၀ိုင်းတော်သားများဖြစ်သည့် ဇော်ဝင်းထွဋ်၊ ဇော်မျိုးထွဋ်၊ ကီးဘုတ်လီယိုနာ့ဒ် မောင်မောင်လွင်၊ ဒရမ် ရဲလင်း၊ ကိုမြတ်မိုးနှင့် ကိုဗိုလ်မြင့်တို့ သွားရောက်ကြမည်ဖြစ်သည်။

အခုလိုသွားရောက်ရမှုအပေါ် အင်ပါယာအဖွဲ့ဝင်တဦးဖြစ်သူ ကိုမြတ်မိုးကလည်း ကိုယ်မရောက်ဘူးတဲ့နိုင်ငံ ကိုယ်မသိတဲ့ အဖွဲ့များ နှင့် တွေ့ဆုံရမည် ဖြစ်သောကြောင့် စိတ်ဝင်စားစရာ အလွန်ကောင်းကြောင်း ၎င်း၏ခံစားချက်ကိုပြောသည်။

“ကျနော်တို့ဆီမှာက Band တခုမှာ အဆိုတော် တပြုံကြီးဆိုတာကိုး။ တကယ့်Band အစစ်က အဆိုတော် ၁ ယောက်ပဲရှိရမှာလေ။ အဲ့ဒီတော့ ဇော်ဝင်းထွဋ်အနေနဲ့လည်းမဟုတ်ဘူး။ အင်ပါယာဆိုတဲ့ Rock Band တခုအနေနဲ့ သွားဖျော်ဖြေတာပါ" ဟု ဇော်ဝင်းထွဋ် က ရှင်းပြသည်။

၎င်းကဆက်လက်ပြီး "ကိုယ့်ဆီက သူ့ဆီသွား၊ သူ့ဆီက ကိုယ့်ဆီလာအဲဒီလိုမျိုးဖြစ်စေချင်နေတာကြာပါပြီ။အဲ့ဒါမှ ကျနော် တို့ ဂီတတွေက အထီးကျန်မနေဘူးပေါ့ဗျာ။မြန်မာပြည်ရဲ့ဂီတလောကကိုလည်း နိုင်ငံတကာက စိတ်ဝင်စားမှုပိုရနိုင်တာပေါ့" ဟု ပြောသည်။

အင်ပါယာ တေးဂီတ၀ိုင်းသည် ၁၉၈၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်မှ စတင်အောင်မြင်လာခဲ့သည့် မြန်မာနိုင်ငံ၏ပထမ ဆုံးရော့ခ်ဂီတ၀ိုင်းဖြစ်သည်။ယခုဆိုလျှင် သက်တမ်း ၂၅ နှစ်တိုင်ခဲ့ပြီးဖြစ်ရာ အဆိုပါ ကြားကာလများအတွင်း၌ အဖွဲ့ဝင်များ အနေ ဖြင့်လည်း အပြောင်းအလဲများရှိခဲ့သည်။ ၁၉၉၆ ခုနှစ်တွင် ထွက်ရှိခဲ့သည့် "မဟာ" ဟူသော တေးစီးရီးနှင့်ပတ်သက်၍ ပရိသတ် အ များစုကအစိုးရပေါ်လစီ စီးရီးဟု ယူဆခဲ့ကြပြီး ယင်းနောက် ၂၀၀၀ ခုနှစ်မှ စတင်ကာ အင်ပါယာအဖွဲ့၏ အောင်မြင်မှုကျဆင်းလာခဲ့ ကြောင်း ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့သည်။

No comments:

Post a Comment