ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, January 31, 2010

ဂျပန်နိုင်ငံ တိုကျို နှင့် ကာမကူရ သို့  ခရီးသွား လျှင် စရိတ်သက်သာလက်မှတ်



တိုကျို မြို့  လျှပ်စစ်ပစ္စည်းဝယ်လိုလျှင် Akihabara ဘူတာ
မြန်မာအစားအစာ ဝယ်လိုလျှင် Takadanobaba ဘူတာ
တရုတ် ကိုရီးယား ထိုင်း မြန်မာအစားအစာ ဝယ်လိုလျှင် Shinokubo သို့ မဟုတ် Okubo ဘူတာ
မြန်မာသံရုံးသို့ သွားလိုလျှင် Shinakawa ဘူတာ
တိုကျို မြို့  အနီးပင်လယ်ကမ်းခြေ ကိုသင်္ဘောပေါ်မှာကြည့်လိုလျှင် Hamamasucho ဘူတာ

ကာမာကူရ ဘုရားသို့  သွားလိုလျှင် Hase ဘူတာ

ပုသိမ်မြို့ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း(တိုင်တစ်ရာ) ပထမအကြိမ် အာစရိယပူဇော်ပွဲ

ပုသိမ်မြို့ အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း(တိုင်တစ်ရာ) ပထမအကြိမ် အာစရိယပူဇော်ပွဲ ကိုယနေ့  ညနေ ၃ နာရီ တွင် ကျင်းပပြီးစီး။

Saturday, January 30, 2010

ရန်ပွဲကြောင့် ဘင်္ဂလား-မြန်မာ နယ်စပ်ကုန်သွယ်ရေး ဂိတ်ပိတ်


မြန်မာနိုင်ငံနဲ့ အိမ်နီးချင်းဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံကြားက နယ်စပ်ကုန်သွယ်ဂိတ်တခုမှာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပြီး ပိတ်လိုက်ပြီလို့ နယ်စပ်ဒေသခံတွေက ပြောပါတယ်။ မြန်မာကုန်သည်တချို့နဲ့ ဘင်္ဂလားဒေ့ရှ် ဒေသခံတချို့ ခိုက်ရန်ဖြစ်ပွားရာက နှစ်နိုင်ငံနယ်ခြား တာ့ခ်နာ့ဖ် (Teknaf) မြို့အနီးမှာ ဖွင့်လှစ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းကို ဇန်န၀ါရီ ၂၇ ရက်နေ့ ညပိုင်းက စပြီးတော့ ပိတ်လိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ်နယ်စပ် အခြေစိုက် သတင်းထောက် ကိုအောင်စံမင်း ကို ဗွီအိုအေကနေ ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်က နယ်စပ်ကုန်သွယ်ရေးစခန်းတခု ပိတ်ထားတယ်လို့ ကြားပါတယ်ခင်ဗျ။ ဘာကြောင့် ပိတ်ရတာလဲ။ နောက်ဆုံးအခြေအနေ ဘယ်လိုရှိလဲ ရှင်းပြပါဦးခင်ဗျ။ -

"ဟုတ်ကဲ့ပါခင်ဗျ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက တာ့ခ်နာ့ဖ် မြို့အနီးက နယ်စပ်ကုန်သွယ်ရေးကို မနေ့ကစပြီးတော့ ပိတ်တာဖြစ်ပါတယ်ခင်ဗျ။ ပိတ်ရခြင်းအကြောင်းရင်းကတော့ မြန်မာနိုင်ငံက အဲဒီကုန်သွယ်ရေးစခန်းကို ကုန်တွေနဲ့လာကြတဲ့ ကုန်သည်တွေနဲ့ အနီးအနားက ဒေသခံ မူစလင်တချို့နဲ့ စကားများပြီး ရန်ဖြစ်ကြရာကနေ စ ဖြစ်ခဲ့တာပါခင်ဗျ။ ၂၈ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီလောက်မှာတော့ အဲဒီဒေသခံ မူစလင်ပေါင်း ၂၀၀ လောက်က ဒေသခံလုံခြုံရေးစခန်းကို တံခါးတွေ ပိတ်ထားတဲ့ကြားထဲက သူတို့ အတင်းဝင်ရောက်ပြီးတော့ မြန်မာနိုင်ငံဘက်က ကုန်သည်တွေကို ရိုက်ပါတယ်။ မြန်မာဘက်က ကုန်သည်တွေကလည်း ပြန်ပြီးတော့ ရိုက်ပါတယ်။ အဲဒီလို ၀ရုန်းသုန်းကား ဖြစ်ပြီးတော့ မြန်မာနိုင်ငံဘက်က ကုန်သွယ်တွေဟာ သူတို့ရဲ့ နဂိုပစ္စည်း အပြည့်နဲ့ စက်လှေတွေကို အဲဒီဆိပ်ကမ်းမှာ မနေရဲတော့ဘဲ နတ်မြစ်အလယ်ကောင်အထိ ထွက်ပြေးပြီးတော့ နတ်မြစ်အလယ်ကောင်မှာ ကျောက်ချပြီးတော့ ရပ်နားနေကြရပါတယ်။ အဲဒီလိုဖြစ်သွားတဲ့အတွက်ကြောင့် ကုန်တင်ကုန်ချလည်း လုံးဝမရှိတော့ပါဘူး။ အဲဒါကြောင့် အာဏာပိုင်တွေက လောလောဆယ်မှာ အဲဒီဒေသက ကုန်သွယ်ရေးစခန်းကို မနေ့ကစပြီးတော့ လုံးဝ ပိတ်ပင်ထားလိုက်တဲ့ အခြေအနေမျိုး ရှိနေပါတယ်ခင်ဗျ။"

မနေ့က ပိတ်တယ်ဆိုတော့ ဒီနေ့ဆိုရင် တရက်ရှိပြီ။ နောက်ဆုံးအခြေအနေက ဘယ်လိုရှိပါသလဲခင်ဗျ။ -

"ဒီနေ့ညနေပိုင်းလောက်က ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းက အာဏာပိုင်တချို့ရယ်၊ ဒေသကုန်သွယ်ရေးစခန်းက အာဏာပိုင်တွေရယ်၊ နောက်ပြီးတော့ ကုန်သည်တွေရယ်၊ ရန်ဖြစ်ခဲ့ကြတဲ့ ဒေသခံတွေရော၊ မြန်မာဘက်က ကုန်သည်တွေရော ညှိပြီးတော့ ဆွေးနွေးနေကြပါတယ်။ ပြေလည်မှုတော့ မရသေးပါဘူး။ လောလောဆယ်မှာလည်း ကုန်သွယ်ရေးတံခါးကို ပိတ်ထားရဆဲပဲ ဖြစ်နေပါတယ်ခင်ဗျ။"

ဒီလို နယ်စပ်ဂိတ်တခု ပိတ်လိုက်တာဟာ နှစ်နိုင်ငံ ကုန်သွယ်ရေးကိစ္စမှာ တော်တော်လေး ထိခိုက်တဲ့ အခြေအနေ ရှိပါသလားခင်ဗျ။ -

"ရှိပါတယ်ခင်ဗျာ။ ဥပမာပြောရရင် လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်ကပဲ အဲဒီဒေသဆိုင်ရာ ကုန်သည်ကြီးတချို့နဲ့ မူစလင် ကုန်သည်ကြီးတွေပေါ့ခင်ဗျာ။ သူတို့နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေး စခန်းက အကောက်ခွံဌာနက အရာရှိတွေ အခြေအတင် စကားများကြတယ်ခင်ဗျ။ အဲဒါကြောင့်လည်းပဲ ကုန်တင်ကုန်ချကို လုံးဝပိတ်လိုက်တာ ၆ ရက်လောက် ကြာပါတယ်။ အဲဒါကြောင့် မြန်မာနိုင်ငံဘက်က ကုန်သည်ပေါင်း ၁၀ ကျော်လောက်ဟာ တယောက်ကို တာကာ သုံးသိန်းလေးသိန်းလောက်၊ မြန်မာငွေနဲ့တွက်ရင် သိန်း ရာနဲ့ချီပြီးတော့ အရှုံးခံသွားကြရတဲ့ အခြေအနေတွေ ရှိပါတယ်။ အခုအခြေအနေမှာလည်းပဲ တနေ့တနေ့ကို တာကာ သိန်း ၄၀၊ ၅၀ ပတ်ဝန်းကျင်နီးပါးလောက် ဆုံးရှုံးနစ်နာမှုတွေ ဖြစ်သွားမယ်လို့ ကုန်သည်တွေ ပြောပြချက်အရ သိရပါတယ်။"

ကိုအောင်စံမင်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

Friday, January 29, 2010

နေရောင်ခြည်သုံး စွမ်းအင်စနစ် မြန်မာနိုင်ငံတွင် စတင်တော့မည်

စိုင်းဇွမ်ဆိုင်း
ကမ္ဘာ့အဆင့်မီ နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင် (Solar Energy) စနစ်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအဖြစ် OK Myanmar Co. Ltd မှ စတင်တော့မည်ဟု ကုမ္ပဏီဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

ဆက်သွယ်ရေး လုပ်ငန်းများတွင် အသုံးပြုသော မိုက်ခရိုဝေ့ဖ် တိုင်များနှင့် လျှပ်စစ်မီး ရရှိရန် ခက်ခဲသော နေရာများအတွက် ဝန်ဆောင်မှုပေးသွားရန် ရည်ရွယ်သည်ဟု ကုမ္ပဏီ ဝန်ထမ်းတဦးက ဆိုသည်။

“ဆက်သွယ်ရေး လုပ်ငန်းက မိုက်ခရိုဝေ့ဖ်တာဝါတိုင်တွေ၊ ပြီးတော့ မြစ်ရေတင်တဲ့ စီမံကိန်းတွေ ရှိတယ်။ လမ်းမီးတိုင်တွေ ရှိတယ်။ အဲဒီလို နေရာမျိုးတွေအတွက် အဓိက လိုချင်ကြတယ်” ဟု ကုမ္ပဏီမှ အင်ဂျင်နီယာ တဦးကပြောသည်။

ယခု ဝန်ဆောင်မှုကို ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းပြီး ကမ္ဘာ့အဆင့်မီ Sanyo အမှတ် တံဆိပ် ဂျပန်နိုင်ငံထုတ် ပစ္စည်းများကိုသာ အသုံးပြုသွားမည်ဟု ဆိုသည်။

လျှပ်စစ်ဓာတ် ၁ဝ မဂ္ဂါဝပ်မှ ၂ဝ မဂ္ဂါဝပ်ထိ ထုတ်လုပ်ပေးသွားမည်ဖြစ်ပြီး အာမခံနှစ် ၂ဝ ပေးမည်ဖြစ်ကြောင်း သိရသည်။ သို့သော် ဝန်ဆောင်မှုစရိတ်ကိုမူ အတိအကျ သတ်မှတ်၍ မရသေးကြောင်း ဝန်ထမ်းက ပြောသည်။

“ကျနော်တို့ဆီမှာရှိတဲ့ Solar Panel ပြားတွေဆိုရင် အကုန်လုံးက Serial (အမှတ်စဉ်) နံပါတ်တွေ ပါတယ်ဗျာ။ ဒီ Serial နံပါတ်တွေက အကုန်လုံးက register (မှတ်ပုံတင်) လုပ်ထားပြီးသား။ တကယ်လို့ ကျနော်တို့ကနေ ဝန်ဆောင်မှုပေးတယ်ဆိုရင် ဒီဝန်ဆောင်မှုက register ရှိတယ်ပေါ့” ဟု ကမ္ဘာ့အဆင့် မီသည့်အကြောင်း သူက ရှင်းပြသည်။

OK Myanmar ကုမ္ပဏီကို ၁၉၉၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ၊ လျှပ်စစ်ပစ္စည်း ရောင်းချခြင်းနှင့် အစိုးရစီမံကိန်းအချို့ကို ထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ဖူးသည်။ Daewoo နှင့် Sanyo အမှတ်တံဆိပ်ပစ္စည်းများ အရောင်းပြခန်းကို ရန်ကုန်၊ နေပြည်တော်နှင့် မန္တလေးတို့တွင် ဖွင့်လှစ်ထားသည်။

ရန်ကုန်မြို့ မျှော်စင်ကျွန်းတွင် လာမည့်လ ၁ဝ-၁၄ ရက်ထိ ပြုလုပ်မည့် ဒုတိယအကြိမ် 547 Trading အထူးဈေးရောင်းပွဲတော်၌ Sanyo Solar Energy စွမ်းအင် လက်တွေ့ထုတ်လုပ် အသုံးပြုပုံ၊ သုံးစွဲသည့် ပစ္စည်းများနှင့် နိုင်ငံတကာတွင် သုံးစွဲနေခြင်းများကို ကုမ္ပဏီက ခင်းကျင်းပြသပေးမည်ဖြစ်သည်။

နေရောင်ခြည်သုံး လျှပ်စစ် စွမ်းအင်စနစ်သည် သဘာဝ ညစ်ညမ်းမှုကို မဖြစ်စေနိုင်သော်လည်း ကုန်ကျစရိတ် ကြီးမားကြောင်း လေ့လာသူများက ဆိုသည်။

မြန်မာနိုင်ငံတွင် နေရောင်ခြည်သုံး လျှပ်စစ်စွမ်းအင်ကို အကြီးစားစီမံကိန်းများတွင် အသုံးပြုမှု ယခုမှ စတင်မည်ဖြစ်သော်လည်း အိမ်နီးချင်း ထိုင်းနိုင်ငံတွင်မူ ၂၀၀၃ ခုနှစ်ကတည်းက ကုမ္ပဏီများ စတင် ထူထောင်ပြီး ယင်းစနစ်ကို ဝန်ဆောင်မှုပေးခဲ့သည်။ ကုမ္ပဏီများ အနည်းဆုံး ၃ဝ ခန့်ရှိပြီး နိုင်ငံတဝှမ်းတွင် တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။

အမေရိကန် ပြည်ထောင်စု၊ နယူးမက္ကဆီကို ပြည်နယ်တွင် ၃ဝဝ မီဂါဝပ် ထုတ်လုပ်နိုင်သည့် နေရောင်ခြည် လျှပ်စစ်ပေးဝေရေး စခန်းတခုကို စပိန်ကုမ္ပဏီ Gestamp က အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ အကုန်အကျခံ၍ မကြာမီ တည်ဆောက်မည်ဟု လေ့လာသိရှိရသည်။ နှစ်စဉ် အိမ်ခြေ ၅ သောင်းကို လျှပ်စစ်စွမ်းအင် ဖြန့်ဖြူးနိုင်မည်ဖြစ်သည်။

ကမ္ဘာ့အကြီးဆုံး နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေး စခန်းသည် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်တွင် တည်ရှိပြီး နှစ်စဉ် ၃၅၄ မီဂါဝပ် ထုတ်လုပ်ပေးလျက်ရှိသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

ကိုရီးယား သင်္ဘောမှောက် မြန်မာသင်္ဘောသား ၂ ဦး ပျောက်ဆုံး

ရန်ပိုင်
ယမန်နေ့ညက တောင်ကိုရီးယား နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် မုန်တိုင်းကြောင့် သင်္ဘော ၂ စီး နစ်မြုပ် ခဲ့ပြီးနောက် မြန်မာ သင်္ဘောသား ၂ ဦး ပျောက်ဆုံး နေကြောင်း သိရသည်။

မြန်မာ သင်္ဘောသား ၂ ဦးအပြင် ကိုရီးယား သင်္ဘောသား ၈ ဦးလည်း ပျောက်ဆုံးနေကြောင်း ဒေသခံ စာနယ်ဇင်းများကို ကိုးကားပြီး တောင်ကိုရီးယားရောက် မြန်မာပြည်သား တဦးက ပြောသည်။

“ရာသီဥတုက အရမ်း ဆိုးနေတယ်၊ အေးလည်း အရမ်းအေးတယ်၊ ကယ်ဆယ်ရေးတွေ လုပ်နေတာလည်း ပြန်မတွေ့သေးဘူး” ဟု ကိုဇော်မိုးအောင်က ပြောသည်။

ကိုရီးယားသင်္ဘောသားတို့၏ မိသားစုများက ကမ်းခြေစောင့် ရဲစခန်းတွင် တိုင်ကြားထားကြောင်း၊ မြန်မာ သင်္ဘောသား ၂ ဦးနှင့် ပတ်သက်၍ မည်သူက မည်သို့ လုပ်ဆောင်ထားသည်ကို မသိရှိရကြောင်း ကိုဇော်မိုးအောင်က ပြောသည်။

နစ်မြုပ်သွားသည့် သင်္ဘောများသည့် သဲတင်ဆောင်သည့် သင်္ဘောများ ဖြစ်ကြောင်း၊ ည ၈နာရီ ၂၀ ခန့်က ကမ်းခြေစောင့် ရဲစခန်းနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည့် နောက်ပိုင်း သင်္ဘော ၆ စီးဖြင့် ချက်ခြင်း ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေသူများကို မတွေ့ရှိကြောင်း ၊ ရှာဖွေရေး လုပ်ငန်းများ ဆက်လက် ပြုလုပ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ၏ သင်္ဘောလုပ်ငန်းတွင် မြန်မာပြည်သား အများ အပြား ၀င်ရောက် လုပ်ကိုင်နေသည်။

နအဖ တပ်ရိက္ခာစပါးဝယ်ယူနိုင်ရန် ဆန်နယ်ကျော်တင်ပို့သည်ဟု အကြောင်းပြကာ ဆန်ဈေးကျရေး ကြိုးပမ်း

မျိုးဝင်းဇော်

ဆန်စပါးဈေး ကျဆင်းစေရန် ရည်ရွယ်ပြီး ဆန်နယ်ကျော်တင်ပို့သည်ဟု အကြောင်းပြကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်-မော်လမြိုင်ကားလမ်း စစ်တောင်းတံတား စစ်ဆေးရေးဂိတ်တွင် ဆန်တင်ကား (၁ဝ) စီး ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်ကုန်သည်တဦးက ပြောသည်။

၎င်းက “တပ်ရိက္ခာ စပါးဝယ်ယူဖို့ ဆန်ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦး တာဝန်ယူထားတယ်။ အဲဒီ အချိန်ကစပြီး ဆန်ဈေး၊ စပါးဈေးကျဖို့ အမျိုးမျိုး အရေးယူမှုတွေ လုပ်နေတာ ခု ဆန်ကားတွေကို စစ်တောင်းမှာ ဖမ်းတဲ့ အဆင့်အထိ ဖြစ်လာတယ်။ သူတို့က ဒီဆန်တွေ ထိုင်းဘက်တင်ဖို့ ကြိုးစားလို့ ဖမ်းတာပါဆိုပြီး စွပ်စွဲတယ်။ စစ်တောင်းမြစ်ဆိုတာ ပဲခူးတိုင်း ထဲမှာပဲ ရှိသေးတာ။ ဆန် နယ်ကျော်သယ်တာကို တားမြစ်ထားတာ ဘာစည်းကမ်းချက်တခုမှ မရှိသေးဘဲနဲ့ ခုလို ဖမ်းတာ ဖြစ်တယ်” ဟု ပြောသည်။

တရားဝင် ဆန်တင်ပို့ခွင့်ပါမစ် ထုတ်မပေးကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ဆန်ပြည်ပတင်ပို့နေသူများကို သီးသန့်ခေါ်ယူတွေ့ဆုံပြီး တပ်ရိက္ခာစပါး ဝယ်ယူပြီးစီးချိန်အထိ နိုင်ငံခြားတင်ပို့ခြင်း ရပ်ဆိုင်းထားရန် ဖိအားပေး ပြောဆိုခဲ့ကြောင်း အဆိုပါဆန်ကုန်သည်က ပြောသည်။

ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသ ဆန်ထွက်ရှိရာ နေရာများမှ ရန်ကုန်သို့ ဆန်တင်ပို့မှု လျော့နည်းသွားစေရန်အတွက် ဆန်တင်ပို့သူများသည် ဆန်ဝယ်ယူရာဒေသ အထောက်အထားပြသရန် စည်းကမ်းချက်အချို့ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါစည်းကမ်းချက်အရ ပြည်ပ ဆန်တင်ပို့လိုသူများသည် ဧရာဝတီတိုင်းသို့ ကိုယ်တိုင်ဆင်းပြီး ဆန်ဝယ်ယူရမည်ဖြစ်ပြီး မည်သူ့ထံက ဝယ်သည်၊ မည်သည့်စက်ဖြင့် ကြိတ်ခွဲသည်၊ မည်သည့် သင်္ဘော သို့မဟုတ် ကားနှင့် သယ်ဆောင်သည်၊ မည်သည့်ယာဉ်မောင်းက မောင်းနှင် သယ်ဆောင်သည်၊ မည်သည့်ဂိုဒေါင်တွင် သိုလှောင်သည် စသည့် အသေးစိတ် အချက်အလက်များကို ဆန်တင်ပို့မှု အစီရင်ခံစာတွင် တင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာက အချိန်မရွေး ဝင်ရောက်စစ်ဆေးမည် ဖြစ်ကြောင်း ပါရှိသည်။

ပြည်ပ ဆန်တင်ပို့သူတဦးက “ကျနော်တို့ကို ဆန်မတင်ပို့ပါနဲ့ဦးဆိုပြီး မေတ္တာရပ်ခံသလိုလိုနဲ့ ဖိအားပေးထားတယ်။ နောက် ခုလို ဆန်သွားဝယ်ရင် အသေးစိတ်အချက်တွေ တင်ပြရမယ်ဆိုတော့ ဆန် ဆင်းမဝယ်အောင် တားမြစ်လိုက်တဲ့သဘော ဖြစ်သွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဆန်တင်ပို့ခွင့် လိုင်စင် ရရှိထားသူများကို လိုင်စင်ရရှိပြီး သတ်မှတ်ကာလအတွင်း ဆန်မတင်ပို့နိုင်၍ဆိုကာ ကုမ္ပဏီအချို့ထံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနက လိုင်စင်ပြန်ရုပ်သိမ်းမှုများ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ တပ်ရိက္ခာစပါး ဝယ်ယူရန်အတွက် ဆန်ဈေး စပါးဈေး ကျအောင် အမျိုးမျိုးကြိုးစားနေသော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိသေးပေ။

ဧရာဝတီတိုင်း မြောင်းမြတွင် ဆန်ချောစပါး တင်း (၁ဝဝ) လျှင် ကျပ် (၅၃ဝ,ဝဝဝ)၊ ဆန်ကြမ်းစပါး တင်း (၁ဝဝ) ကျပ် (၄၂၅,ဝဝဝ) ဈေးနှုန်းပေါက်နေပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံ၌လည်း ဆန်ချောတတင်းခွဲ တအိတ် (၂၂,ဝဝဝ) ကျပ်၊ ဆန်ကြမ်း တအိတ် (၁၆,၂ဝဝ) ကျပ် ဈေးပေါက်နေသည်။

ဆန်ဈေး၊ စပါးဈေး ဆက်မကျပါက ယခင် ဆန်ဈေးအလွန်ကြီးမြင့်စဉ် နှစ်များက လုပ်သကဲ့သို့ ဆန်နယ်ကျော်တင်ပို့မှုများကို ကန့်သတ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအထွက် အင်းတိုင် စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ် စစ်ဆေးသွားမည်ဟု လက်ရှိ ဆန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၅ ခုနှစ်က တိုင်းပြည်ရဲ့ လွတ်လပ်ရေးခေါင်းဆောင် ဖြစ်သူ ရှိတ်ခ် မူဂျစ် လုပ်ကြံသူများကို ကွပ်မျက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ၁၉၇၅ ခုနှစ်က တိုင်းပြည်ရဲ့ လွတ်လပ်ရေးခေါင်းဆောင် ဖြစ်သူကို လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ အပြစ်ရှိတယ်လို့ စီရင်ချက် ချခံထားရသူ စစ်မှုထမ်းဟာင်း ၅ ယောက်ကို သေဒဏ်ပေးလိုက်ပါပြီ။

အဲဒီပုဂ္ဂိုလ် ၅ ယောက်ကို မနေ့က သက်ဆိုင်ရာ မိသားစုဝင်တွေနဲ့ နောက်ဆုံး တွေ့ခွင့်ပေးပြီး ဆွဲကြိုးချ သေဒဏ်ပေးလိုက်တဲ့အကြောင်း ဒေသစံတော်ချိန် ဒီနေ့ ကြာသပတေး မနက်မှာပဲ ထောင်တာဝန်ရှိသူတွေက ကြေညာခဲ့ပါတယ်။

မနေ့ကပဲ ဘင်္ဂလားဒေ့ရှ် တရားရုံးချုပ်က နောက်ဆုံး တရားဥပဒေဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားခဲ့ပြီးနောက် သေဒဏ်ပေးဖို့ စီရင်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်နဲ့ စစ်တိုက်လို့အပြီး ၁၉၇၁ ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စတင်ပေါ်ပေါက် လာရေးအတွက် ကြိုးပမ်းခဲ့တဲ့ လွတ်လပ်ရေးခေါင်းဆောင် ရှိတ်ခ် မူဂျစ်ဘာ ရာမန် (Sheikh Mujibur Rahman) ကို အဲဒီပုဂ္ဂိုလ် ၅ ဦးက လုပ်ကြံသတ်ဖြတ်ခဲ့မှုနဲ့ ပြစ်မှုထင်ရှားရှိကြောင်း တရားရုံးက ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ရှိတ်ခ် မူဂျစ်ဘာ ရာမန်ဟာ သူ့ဇနီးနဲ့ သား ၃ ယောက်နဲ့အတူ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရတာပါ။ လက်ရှိ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးချုပ် ရှိတ်ခ် ဟာစီနာ (Sheikh Hasina) ဟာ အဲဒီ လုပ်ကြံခြင်း ခံခဲ့ရတဲ့ ခေါင်းဆောင်ရဲ့ သမီး ဖြစ်ပါတယ်။

Tuesday, January 26, 2010

အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ကဒ်လူမျိုး ၅,၀၀၀ သေဆုံးခဲ့ရ ဓာတုအဆိပ်ဓာတ်ငွေ့ အလီကို အီရတ်မှာ ကွပ်မျက်

ဓာတုအဆိပ်ဓာတ်ငွေ့ အလီလို့ လူသိများတဲ့ ဆက်ဒမ် ဟူစိန် (Saddam Hussein) ရဲ့ လက်ရုံးလည်းဖြစ်၊ တ၀မ်းကွဲ ညီအကိုတော်လည်း ဖြစ်တဲ့သူကို လူသားမျိုးနွယ်ပေါ် စော်ကားတဲ့ ရာဇ၀တ်မှုနဲ့ ကွပ်မျက်လိုက်ပြီလို့ အီရတ်အစိုးရက ကြေညာပါတယ်။

သူ့ကို တနင်္လာနေ့က ကြိုးပေးလိုက်တာ ဖြစ်တယ်လို့ အီရတ်အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ အလီ အယ်လ် ဒက်ဘ်ဘာ့ဂ် (Ali al-Dabbagh) က ပြောပါတယ်။

အီရတ်တရားရုံးတွေက သူ့ကို သေဒဏ် ၄ ကြိမ် ချမှတ်ခဲ့ပါတယ်။ နောက်ဆုံးပြစ်ဒဏ်ကတော့ ဒီလ အစောပိုင်း မကြာသေးမီက ဖြစ်ပါတယ်။

၁၉၈၈ တုန်းက ကဒ်ဒေသ အရှေ့မြောက်ပိုင်းက ရွာတရွာဖြစ်တဲ့ ဟာလပ်ဘ်ဂျာ (Halabja) ကို အဆိပ်ဓာတ်ငွေ့နဲ့ တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ကြောင်း အပြစ်ထင်ရှားတယ်လို့ အယ်လ် မာဂျစ်ဒ် (Al-Majid) အပေါ် နောက်ဆုံး ဆုံးဖြတ်ချက် ချခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ကဒ်လူမျိုး ၅,၀၀၀ သေဆုံးခဲ့ကြရပါတယ်။ဒါကြောင့်လည်း သူ့ကို ဓာတုအဆိပ်ဓာတ်ငွေ့ အလီလို့ သိကြပါတယ်။

ကြိုးပေး ကွပ်မျက်စဉ်အတွင်း သူ့ကို ကြည့်သူတွေက အော်ဟစ်ဆဲဆိုတာ မရှိခဲ့ဘူးလို့ အီရတ် တာဝန်ရှိသူတွေက ပြောပါတယ်။ ၂၀၀၆ခုနှစ်မှာ ဆက်ဒမ် ဟူစိန်ကို ကွပ်မျက်စဉ်ကတော့ သူ့ကို အော်ဟစ်ဆဲဆိုခဲ့ကြပါတယ်။

R ဇာနည်နှင့် တခြားအဆိုတော်များ ဘန်ကောက်တွင် စင်တင်ပွဲကျင်းပ


ဘစောတင်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် R ဇာနည်နှင့် တခြား အဆိုတော်များ ပါဝင်သည့် စင်တင်ပွဲ ယမန်နေ့ညက ကျင်းပသွားရာ ယခင် အကြိမ်များထက် စနစ်ကျပြီး စည်ကားခဲ့သည်။

အဆိုပါစင်တင်ပွဲကို ထိုင်းနိုင်ငံမှ MP3 ကုမ္ပဏီက တာဝန်ယူ ခဲ့သောကြောင့် စနစ်တကျ ပြီးဆုံးခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး နောက်ပိုင်း တွင်လည်း ယခုကဲ့သို့ မြန်မာ အဆိုတော်များကို ခေါ်ယူကာ စင်တင်ပွဲများ ပြုလုပ်သွားမည်ဟု အဆိုပါ ကုမ္ပဏီက ကြေညာခဲ့သည်။

R ဇာနည်နှင့် ပရိသတ် ဤကဲ့သို့ ဟန်ချက်ညီညီ တွေ့ရသည် (ဓာတ်ပုံ - ဧရာဝတီ)
လာရောက် အားပေးကြသည့် ပရိသတ်များသည် ယမန်နှစ်က ဘန်ကောက် မဟာချိုင်ဒေသတွင် ဖျော်ဖြေမည်ဟု ကြေညာပြီးမှ ပွဲပျက်ခဲ့ဖူးသည့် R ဇာနည်ကို အထူး အားပေးကြောင်း တွေ့ရသည်။

R ဇာနည်ကို အမျိုးသားထက် အမျိုးသမီး ပရိသတ်များက ပိုမို အားပေးကြသည်။ ရုံဝင်လာသူ များထဲတွင်လည်း အမျိုးသား ပရိသတ်ထက် အမျိုးသမီး ပရိသတ်က ပိုမိုများပြား နေသည်ကို တွေ့ရသည်။

အဆိုပါ စင်တင်ပွဲတွင် R ဇာနည်နှင့် အတူ နောနော်၊ L ဆိုင်းဇီ၊ ဟန်ထွန်း၊ ထိုင်းအဆိုတော် စင်နှင့် ကောင်းဆက်တို့ ဖျော်ဖြေခဲ့ကြပြီး The Tree Band က တီးခတ်သည်။

မူလက ရုံဝင် လက်မှတ်များကို ၅၀၀၊ ၃၅၀၊ ၂၅၀ ဟု ကြေညာ ထားသော်လည်း တကယ်ရောင်းချသောအခါ ၃၅၀ တန် လက်မှတ်များကိုသာ ရောင်းချသဖြင့် ပိုက်ဆံမတတ်နိုင် သူတချို့မှာ အဝေးက လာခဲ့ရပြီး ရုံပြင်မှနားထောင်ကြရသည်ဟု ဘန်ကောက်အခြေစိုက် ရောင်ခြည်ဦး အလုပ်သမားအဖွဲ့ မှ ကိုအောင်မြင့်သိန်းက ပြောသည်။

“ရုံထဲဝင်တာ လူ ၂၀၀၀ အထက်ရှိတယ်၊ အပြင်မှာလည်း အများကြီးပဲ။ တချို့က ၂၅၀ တန်းပါတယ် ဆိုလို့ လာတာ၊ ၃၅၀ မတတ်နိုင်လို့ မဝင်ရဘူး” ဟု သူက ဆိုသည်၊

အဖွင့်တွင် ထိုင်းအဆိုတော် စင် ကသီဆိုပြီး ကောင်းဆက်က “အာလူးလာမပေးနဲ့ လေကိုနည်းနည်းလျှော့ ဆိုသည့် သီချင်းဖြင့် မြူးမြူးကြွကြွ ဖျော်ဖြေသည်။

နောနော်နှင့် Lဆိုင်းဇီတို့ကလည်း သူတို့၏ ကျော်ကြားသော သီချင်းများဖြင့် ဖျော်ဖြေသကဲ့သို့ ဟန်ထွန်းကလည်း သူ့စတိုင်အတိုင်း ငြိမ့်ငြိမ့်ညောင်းညောင်း ဖျော်ဖြေခဲ့သည်ကို တွေ့ရသည်။

R ဇာနည်က နောက်ဆုံး ဖျော်ဖြေသည်။ တချို့နေရာများတွင် လုံခြုံရေး ၀န်ထမ်းများ အနည်းငယ် ကြမ်းတမ်းစွာ ထိန်းသိမ်းနေရသည်။

Rဇာနည်က “ကျနော့်ကို အခုလို လာရောက်အားပေးတဲ့ ပရိသတ်ကြီးကို အထူးကျေးဇူးတင်ပါတယ်။ ကျနော်တို့  ပျော်ပျော်ရွှင်ရွှင် သီဆိုဖျော်ဖြေလို့ရအောင် စည်းကမ်းရှိရှိ အားပေးကြပါ။ တာဝန်ယူတဲ့ သူတွေနဲ့လည်း ပြဿနာမဖြစ်အာင် အားပေးကြပါ” ဟု မေတ္တာရပ်ခံခဲ့သည်။

လာရောက်ကြည့်ရှု အားပေးသည့် ရွှေ့ပြောင်း မြန်မာအလုပ်သမားများ အနှစ်ချိုက်ဆုံးမှာ R ဇာနည်၏ “ကိုယ့်အနားရှိစေချင်” သီချင်းဖြစ်သည်။ ပရိသတ်က “ရေမြေခြား သွားရတော့၊ မင်းလေးကို ထားခဲ့ရပြီပေါ့၊ မျက်ကွယ်ရာမှာ၊ စိတ်ချပါရစေ” အစရှိသည့် တေးသွားကို လိုက်လံသီဆိုကြသည်။

R ဇာနည်က စုစုပေါင်း သီချင်း ၇ ပုဒ်ဖြင့် ဖျော်ဖြေသွားခဲ့သည်။ ၇ နာရီကျော်မှ စတင်သော ဖျော်ဖြေပွဲသည် ည ၁၀ နာရီခွဲတွင် ပြီးဆုံးခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် မြန်မာအဆိုတော်များကို အစဉ် မျှော်လင့်နေ ကြသည်ကို တွေ့ရသည်။

R ဇာနည်နှင့် အဖွဲ့သည် ဤပွဲမတိုင်ခင် ပထုံဌာနီခရိုင် ခလုန်လွန်မြို့သစ်တွင်လည်း ဇန်န၀ါရီလ ၂၂ ရက်နှင့် ၂၃ရက်နေ့ များက ဖျော်ဖြေခဲ့ပြီးဖြစ်သည်။ လာမည့် ဇန်န၀ါရီလ ၂၈ရက်နှင့် ၂၉ရက်နေ့တွင်လည်း ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ကုန်ဈေးတန်းဈေးတွင် ဆက်လက်ဖျော်ဖြေမည်ဟု သတင်းရရှိသည်။

ယမန်နေ့ညက ကျင်းပသည့် ပွဲအပါအဝင် ဘန်ကောက် ငါးသေတ္တာ စက်ရုံတွင် မြန်မာအဆိုတော်များနှင့် ကျင်းပသည့် စင်တင်ပွဲမှာ တတိယအကြိမ်မြောက်ဖြစ်သည်။ ပထမအကြိမ်မှာ အဆိုတော်လေးဖြူပါဝင်သည့် Iron Cross စင်တင်ပွဲဖြစ်ပြီး ထိုင်းအာဏာပိုင်တို့က ဝင်ရောက် ဖမ်းဆီးမှုရှိခဲ့သည်။ ဒုတိယအကြိမ်မှာ နောနော်နှင့် တခြား အဆိုတော်များ၏ ဖျော်ဖြေပွဲ ဖြစ်သည်။

အကြွေ အစားသုံး တိုကင် ကျပ် ၁၀ သိန်းနီးပါး ရခိုင်တွင်ဖမ်းမိ

ဘစောတင်
ရခိုင်ပြည်နယ် အတွင်း မြန်မာ ငွေစက္ကူ အကြွေအဖြစ် သုံးစွဲသော တိုကင် လက်မှတ် ကျပ် ၉ သိန်းကျော်ဖိုး အာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

ကျပ် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် အဖြစ် သုံးစွဲနေသည့် တိုကင်များကို ဇန်နဝါရီ ၁ ရက်နေ့က နယ်စပ်ဒေသ စစ်ဆေးရေးနှင့် ကွပ်ကဲရေး (နစက) ဒေသ (၆) လက်အောက်ခံ နယ်မြေ မောင်တောမြို့နယ် ကညင်တောရွာတွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့နယ်အတွင်း အကြွေအစား အသုံးပြုနေသည့် တိုကင် (ဓာတ်ပုံ - ဧရာဝတီ)
အဆိုပါ ကျေးရွာနေ အထက်တန်းပြ ဆရာမ တယောက်က “ကညင်ချောင်း ရွာမှာ တိုကင် ၉ သိန်းကျော် ဖိုးလောက် အဖမ်းခံရလို့ တော်တော်လေး ဂယက်ရိုက်နေတယ်။ ကျမတို့ဆီမှာ အနုတ်မရှိတော့ ဒါကိုပဲ သုံးကြရတာ” ဟု ဆိုသည်။

ကျပ်ငွေ အကြွေ ရှားပါးမှုကြောင့် မြန်မာ တပြည်လုံးရှိ ကုန်စုံဆိုင်၊ လက်ဘက်ရည်ဆိုင်၊ ကွမ်းယာဆိုင် အစရှိသော ဆိုင်များတွင် အကြွေအစား သကြားလုံး၊ တစ်ရှူးထုပ်၊ ဆေးလိပ်၊ ဘောလ်ပင်၊ ဖရောင်းတိုင် အစရှိသည်တို့ကို ပြန်အမ်း နေသည်မှာ ၁၀ စုနှစ် တခုခန့်ရှိပြီ ဖြစ်သည်။

မောင်တောမြို့နယ်တွင်လည်း ၂၀၀၇ ခုနှစ်ခန့်က စတင်ကာ သက်ဆိုင်ရာ ဈေးဆိုင်အမည်များဖြင့် တိုကင်များရိုက်နှိပ်၍ အကြွေအစား တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြကြောင်း သိရသည်။

ယခုဖမ်းမိသွားသော တိုကင်လက်မှတ်များမှာ မောင်တောမြို့တွင်းရှိ ဈေးဆိုင်များတွင် လက်ရှိ အသုံးပြု နေသော တိုကင်များဖြစ်နေသောကြောင့် ပြည်သူများလက်ထဲတွင် လည်ပတ်နေသော တိုကင်များ အားလုံး သုံးမရဖြစ်သွားသည်ဟု မောင်တောမြို့မှ ဆရာတော် ဦးဝီရကမိန့်သည်။

“ပြန်လာဝယ်တဲ့ တိုကင်တွေက ဆိုင်တွေက တကယ် ထုတ်ပေးထားတာတွေလား၊ အတု လုပ်ထားတာလား ဆိုတာ စဉ်းစားစရာ ဖြစ်သွားတော့ ဆိုင်တွေက မယူရဲတော့ဘူး။ တကယ် အသုံးပြုနေပြီး လက်ထဲမှာ တိုကင်တွေ ကိုင်ထားတဲ့ ဒကာ၊ ဒကာမတွေ ဒုက္ခရောက်တာပေါ့” ဟု ဆရာတော်က ပြောသည်။

ယခု ဖမ်းဆီးရမိသည့် ကျပ် ၉ သိန်းကျော်ဖိုး တိုကင်များကို လူတဦးတည်းဆီမှ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မောင်တောမြို့တွင်သာမက တခြားသောမြို့များတွင်လည်း အကြွေရှားပါးမှုကြောင့် ဆိုင်ရှင်၏ လက်မှတ်နှင့် ငွေတန်ဖိုးရေးကာ တိုကင်အဖြစ် အသုံးပြုကြကြောင်း သိရသည်။

ငွေအကြွေရှားပါးမှုကြောင့် ပြန်အမ်းသည့် ပစ္စည်းများကို စားသုံးသူ တို့က လက်မခံချင်ကြသဖြင့် ထိုသို့ တိုကင် ပြုလုပ်ကာ ပြန်အမ်းခြင်း ကျယ်ပြန့်လာခြင်းဖြစ်သည်။ ကုန်စိမ်း ဆိုင်များတွင်မူ နံနံပင်၊ ငရုပ်သီးစိမ်း၊ ခရမ်းချဉ်သီးတို့ကို အကြွေအဖြစ် ပြန်အမ်းကြသည်။

တချို့သော ကုန်စုံဆိုင်၊ စားသောက်ဆိုင်နှင့် ကွမ်းယာဆိုင်တို့ကမူ ဝယ်နေကျ ဖောက်သည်ကို အကြွေ ပြန်မအမ်းတော့ဘဲ စာရင်းမှတ်ထားသည့် စနစ်နှင့် လည်ပတ်ကြသည်ဟု သိရသည်။

“ဥပမာ ၂၀၀ အမ်းရမယ်ဆိုရင် မအမ်းတော့ဘဲ နောက်တခါအတွက် ပေါင်းမှတ်ထားတာမျိုး၊ ဒါမှမဟုတ် စားသုံးသူဘက်က ပေးစရာကျန်တယ်ဆိုရင်လည်း အဲဒီလိုပဲ ဆိုင်ရှင်က မှတ်ထားလိုက်တာမျိုး လုပ်ကြတယ်” ဟု ရန်ကုန်မြို့နေ ကုမ္ပဏီ ဝန်ထမ်းတဦးက ပြောပြသည်။

စစ်အစိုးရက ၅၀၀ ကျပ်တန်၊ ၁၀၀၀ ကျပ်တန်နှင့် ၅၀၀၀ ကျပ်တန်များကိုသာ အသစ်ထုတ်လုပ်သော်လည်း ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ် အစရှိသည့် အကြွေများကို အသစ်ထုတ်လုပ်ခြင်း မရှိသောကြောင့် အကြွေရှားပါးသည့် ပြဿနာကို ရင်ဆိုင်နေကြရကြောင်း၊ ထိုသို့ အကြွေရှားပါးသည့် ပြဿနာကို မဖြေရှင်းနိုင်သေးကြောင်း ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက သုံးသပ်သည်။

“ငွေအကြွေအစား ပစ္စည်းတွေကို ပြန်အမ်းတော့ စားသုံးသူက မလိုချင်တဲ့ပစ္စည်းအတွက်ပါ ငွေ အပိုကုန်ရသလိုဖြစ်တယ်၊ ပစ္စည်းအစား တိုကင်ကို အသုံးပြုပြန်တော့လည်း အလွယ်တကူ အတု လုပ်နိုင်တော့ ရောင်းတဲ့သူဘက်က ထိခိုက်တယ်” ဟု သူက ဆိုသည်။

ဘူးသီးတောင် မောင်တော နယ်စပ် စီးပွားရေးသတင်းများ ရေးသားနေသည့် ပြည်တွင်း သတင်းထောက် တဦးကလည်း တတိုင်းပြည်လုံးတွင် တိုကင်အသုံးပြုကာ မောင်တောမြို့နယ်ကဲ့သို့ ဖမ်းမိပြီး အသုံးမပြုခွင့် မရတော့လျှင် သာမန်ပြည်သူများ နစ်နာမည်ဟု ပြောသည်။

အိန္ဒိယနိုင်ငံတွင် မြန်မာ ဘုရားဖူးယာဉ် တိမ်းမှောက်၊ တဦးသေဆုံး

ဇာနည်မာန်
အိန္ဒိယနိုင်ငံတွင် မြန်မာဘုရားဖူးများ လိုက်ပါလာသော ယာဉ်တစီး မတော်တဆ တိမ်းမှောက်ခဲ့ရာ အမျိုးသား ၁ ဦးသေဆုံးပြီး ကျန်ခရီးသည် များလည်း ဒဏ်ရာ ရရှိခဲ့ကြကြောင်း သတင်းရရှိသည်။

ဇန်န၀ါရီလ ၂၃ ရက် နံနက် ၅ နာရီခန့်က နယူးဒေလီမှ ကီလိုမီတာ ၃၀၀ ကျော်တွင်ရှိသော ဥတ္တရာ ပရာဒေ့ရှ် ပြည်နယ်သို့ အသွား မြူနှင်းများ ထူထပ်စွာ ကျရောက်နေရာ လမ်းမပေါ် ဖြတ်ပြေးသည့် တိရစ္ဆာန်တကောင်ကို ရှောင်လိုက်ရာမှ ဘုရားဖူးယာဉ် တိမ်းမှောက်ခဲ့ရကြောင်း သိရသည်။

“အကောင်ကို ရှောင်လိုက်လို့ ကားက လမ်းချော်သွားတာ။ ကားပေါ်ပါတဲ့ ဦးပဉ္ဇင်း ၇ ပါးအပါအ၀င် ၁၆ ယောက်လုံး ပွန်းပဲ့ဒဏ်ရာတွေ ရကြတယ်။ ရန်ကုန်က အသက် ၄၀ ကျော်အရွယ် ဦးသိန်းမြင့်ကတော့ ဆုံးသွားတယ်” ဟု ယာဉ် တိမ်းမှောက်မှုတွင် ပါဝင်သော ဘုန်းတော်ကြီးတပါးက မိန့်သည်။

အဆိုပါ မြန်မာဘုရားဖူး အဖွဲ့သည် ဗုဒ္ဓမြတ်စွာဘုရားက တာဝတိံသာ နတ်ပြည်တွင် မယ်တော်မိနတ်သားကို တရားဟောပြီး ရွှေစောင်းတန်း၊ ငွေစောင်းတန်း၊ ပတ္တမြားစောင်းတန်းမှ ဆင်းလာသည့် နေရာဟု အဆိုရှိသော သင်္ကဿနဂိုင်္ဃ ပြည်သို့ ဦးတည်သွားခဲ့ကြခြင်း ဖြစ်သည်။

“အဲ့ဒီနေ့ ညနေကပဲ သင်္ဂြိုဟ်လိုက်တယ်။ ဘုရားဖူးတွေကတော့ သာဝတ္ထိဘက် ရှေ့ဆက်သွားမလို့ မသွားဖြစ်တော့ဘူး။ ဒကာမကြီးတွေကလည်း ခြေထောက်တွေ တော်တော် နာသွားကြတယ်။ အခုတော့ သင်္ကဿနဂိုင်္ဃက ဘုန်းတော်ကြီး ကျောင်းမှာပဲ နားနေကြတယ်” ဟု တခြား ဦးပဉ္ဇင်းတပါးက မိန့်သည်။

ဆောင်းတွင်းကာလဖြစ်၍ နယူးဒေလီမြို့အပါအ၀င် အိန္ဒိယနိုင်ငံမြောက်ပိုင်း မြေပြန့်ဒေသတချို့၌ မြူနှင်းများ ထူထပ်စွာ ကျရောက်ချိန်တွင် ယာဉ်သွားလာမှုခက်ခဲသကဲ့သို့ ယာဉ်မောင်းများ၏ မဆင်မခြင်မောင်းနှင်မှု၊ ပေါ့ဆမှုတို့ကြောင့် ယာဉ်မတော်တဆ ထိခိုက်မှုများ တိုးပွားလာကြောင်း အိန္ဒိယ သတင်းစာများတွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၇ ရက်ကလည်း ဗုဒ္ဓဂါယာတွင် ဖြစ်ပွားသော ယာဉ်တိုက်မှုတခု၌ ဘုရားဖူးလာသည့် ရန်ကုန် သာကေတ မိုးကုတ်ရိပ်သာမှ သက်တော် ၅၃ နှစ်အရွယ် ဆရာတော် ဦးပုညာနန္ဒ ပျံတော်မူခဲ့သည်။

ရန်ကုန် ဗဟန်းမြို့ ငါးထပ်ကြီးတောင်ရပ်ကွက် မီးလောင်မှု၊ နေအိမ် ၁၃ လုံး လောင်ကျွမ်း



မဇ္ဈိမ
ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ ယမန်နေ့ မီးလောင်မှုတွင် နေအိမ် ၁၃ လုံး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက တရားဝင် သတင်းထုတ်ပြန်သည်။

ဗဟန်းမြို့ ငါးထပ်ကြီးတောင်ရပ်ကွက် အင်ကြင်းလမ်း အိမ်အမှတ် ၁၄၂ တွင် နေအိမ်မီးအားမြှင့်စက် အပူလွန်၍ ရှော့ခ်ဖြစ်ရာမှ စတင်မီးလောင်ခဲ့ကြောင်း အမည်မဖော်လိုသူ ရန်ကုန်တိုင်း မီးသတ်အရာရှိတဦးက ပြောသည်။

ညနေ ၅ နာရီခန့်မှ စတင်၍ မိနစ် ၃ဝ ခန့်အကြာ မီးလောင်ခဲ့ရာ အနီးပတ်ဝန်းကျင်ရှိ ဘုန်းကြီးကျောင်းများမှ သံဃာတော်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရကြောင်း မျက်မြင်သက်သေများက ဆိုသည်။

''ဘုန်းတော်ကြီး အပါး ရာနဲ့ချီလာပြီး ငြိမ်းကြတယ်။ အဲဒီမီးလောင်တဲ့ နေရာနားမှာ ဘုန်းကြီးကျောင်းတိုက်တွေ အများကြီးပဲ။ မီးသတ်ကားကတော့ မီးလောင်တာနဲ့ ဘယ်ရောက်နိုင်မလဲ။ ရေထည့်ရတာနဲ့ဆိုတော့ နည်းနည်း ကြာတယ်။ လာတာတော့ အစီး ၃ဝ လောက် ရှိတယ်။ မီးလောင်တဲ့ နေရာကလည်း မီးသတ်ကား ဝင်လို့ မရဘူး။ အဲဒီအတွက် အခက်အခဲရှိတာ တွေ့ရတယ်ဗျ'' ဟု မျက်မြင်သက်သေတဦးက ပြောသည်။

မီးလောင်သဖြင့် မီးဘေးဒုက္ခသည် ၈၅ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်သွားရကြောင်းနှင့် ယခုအခါ ငါးထပ်ကြီး ဘုရားလမ်းမှ တိုင်းရင်းဆေးရုံဝင်း၌ မီးဘေးဒုက္ခသည်စခန်း ဖွင့်လှစ်ထားကြောင်း မီးသတ်အရာရှိက ပြောသည်။

မီးဘေးဒုက္ခသည်များ အပြောအရ အာဏာပိုင်များက မည်သည့်အထောက်အပံ့မျှ မပေးသေးကြောင်း သိရသည်။

''လတ်တလောမို့လို့လားတော့ မသိဘူး။ ကျမတို့ ဘာမှတော့ မရသေးဘူး။ ဒါပေမဲ့ အနီးအနားက လာပေးကြပါတယ်'' ဟု ဒုက္ခသည်တဦးက ပြောသည်။

ရန်ကုန်တွင် လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ကာ မကြာခဏ မီးလောင်တတ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဌာနမှ ဝါရင့် မီးသတ်ရဲဘော်တဦးက ပြောဆိုသည်။

''ဘာ့ကြောင့်ရှော့ခ်ဖြစ်လဲဆိုရင် လျှပ်စစ်မီးပြတ်တောက်မှု များလို့ပဲ။ လူတွေက စားဝတ်နေရေးအတွက် အလုပ်တွေ မနားမနေ လုပ်ကိုင်နေရတယ်။ ဒီအခါ ရုတ်တရက် အိမ်မှာ မီးပြတ်သွားမယ်။ အပြင်ကိုထွက်တော့ သတိက မေ့နေတတ်တယ်။ အပြင်အလုပ်ကိုပဲ စိတ်ရောက်နေတဲ့အတွက် ဖြစ်တယ်။ ဒါ့ကြောင့် ဒီလို ရှော့ခ်ဖြစ်တာတွေကို တွေ့ရတယ်။ ကျနော်တို့ မီးသတ်ရဲဘော်တွေအနေနဲ့ မကြာခဏ တွေ့ရတဲ့ ဖြစ်ရပ်တခုပါပဲ'' ဟု သူက ဆိုသည်။

ယမန်နေ့ မီးလောင်မှုသည် ၂ဝ၁ဝ ပြည့်နှစ် နှစ်ဦးပိုင်းတွင် မြန်မာနိုင်ငံ၌ အကြီးမားဆုံး ဖြစ်ကြောင်း ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာန၏ တရားဝင် စာရင်းများအရ သိရသည်။

ယခုလ ၇ ရက်နေ့က ရန်ကုန်တိုင်း လှိုင်မြို့ နယ် ၂ ရပ်ကွက်ရှိ ၃ လမ်းနှင့် ၄ လမ်းကြားတွင် နေအိမ် ၅ လုံး မီးလောင်ခဲ့သလို၊ ၁ဝ ရက်နေ့ကလည်း သုဝဏ္ဏမြို့နယ် ရန်ကုန်သစ်ရပ်ကွက်တွင် နေအိမ် ၄ လုံး ဆုံးရှုံးခဲ့ရသေးသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် တရားမ၀င် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသဖြင့် သင်္ဘောများ ကုန်စည်မရှိ

ခိုင်လင်း
မကြာသေးမီက ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်တွင် ဆန်များကို ဖမ်းဆီးပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး (နကသ) အမည်ဖြင့် မှောင်ခိုကုန်သွယ်မှုများ ရပ်နားထားရ၍ ဗန်းမော်-မန္တလေး ဧရာဝတီမြစ်ကြောင်း သင်္ဘောခရီးစဉ်တွင် ကုန်မပါသလောက် ဖြစ်နေသည်။

နကသ နာမည်ခံ၍ မြန်မာဘက်မှ ဆန်၊ ပြောင်း၊ နှမ်းအပါအဝင် မှောင်ခိုပစ္စည်းများ တရုတ်ပြည်ဘက်သို့ တင်ပို့ပြီး ဆိုင်ကယ်နှင့် ကားအပိုအပစ္စည်း၊ အထည်အလိပ်၊ ကြက်သွန်ဖြူ၊ ပန်းသီး စသည့် တရုတ်ပစ္စည်းများ တင်သွင်းနေခဲ့ရာ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (စစစ) အဖွဲ့က ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ကုန်သွယ်မှု ရပ်နားထားခဲ့ရသည်ဟု ဗန်းမော်ကုန်သည်တဦးက ပြောသည်။

၎င်းက “နကသ ကနေ လုပ်နေပါတယ်ဆိုတဲ့သူတွေ ရပ်နားနေရတယ်။ လွယ်ဂျယ်ဘက်မှာလည်း ကားတွေ ဒီဘက် ပြန်မဆင်းနိုင်သေးဘူး။ ဒီဘက်ကလည်း မတက်နိုင်ကြသေးဘူး။ ဒီလမ်းက တကယ်က နကသလို့သာ အမည်ခံထားတာ၊ ဝန်ထမ်းတွေနဲ့ ညှိပြီး လုပ်နေကြတာ။ အခု စသုံးလုံး အဖွဲ့ဝင်လာတဲ့ခါကျတော့ အရင်ကကိစ္စတွေလည်း ပေါ်နိုင်တယ်လေ။ တကယ်လို့ ဂျူတီတွေဆောင်ပြီး လုပ်ပြန်ရင်လည်း ကုန်သည်က မကိုက်နိုင်ဘူး။ ဒါကြောင့် နားနေကြတာ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နေပြည်တော် စစ်ရုံးချုပ်မှ ပြောင်းရွှေ့လာသူ မိုးမိတ်စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဝင်းမင်းထွန်း၏ အမိန့်ဖြင့် ဗန်းမော်-လွယ်ဂျယ်အကြား စိန်လုံကျေးရွာတွင် ဆန်များတင်ဆောင်ထားသည့် ကား (၃) စီးအား ယခုလလယ်ပိုင်းက ဖမ်းဆီးမိခဲ့ရာမှ တရုတ်ပြည်သို့ နကသမှတဆင့် ဆန်ခိုးထုတ်သည့်ကိစ္စ ပေါ်ပေါက်ခဲ့ပြီး မြစ်ကြီးနားမြို့မှ ပြည်နယ်အဆင့် စစစ အဖွဲ့ ရောက်ရှိလာကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ် နမ်းခမ်းမြို့အနီး မန်ဝိန်းမှလည်းကောင်း၊ လွယ်ဂျယ်မှလည်းကောင်း၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမှလည်းကောင်း တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်နေသည့် တရုတ်ကုန်ပစ္စည်းများအား ဗန်းမော်မြို့ မှတဆင့် သင်္ဘောဖြင့် မန္တလေးသို့ စုန်ဆင်းတင်ပို့နေကြသဖြင့် ယခင်က သင်္ဘောများတွင် ကုန်အပြည့်ပါရှိသော်လည်း ယခု ကုန်ပစ္စည်းနည်းပါးနေသည်ဟု အဆိုပါ ဗန်းမော်မြို့ခံကုန်သည်က ပြောသည်။

၎င်းက “အခု ဗန်းမော်ကို ကုန်မဝင်တော့လို့ သင်္ဘောတွေမှာ ကုန်မပါသလောက်ဖြစ်နေပြီ။ တခါတလေဆို ခါလီဖြစ်နေတယ်။ ဗန်းမော်အောက် သုံး-လေးဖာလုံလောက်မှာ သင်္ဘောဆိပ်ရှိလို့ ထော်လာဂျီတို့၊ ကားတို့နဲ ပို့ပေးရတာတွေလည်း ကုန်မရှိလို့ သူတို့တွေလည်း နေ့တွက်မကိုက်ဘဲဖြစ်နေတယ်။ ကုန်တင်ကုန်ချ အလုပ်သမား၊ အထမ်းသမားတွေလည်း ကုန်မရှိရင် အလုပ်မရဘူးပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မူဆယ်-မန္တလေး လမ်းကြောင်းရှိ (၁ဝ၅) မိုင် နကသစခန်းကသာ တရားဝင် ကုန်သွယ်ရေးအနေဖြင့် အဓိကလုပ်နေကြပြီး လွယ်ဂျယ်၊ ချင်းရွှေဟော်၊ လိုင်ဇာနှင့် ကန်ပိုက်တီးဟူ၍ နကသစခန်းများ ဖွင့်ထားသော်လည်း တရားမဝင် ကုန်သွယ်ရေးကိုသာ အဓိကလုပ်ကိုင်နေကြသည်။

မဲဆောက် ဟန်ထိုင်းအထည်ချုပ်စက်ရုံ (၃) လပိတ်


ရဲရင့်
မဲဆောက်ရှိ ဟန်ထိုင်း အထည်ချုပ်စက်ရုံတွင် မြန်မာအလုပ်သမား (၁,၅၀၀) ခန့်ကို အလုပ်ရှင်က ကြိုတင်အကြောင်းမကြားဘဲ စက်ရုံကို ယာယီ (၃) လ ပိတ်လိုက်သဖြင့် အခြေအနေအမှန် သိရှိနိုင်ရန်အတွက် အလုပ်သမားများက စုံစမ်းမှုများ ပြုလုပ်နေသည်။

ဟန်ထိုင်းစက်ရုံမှ အလုပ်သမား မောင်နိုင်က “ပြီးခဲ့တဲ့ (၂၀) ရက်နေ့ကပြီး စက်ရုံကို သူဌေးက (၃) လ ယာယီပိတ်တယ်ဆိုပြီး ပိတ်လိုက်တယ်။ အလုပ်သမားတွေကိုတော့ ဘာနစ်နာကြေးမှ မပေးဘူး။ ပိတ်တဲ့ကာလ အတွင်း တယောက်ကို ဟင်းဖိုး ဘတ် (၂၀) ပဲ ပေးတယ်။ ကျနော်တို့ စုံစမ်းနေတာက သူဌေးက နစ်နာကြေးမပေးဘဲ စက်ရုံပိတ်ချင်လို့ တဖက်လှည့်နဲ့ အလုပ်သမား တွေကို ထုတ်တာ ဟုတ်မဟုတ် သိချင်လို့ပါ။ ဘုမသိဘမသိ ဆန္ဒပြတာတွေတော့ လုပ်လို့မဖြစ် သေးဘူး” ဟု ပြောသည်။

အကယ်၍ အလုပ်ရှင်မှ သဘောရိုးဖြင့်မဟုတ်ဘဲ စက်ရုံပိတ်ခြင်းဖြစ်ပါက (၃) လ ပြည့်ချိန်ထိ စောင့်မည်မဟုတ်ဘဲ မိမိတို့၏ နစ်နာကြေးများ ရရှိနိုင်ရန် ထိုင်းအလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံးမှတဆင့် အရေးဆိုသွားမည်ဟုလည်း ပြောသည်။

အလုပ်သမား (၁,၅၀၀) အနက် အများစုမှာ မြန်မာပြည်ပြန်သွားကြသဖြင့် လက်ရှိစက်ရုံတွင် အလုပ်သမား (၁၀၀) ကျော်သာ ကျန်ရှိပြီး အဆိုပါအလုပ်သမား (၁,၅၀၀) တွင် ထိုင်း အလုပ်သမားမှတ်ပုံတင်ထားသူ အရေအတွက်မှာ (၁,၀၀၀) ခန့်ရှိသည်ဟု သိရသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ပြဋ္ဌာန်းချက်အရ မဲဆောက်အပါအ၀င် တာ့ခ်ခရိုင်အတွင်း သတ်မှတ်ထားသည့် အနိမ့်ဆုံး လုပ်အားခမှာ တနေ့ (၁၅၃) ဘတ်ဖြစ်ပြီး မည်သည့်လုပ်ငန်းရှင်မဆို လုပ်ငန်းယာယီ ရပ်ဆိုင်းထားသည့် ကာလအတွင်း အလုပ်သမားတဦးအား တနေ့တာလုပ်အားခ၏ တ၀က် ပေးရမည်ဖြစ်သည်။

မဲဆောက်ဒေသတွင်းရှိ စက်ရုံအချို့တွင် စက်ရုံပိတ်လို၍ဖြစ်စေ၊ လုပ်ငန်းပြောင်းလဲလို၍ဖြစ်စေ ၎င်းတို့၏ အလုပ်သမားများကို မည်သည့်နစ်နာကြေးမှမပေးဘဲ တဖက်လှည့်ဖြင့် လုပ်ငန်းခွင်များမှ ထွက်ခွာစေခြင်းနည်းများကို အသုံးပြုမှုများ ရှိသည်ဟု အလုပ်သမားအရေးဆောင်ရွက်နေသည့် (JACBA) အဖွဲ့မှ ဦးမိုးကြိုးက ပြောသည်။

၎င်းက “စက်ရုံပိုင်ရှင်တွေက အလုပ်သမားတွေကို အလိုမရှိတော့ဘူးဆိုရင် နည်းမျိုးစုံနဲ့လုပ်တာတွေရှိတယ်။ အလုပ်သမားတွေ အနေနဲ့ သိရမှာက ဘယ်လိုနည်းနဲ့ပဲပိတ်ပိတ် အလုပ်သမားဥပဒေအရ အလုပ်သမားတွေဘက်က အလုပ်သမားအခွင့်အရေး ကာကွယ်ရေးရုံး(ဆ၀ဒီကန်) မှာ (၁၅) ရက်အတွင်း အကြောင်းကြားဖို့ လိုတယ်။ ဒါမှ တကယ်ပြဿနာဖြစ်လို့ ဖြေရှင်းတဲ့ အချိန်ကျရင် ကိုယ့်ဘက်က အလားအလာတွေ ကောင်းမယ်” ဟု ပြောသည်။

ထိုင်းအလုပ်သမားဥပဒေအရ အလုပ်ရှင်သည် ယာယီအလုပ်ရပ်ဆိုင်းလိုပါက သက်ဆိုင်ရာ အလုပ်သမား စစ်ဆေးရေးအရာရှိနှင့် အလုပ်သမားများကို တလကြိုတင်အကြောင်းကြားရမည်ဖြစ်ပြီး ကြိုတင်အကြောင်းမကြားဘဲ ယာယီ လုပ်ငန်းရပ်ဆိုင်းပါက အလုပ်သမားများကို နောက်ဆုံးတလစာ ပေးရမည်ဟုလည်း ပြောသည်။

အလုပ်သမ နန်းအေးက “လုပ်အားခအပြည့်မရပေမယ့် ဟန်ထိုင်းမှာ နှစ်ရှည်လူဟောင်းတွေက တလကို (၇) ထောင် (၈) ထောင် အထိ ရတာတွေရှိတော့ အခြေအနေကို စောင့်ကြည့်ချင်သေးတယ်၊ ကိုယ်ဘက်က အမှားမဖြစ်ရအောင်ပါ။ သူဌေး လိမ်တယ် ဆိုရင်တော့ နစ်နာကြေးတွေ တောင်းဖို့ကိစ္စ ကျမတို့အားလုံး သဘောတူထားတာ ရှိတယ်” ဟု ပြောသည်။

ထိုင်းနယ်စပ် မဲဆောက်ဒေသအတွင်း စက်ရုံအလုပ်ရုံပေါင်း (၂၀၀) ကျော်ရှိပြီး အလုပ်သမားဝန်ကြီးဌာန၏ တနေ့တာလုပ်အားခ (၁၅၃) ဘတ် ပေးသည့်အထည်ချုပ်စက်ရုံမှာ (၂) ရုံသာရှိကာ TK FASHION နှင့် TOP FORM စက်ရုံတို့ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟုနအဖပြည်ထဲရေးဝန်ကြီး ပြောကြား


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ်သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့ကြောင်း ယနေ့ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယခုလ (၂၁) ရက်တွင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ပြောကြားခဲ့ကြောင်း မြို့ခံမျက်မြင်များကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

နေအိမ်တွင် ထိန်းသိမ်းခြင်းခံနေရသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအားလည်း လာမည့် ဖေဖော်ဝါရီ (၁၃) ရက်တွင် လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ နအဖစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအား ပြန်လွှတ်ပေးမည်ဟု ပြောဆိုနေသော် လည်း ယခုအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကို အစိုးရအာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဆိုသည့်အချိန်သည် လွတ်ရက်စေ့၍ လွှတ်သည့်သဘောမျိုးသာ ဖြစ်နေသည်ဟု အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အခါမှာ ရွေးကောက်ပွဲမတိုင်ခင်မှာ လွှတ်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ် ရေး လုပ်ငန်းစဉ်တွေကို လုပ်ပြီးမှ ရွေးကောက်ပွဲကို သွားလို့ရှိရင်တော့ အင်မတန်သင့်တော်တဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာပြည်သူ များနဲ့ မြန်မာနိုင်ငံအဖို့ အကျိုးစီးပွားသက်ရောက်မှာ ဖြစ်ပါတယ်။ အင်မတန်မှန်ကန်သင့်လျော်တဲ့ အတွက်ကြောင့် ကြိုဆိုရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ခင် ရွေးကောက်ပွဲကျင်းပသွားမည်ဆိုပါက နိုင်ငံတကာက တောင်းဆိုထားသည့် အချက်များကို နအဖအနေဖြင့် လျစ်လျူရှုသည့်အတွက် နိုင်ငံရေးပြဿနာများ ပြေလည်နိုင်မည်မဟုတ်ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် သန့်ရှင်းလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက တောင်းဆိုလျက်ရှိသည်။

“အဲဒါတွေကို မျက်ကွယ်ပြု သတိမထားဘဲ ရွေးကောက်ပွဲ ဆက်လုပ်သွားမယ်ဆိုရင် နိုင်ငံရေးအားဖြင့် အပြောင်းအလဲ ကြီးကြီးမားမားတော့ ရှိမှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲတခုကို ကျင်းပတယ်ဆိုတဲ့ သဘောလောက်ပဲ ဆောင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအပြီးမှာလည်း နိုင်ငံရေးအရ အနှစ်သာရရှိမယ့် အပြောင်းအလဲရှိမယ်လို့ အန်ကယ်တို့ မယူဆပါဘူး” ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခု သြဂုတ်လတွင် ၎င်း၏ နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်ထောကို လက်ခံခဲ့သည့်အတွက် အမှုစွဲတင်ခံရပြီး နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ချမှတ်ထားခံရသည်။ အဆိုပါ နေအိမ်အကျယ်ချုပ်သက်တမ်းကို ပြီးခဲ့သည့်မေလမှ စတင်သတ်မှတ်ရာ လာမည့်နိုဝင်ဘာလတွင် သက်တမ်းပြည့်မည် ဖြစ်သည်။

ဦးတင်ဦး လွှတ်ပေးမည်ဆိုခြင်းသည်လည်း လွတ်ရက်စေ့သည့်သဘောမျိုးပင်ဖြစ်သော်လည်း ကြိုဆိုကြောင်း၊ အဖွဲ့ချုပ်စည်းလုံး ညီညွတ်ရေးအတွက်၊ ရှေ့အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတွက် အားရှိမည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရန်နှင့်
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် နအဖစစ်အစိုးရထံ တောင်းဆိုထားပြီး ယင်းအချက်များနှင့် ပြည့်စုံပါက ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ထားသည်။

အီသီယိုးပီးယား ခရီးသည်တင် လေယာဉ် ပျက်ကျ


ပျက်ကျသွားသောလေယာဉ်မှ အပျက်အစီး အပိုင်းအစများကို စစ်ဆေး ကြည့်ရှုနေသော လက်ဘနွန်စစ်သားတဦး။
ဇန်န၀ါရီ ၂၅၊ ၂၀၁၀။
ခရီးသည် ၈၂ ဦးနဲ့ လေယာဉ်ဝန်ထမ်း ၈ ဦး လိုက်ပါလာခဲ့တဲ့ အီသီယိုးပီးယား လေကြောင်းရဲ့ ဘိုးအင်း ၇၃၇ လေယာဉ်ကြီးဟာ ဒီနေ့မနက် စောစောပိုင်း ရာသီဥတု ဆိုးရွားနေစဉ် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် နိုင်ငံတကာ လေဆိပ်ကနေ ပျံတက်ပြီး မိနစ်ပိုင်း အကြာမှာပဲ မြေထဲပင်လယ်ထဲကို ပျက်ကျသွားခဲ့ပါတယ်။

လေယာဉ်ကြီး လေထဲကိုရောက်ပြီး မကြာခင်မှာပဲ ဘေရွတ်လေဆိပ်က ရေဒါတွေထဲမှာ ပျောက်ကွယ်သွားခဲ့တယ်လို့ လက်ဘနွန် လေကြောင်း ထိန်းသိမ်းရေးဌာန အရာရှိတွေက ပြောဆိုခဲ့ပြီး မြေထဲပင်လယ် ကမ်းရိုးတန်းက မျက်မြင်သက်သေတွေက လေယာဉ်ကြီး လေထဲမှာ ပေါက်ကွဲသွားတဲ့ မီးလုံးအကြီးစားကြီး ပင်လယ်ထဲ ထိုးကျသွားတာကို မြင်လိုက်ကြတယ်လို့ ဆိုပါတယ်။

လေယာဉ်ကြီးဟာ ဘေရွတ်မြို့တော်ကနေ အီသီယိုးပီးယားနိုင်ငံ အဒစ်စ်ဘာဘာမြို့တော်ကို ပျံသန်းသွားတာ ဖြစ်ပြီး အခုပျက်ကျမှုမှာ လေယာဉ်ပေါ်ပါသူတွေ တယောက်မှ အသက်ရှင်ဖွယ်ရာ မရှိဘူးလို့ လက်ဘနွန် အရာရှိတွေက ပြောဆို ကြပါတယ်။ အခုချိန်ထိ အလောင်း ၁၀ လောင်း တွေ့ရှိခဲ့ပြီး လက်ဘနွန် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက လေယာဉ်ပျက်နဲ့ နောက်ထပ် အလောင်းတွေကို ရှာဖွေနေဆဲ ဖြစ်ပါတယ်။

လက်ဘနွန်မှာ မိုးသည်းထန်စွာ ရွာသွန်းနေပြီး မုန်တိုင်းတွေ ကျနေတုန်းမှာပဲ လေယာဉ်ကြီးဟာ ဘေရွတ်လေဆိပ်က ပျံတက်ခဲ့တာ ဖြစ်ပြီး လက်ဘနွန်သမ္မတ မီရှဲလ် ဆူလေမန် (Michel Suleiman) က အခု လေယာဉ်ပျက်ကျမှုဟာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ခရီးသည်တွေထဲမှာ လက်ဘနွန်နိုင်ငံသား ၅၁ ဦး၊ အီသီယိုးပီးယား နိုင်ငံသား အနည်းဆုံး ၂၃ ဦးအပြင် လက်ဘနွန်နိုင်ငံ ဆိုင်ရာ ပြင်သစ်သံအမတ်ကြီးရဲ့ ဇနီးလည်း ပါဝင်ပါတယ်။

အီသီယိုးပီးယား လေကြောင်းလိုင်းက လေယာဉ်တွေ အခုလို ပျက်ကျတာမျိုး တခါမှ မဖြစ်ဘူးဘဲ ၁၉၈၈ ခုနှစ်တုန်းက အင်ဂျင်ထဲကို ငှက်တွေ တိုးဝင်သွားလို့ တကြိမ်နဲ့ ၁၉၉၆ မှာ အကြမ်းဖက်သမားတွေ လေယာဉ်ကို အပိုင်စီးခဲ့လို့တကြိမ်၊ နှစ်ကြိမ်ပဲ ပျက်ကျခဲ့ဖူးတာ ရှိတယ်လို့ လေကြောင်းလိုင်း အကြီးအကဲက ပြောဆိုသွားပါတယ်။

Saturday, January 23, 2010

ပဲခူးမြို့အထက ၃ ကျောင်းကကျောင်းသား ကလေး အား မြို့ လယ်တွင် စစ်သားအဖြစ် စုဆောင်းခံရ

ပဲခူးမြို့ အထက ၃ ကျောင်းက ၁၆ နှစ်အရွယ် ဆယ်တန်းကျောင်းသား တဦးဖြစ်တဲ့ မောင်ဝေဦးချိုကို တပ်သားအဖြစ် စုဆောင်းခဲ့သည်။

ပဲခူးမြို့ ဇိုင်းဂနိုင်းတောင်ပိုင်း ပုလဲလမ်းမှာ နေထိုင်နေတဲ့ ဆယ်တန်းကျောင်းသား မောင်ဝေဦးချိုကို ခမရ ၂၁၂ က တပ်သားက ဇန်န၀ါရီလ ၁၄ ရက်နေ့က စစ်သားအဖြစ် စုဆောင်းသွားခဲ့ပုံကို မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်က အခုလို ပြောပြပါတယ်။

“ကျမ ညနေ အလုပ်ကပြန်လာတော့ ကျမရဲ့ အမတွေဆီ ဖုန်းဆက်တော့ ဖုန်းဆက်တယ်တဲ့၊ နင့်သား စစ်ထဲဝင်သွားပြီလို့ ပြောတယ်တဲ့၊ မနက်ကတဲ့ ဆိုတော့ ဒုက္ခပဲဆိုပြီး စုဆောင်းရေးကို ကျမ ညဘက်ကြီးသွားတယ်။ သွားတော့ မနက် ၉ နာရီခွဲလောက်က ဒီကလေး လာသွားတယ်တဲ့။ တပ်သားတယောက်နဲ့ လာသွားတယ်တဲ့၊ အဲဒါနဲ့ သူတို့ အရပ်တိုင်းလိုက်တယ်။

“ပြီးတော့ ၈ တန်းတုန်းက ကျောင်းသားကတ်ကလေး၊ အဲဒီတုန်းက ကလေးရုပ်လေးနဲ့ပေါ့၊ အသက်ကိုလည်း သူတို့ ကြည့်လိုက်တယ်တဲ့။ ကြည့်လိုက်တော့ သူတို့က ငယ်တယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်တဲ့။ အဲဒါနဲ့ တပ်သားက သူတို့ ၂၁၂ တပ်ထဲမှာပဲ မွေးထားတော့မယ်ဆိုပြီး လည်ပင်းဖက်ပြီး ခေါ်သွားပါတယ်တဲ့။ အဲဒီတပ်သားရဲ့ ပုံပန်းသဏ္ဌာန်ကို တပ်ကြပ်ကြီး မိုးသူက သိပါတယ်တဲ့။ နာမည်တော့ မမေးထားလိုက်မိဘူးတဲ့။”

ပဲခူးမြို့အခြေစိုက် တပ်မ ၇၇ ကိုလည်း သားဖြစ်သူ အသက်မပြည့်ဘဲ စစ်သားအဖြစ် စုဆောင်းခံရမှုကို အကြောင်းကြား တိုင်ကြားခဲ့ပေမဲ့ ဘာမှ ထူးခြားမလာဘူးလို့ ဆိုပါတယ်။ ပဲခူးမြို့ စုဆောင်းရေးကလည်း ရှာပေးမယ်လို့ ဆိုပေမဲ့ ၂၀ ရက်နေ့အထိ ဘာမှ ထူးခြားမလာခဲ့ဘူးဆိုပြီး မိခင်ဖြစ်သူက ပြောပြပါတယ်။ ဒီ့နောက် ဒညင်းကုန်း စုဆောင်းရေးတပ်ကို သွားရှာခွင့် ပေးခဲ့ပေမဲ့ သားဖြစ်သူကို ဘယ်လိုမှ ရှာမတွေ့တော့ဘူးလို့ ဆိုပါတယ်။

သူမအနေနဲ့ အသက်မပြည့်သေးတဲ့ သားဖြစ်သူကို ပြန်တွေ့လိုတဲ့ ဆန္ဒတွေနဲ့ ရှာဖွေနေချိန်မှာ အာဏာပိုင်တွေဘက်က တခြား အဖွဲ့အစည်းတွေကို အကြောင်းမကြားဖို့၊ မီဒီယာတွေနဲ့ မဆက်သွယ်ဖို့တွေကို ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ မိခင်ဖြစ်သူက ပဲခူးမြို့က ရှေ့နေကြီး ဦးအေးမြင့်ထံ သွားရောက်ပြီး သားဖြစ်သူ ပြန်ရရှိရေး ILO ကို အကြောင်းကြားပေးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။

မိခင်ဖြစ်သူအနေနဲ့ သားဖြစ်သူကို စစ်တပ်က စုဆောင်းခြင်းဟာ အရွယ်မရောက်သေးတဲ့ ကလေးကို အညွန့်ချိုးလိုက်သလို ဖြစ်တဲ့အတွက် အာဏာပိုင်တွေဘက်က ကိုယ်ချင်းစာကြဖို့လည်း အခုလို ပြောသွားပါတယ်။

“အဲဒါနဲ့ ကျနော်က လုပ်သင့်တဲ့ဟာ လုပ်ရမှာပဲလို့။ အခုဥစ္စာ ကျနော် ဗိုလ်ကြီးတို့ကို အချိန်ပေးထားပြီးပြီလို့၊ သားလေးကလည်း တဖြည်းဖြည်း အချိန်နီးကပ်လာတဲ့အတွက် သူတို့ မီဒီယာကို မတိုင်ပါနဲ့လို့ ပြောထားတဲ့အတွက် ကျမ သူတို့ကိုလည်း chance ပေးထားပြီးပြီ။ ဒီကြားထဲမှာ ကျမရဲ့ ဆန္ဒလေးကို ဘာမှ ဖြည့်မပေးနိုင်တဲ့အတွက် ကျမ မိခင်တယောက်ရဲ့ ခံစားချက်တွေနဲ့ စားလို့လည်း မ၀င်၊ အိပ်လို့လည်း မပျော်ဘူး။ သားသမီးချင်း ကိုယ်ချင်းမစာဘဲ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ ကျမ မခံစားနိုင်တော့ဘူး။

“အခု ကျမသားလေးကလည်း အမှတ် ၃ အထကမှာ ပညာသင်နေတဲ့ ကလေးလည်း ဖြစ်တဲ့အပြင် ပညာရေးလည်း ကောင်းပါတယ်။ ကျမသားလေးက အလုံးအဖန်လေးလည်း ကောင်းတယ်၊ အားကစား လှုပ်ရှားမှုအတွက် ကြွက်သားလေးတွေ၊ ရင်အုပ်မောက်တာလေးတွေ၊ အရပ်အမောင်းလေးလည်း ရှိတယ်။ အဲဒီအတွက် ကျမ သူတို့တပ်ထဲပဲ သွင်းမှာပါ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးနဲ့ ကျမသားလေးရဲ့ အညွန့်ကို ကျမ အချိုးမခံနိုင်ဘူး။”

မောင်ဝေဦးချို စစ်သားအဖြစ် စုဆောင်းခံရချိန်မှာပဲ ILO ရဲ့ အမှုဆောင် ဒါရိုက်တာ မြန်မာနိုင်ငံကို ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေတာမို့ သူနဲ့လည်း ရှေ့နေကြီး ဦးအေးမြင့်က တွေ့ဆုံဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အထောက်အထားတွေနဲ့ တင်ပြသွားမှာ ဖြစ်ကြောင်း ရှေ့နေကြီး ဦးအေးမြင့်ကလည်း ပြောသွားပါတယ်။

“ကလေးစစ်သား မရှိဘူးလို့ သူကသာ နိုင်ငံတကာ အလယ်မှာ ငြင်းတယ်။ အခု ILO အမှုဆောင် ဒါရိုက်တာ လာတဲ့အချိန်ကျမှ ကလေးစစ်သားပျောက်တယ်။ အရင်တုန်းက တောနေလူတန်းစားနဲ့ အလုပ်သမား လူတန်းစား၊ အခြေနိမ့်နေတဲ့ လူတွေရဲ့ သားသမီးတွေ ကျောင်းတက်နေတာ အဆွဲခံရတယ်။ အခု ပဲခူးမြို့လယ်ကောင်ကြီး၊ အမှတ် ၃ ဆိုတာ တပြည်လုံး Top Ten ၀င်နေတဲ့ ကျောင်း၊ အဲဒီမှာတက်နေတဲ့ ကျောင်းသားတယောက်ကို စစ်သားက အသက်မပြည့်ဘဲနဲ့ စစ်သားအဖြစ် စုဆောင်းသွားတာ မိခင် ဘယ်လောက် ရင်ကျိုးပြီလဲ။”

“ဒါကတော့ တပ်ထဲမှာ မရောက်ပါဘူး။ ရှာတော့ အရှာခံတာပဲ။ ပြီးရင် ဒီလိုပဲ မရှိဘူး၊ မတွေ့ဘူးနဲ့ပဲ ပြောလွှတ်လိုက်တဲ့ကိစ္စ။ ဒီ မောင်ဝေဦးချိုကိစ္စနဲ့ ပတ်သက်လို့ ILO ရုံးကို အမီတင်မယ်။ စနေနေ့မှာ အမှုဆောင် ဒါရိုက်တာနဲ့တွေ့ဖို့ ကျနော်တို့ကို ဖိတ်ထားတဲ့အတွက် ထိပ်တိုက် ပူပူနွေးနွေး ဒီအကြောင်းကို ကလေးဓာတ်ပုံ အထောက်အထားတွေနဲ့ တင်ပြမယ်။

တိုက်လေယာဉ် (၁) စီး ရန်ကုန်လေဆိပ်တွင် ပျက်ကျလေကြောင်းခရီးစဉ်များ မပြောင်းလဲ



ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်တစီး ယနေ့နံနက် (၇) နာရီ မတိုင်မီက ပျက်ကျရာ အသက် (၂၃) နှစ် အရွယ် ပိုင်းလော့ဗိုလ်ကြီး ပြည့်ဖြိုးမျိုးဆိုသူ သေဆုံးသွားကြောင်း မင်္ဂလာဒုံလေတပ်မှ အရာရှိတဦးက ပြောသည်။

မောင်းနှင်သောလေယာဉ်မှာ တရုတ်နိုင်ငံလုပ် F-7 အမျိုးအစား တယောက်စီး ဂျက်တိုက်လေယာဉ် အမျိုးအစားဖြစ်ပြီး ယနေ့နံနက်က လေဆိပ်တွင် လေ့ကျင့်နေချိန် ပျက်ကျခြင်းဖြစ်ကြောင်း သိရသည်။

“အဆင်းမှာ ဖြစ်တာဗျ၊ ဘီးကို ချမရတော့ဘူး။ ဒါ့ကြောင့် ရှပ်တိုက်ဆင်းလိုက်တော့ မီးလောင်သွားတယ်။ ပိုင်းလော့ကတော့ မီးလောင်တာလည်း ပါတယ်၊ အမြင့်က ပြုတ်ကျတာလည်း ပါတဲ့အတွက် အသက်ဆုံးရှုံးရတယ်။ အဲဒီ ပိုင်းလော့က တော်တဲ့ လူငယ်တယောက်ပါ” ဟု အဆိုပါလေတပ်အရာရှိက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ လေဆိပ်လုံခြုံရေးများက ယနေ့ တနေကုန် လေဆိပ်သို့လာသော ဧည့်သည်များကို စစ်ဆေးမှုများ ပိုမိုလုပ်ခဲ့ကြောင်း လေဆိပ်သို့ သွားရောက်ခဲ့သူတဦးက ပြောသည်။ ယင်းသို့ တိုက်လေယာဉ် ပျက်ကျခဲ့သော်လည်း လေကြောင်းခရီးစဉ်များ အပြောင်းအလဲမရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၌ F-7M အမျိုးအစား ဂျက်တိုက်လေယာဉ် (၄၈) စီး တရုတ်နိုင်ငံမှ ၀ယ်ယူထားသည်ဟု ဗြိတိန်အခြေစိုက် sinodefence.com တွင် ဖော်ပြပါရှိသည်။

ဗွီအိုအေ

မြန်မာစစ်အစိုးရ လေတပ်ပိုင် တိုက်လေယာဉ်တစင်း မင်္ဂလာဒုံမှာ ဒီကနေ့ ပျက်ကျ သွားခဲ့ပြီး လေယာဉ်မှူးလည်း သေဆုံးသွားပါတယ်။ တရုတ်နိုင်ငံလုပ် အဲဒီ F-7 II K အမျိုးအစား တိုက်လေယာဉ်ဟာ လေယာဉ်ပြေးလမ်းပေါ် အဆင်းမှာ အဆင်းဂီယာ အလုပ်မလုပ်တဲ့ အတွက် ပျက်ကျသွားတာလို့ မျက်မြင်တဦးက ပြောပါတယ်။

တရုတ်နိုင်ငံလုပ် F-7 II K အမျိုးအစား ဂျက်တိုက်လေယာဉ်ဟာ ဒီကနေ့ မနက်ပိုင်း ၁၀ နာရီကျော်ကျော်လောက်မှာ မင်္ဂလာဒုံ လေတပ်စခန်းကို ပြန်အဆင်း လေယာဉ်အဆင်းဂီယာ အလုပ်မလုပ်တော့ဘဲ ပျက်ကျသွားခဲ့တာလို့ မျက်မြင်သက်သေတဦးက ပြောပြပါတယ်။

“ဟုတ်ပါတယ်ခင်ဗျာ။ ခန့်မှန်းချေ ၁၀ နာရီ ၁၅ လောက်မှာပါ။ လေယာဉ်မှူး သေသွားတယ်။ လေယာဉ်ပျံလည်း ပြန်ဆွဲသွားပါပြီ။ ဒီမှာ ကျနော်တို့ မြင်နေရတယ်၊ လေယာဉ်ပျံ ပြန်ဆွဲသွားပါပြီ။ လူကတော့ သေတယ်ဆိုတာ သူတို့ပြောပြလို့ သိရပါတယ်။ ညနေက ဆွဲသွားတာ တွေ့လိုက်ပါတယ်။ တပ်ကကားနဲ့ပဲ လာဆွဲသွားတာ တွေ့လိုက်တယ်။ ဆယ်ဘီးကားကြီးနဲ့ တာလဘတ်ကြီး အုပ်ပြီးတော့ ဒီညနေကျမှ ဆွဲသွားတယ်။ လေယာဉ်မှူးက ဗိုလ်ကြီး၊ အသက် ၃၀ ကျော်လောက် ရှိမယ်။

“အဆင်းမှာ ဖြစ်တာ။ Run Way တ၀က်လောက်မှာ ကျနော် တွေ့လိုက်တာ မီးခိုးတွေနဲ့ တွေ့လိုက်တယ်။ Landing Gear မကျဘူး ဆိုတဲ့သဘော ဖြစ်သွားတာ။ ဂီယာမကျတော့ သူပြန်ဆွဲတင်တာ ဆွဲတင်လို့ မရတော့ဘူး။ ပြီးတော့ သူက လေထီး ဖွင့်လိုက်တယ်။ ဖွင့်လိုက်တော့ လူက ထွက်သွားတယ်။ လေယာဉ်ပျံက ရှေ့ကိုဆက်သွားပြီး ခြံစည်းရိုးနဲ့ ထိတော့ လေယာဉ်ပျံက ရပ်သွားတယ်။

“လူနဲ့ လေယာဉ်ပျံနဲ့က ပေ ၃၀ လောက် ကွာတယ်လို့ ပြောပါတယ်။ လေထီးနဲ့ သူဆင်းတယ်၊ ဒါပေမဲ့ လေထီးက မပွင့်ဘူး။ အပေါ်ကို ပေ ၂၀ လောက် တက်သွားတယ်လို့ ပြောတယ်။ ပြီးတော့ အဲဒီက ပြန်ပြုတ်ကျသွားတာ။ အသားတွေ ဘာတွေ အကုန်လုံး နာသွားတယ် ပြောတယ်။ မျက်နှာတွေ စုတ်ပြတ်သွားတယ်။ အဲဒီမှာတင်ပဲ ငုတ်တုတ်သေတယ်လို့ ပြောတယ်။”

အဲဒီ ဂျက်တိုက်လေယာဉ်ပေါ် ပါလာတဲ့ လေယာဉ်မှူး ဗိုလ်ကြီး ပြည့်ဖြိုးမျိုးက လွဲလို့ မြေပြင်မှာ တခြား ထိခိုက်ဒဏ်ရာရတဲ့သူ မရှိပေမဲ့ လေယာဉ်နဲ့ တိုက်မိပြီး လေဆိပ် ခြံစည်းရိုးတော့ ပျက်ဆီးသွားတယ်လို့ အဲဒီ မျက်မြင်သက်သေက ပြောပါတယ်။ ညနေစောင်းပိုင်းမှာတော့ လေယာဉ်ပျက်ကျခဲ့တဲ့ နေရာကို ပို့ဆောင်ဆက်သွယ်ရေး ၀န်ကြီးကိုယ်တိုင် လာရောက်စစ်ဆေးပြီး ပျက်သွားတဲ့ ခြံစည်းရိုးကို ညတွင်းချင်း ချက်ချင်း ပြန်ပြင်ခိုင်းသွားတယ်လို့ အဲဒီ မျက်မြင်သက်သေက ဆက်ပြောပါတယ်။

“ဒီနေ့ ညတွင်းချင်းအပြီး လုပ်ဖို့။ ပို့ဆက်ဝန်ကြီးက လုပ်ခိုင်းထားတယ်ပြောတယ်။ ပို့ဆက်ဝန်ကြီးလည်း ရောက်နေပြီ။ ၀န်ကြီးက ညနေပိုင်း အခုလေးတင် ဆင်းသွားတာ၊ သိပ်မကြာသေးဘူး။”

တရုတ်နိုင်ငံလုပ် F-7 II K အမျိုးအစား ဂျက်တိုက်လေယာဉ် မင်္ဂလာဒုံ လေတပ်စခန်း အနီးမှာ ဒီကနေ့ ပျက်ကျသွားခဲ့တာနဲ့ ပတ်သက်လို့ မျက်မြင်သက်သေတဦးက ပြောပြသွားတာ ဖြစ်ပါတယ်။

Wednesday, January 20, 2010

သတင်း သိပ်မတင်ဖြစ်ပါ.....စိတ်မရှိပါနဲ့ ခင်ဗျာ...

လူထုဦးလှ ရာပြည့် မန်းမြေမှာကျင်းပ


ကျော်ခ
ပြည်သူ့သတင်းစာဆရာကြီး လူထုဦးလှ၏ နှစ်တရာပြည့် အထိမ်းအမှတ် ဆွမ်းကျွေးပွဲနှင့် စာတမ်းဖတ်ပွဲ အခမ်းအနားကို မန္တလေးမြို့ မြတောင်ကျောင်းတိုက် ရာပြည့်ဗိမာန်ခန်းမတွင် ယနေ့ ကျင်းပကြောင်း သိရသည်။

ဟိုတယ်တခုခုတွင် ကျင်းပရန် စီစဉ် ခဲ့သော်လည်း အာဏာပိုင်များမှ ပွဲမိန့်ချမပေးခြင်းကြောင့် မြတောင်တိုက်ကျောင်းသို့ ပြောင်းရွေ့ပြုလုပ်ရ ခြင်းဖြစ်သည်။ ထောက်လှမ်းရေးများက ဓာတ်ပုံ ဗီဒီယို ကင်မရာများဖြင့် မှတ်တမ်းတင်မှုများကြားမှလည်း ကျင်းပခဲ့ရခြင်း ဖြစ်သည်။

ပွဲသို့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်အပါအဝင် ရပ်ဝေး၊ ရပ်နီးမှ စာရေးဆရာနှင့် သတင်းစာဆရာကြီးများ၊ ကဗျာဆရာကြီးများ၊ စာပေလောကမှ ပုဂ္ဂိုလ်များနှင့် ဆွေမျိုးများ၊ မိတ်ဆွေများ ၂ဝဝ ဦးကျော် တက်ရောက်ကြကြောင်း မိသားစုဝင်များထံမှ သိရသည်။

“အဖေလုပ်ခဲ့တဲ့အလုပ်တွေက အများကြီးပါ။ အဲဒါတွေကို ဂုဏ်ပြုပူဇော်တာလည်း ပါပါတယ်ဗျ။ အထူး သဖြင့် အလုပ်တွေ အများကြီးလုပ်သွားတဲ့ လူတယောက်ရဲ့ မွေးနေ့ကို ကျင်းပသင့်တယ်ထင်လို့ ကျင်းပ ကြတာပါ” ဟု လူထုဦးလှ၏ အငယ်ဆုံးသားဖြစ်သူ စာရေးဆရာညီပုလေးက ပြောသည်။

လက်ဝဲယိမ်း “လူထု” သတင်းစာတိုက် ထူထောင်သူ လူထုဦးလှ နှစ်တရာပြည့် ရေစက်ချ တရားနာယူပြီး ၁ဝ ရီခွဲတွင် ဆရာတော်သံဃာတော်များအား ဆွမ်းကပ်လှူကာ ၁၁ နာရီအချိန်တွင် ရပ်ဝေး၊ ရပ်နီးမှလာသော စာပေ အသိုင်းအဝိုင်း မိတ်ဆွေများကို နေ့လည်စာဖြင့် ဧည့်ခံသည်။

အခမ်းအနားတွင် လူထုဦးလှ၏ စာပေနှင့် ဘဝအကြောင်း ရေးသားထားသော လူထုစိန်ဝင်း၊ စာရေးဆရာ စိုးနိုင် (မန္တလေးတက္ကသိုလ်)၊ ဆရာမကြီးခင်နှင်းဦး (ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်မှူး) တို့၏ စာတမ်းများကိုလည်း ဖတ်ကြားခဲ့ကြသည်။

လူထုစိန်ဝင်း၏ စာတမ်းကို ဖတ်ခဲ့သည့် စာရေးဆရာကျော်ရင်မြင့်က “ဆရာလူထုစိန်ဝင်းရဲ့ ရှေးဦးကြံဆ လမ်းသစ်ဖောက်သူ။ လူထုဦးလှနဲ့နိုင်ငံရေး လူထုဦးလှနဲ့ လူငယ်၊ လူထုဦးလှနဲ့ စာပေ၊ လူထု ဦးလှနဲ့ ပရဟိတ အကြောင်းတွေ ရေးထားတာပါဗျ။ ဆရာမ ခင်နှင်းဦးရဲ့ ထောင်နံရံတွင်ထင်ဟပ်နေသော ခေတ် ၏ ပုံရိပ်များဆိုတဲ့စာတမ်းကို စာရေး ဆရာမ မိချမ်းဝေ ဖတ်ပါတယ်။ စာရေးဆရာ စိုးနိုင် မန္တလေးတက္ကသိုလ်ရဲ့ ပုံပြင်ဦးလှဆိုတဲ့ စာတမ်းကို သူကိုယ်တိုင်ဖတ်ပါတယ်ဗျ” ဟု ပြောသည်။

ထို့ပြင် သတင်းစာဆရာကြီး ဦးဝင်းတင်၊ ဆရာဒဂုံတာရာ၊ ဦးသော်ကောင်း၊ ဆရာဝင်းညိမ်း၊ ကလျာ (ဝဇ္ဖာ-သိပ္ပံ) တို့မှ ပေးပို့လာသော သဝဏ်လွှာများကိုလည်း ဖတ်ကြားကြသည်။

ပြည်သူ့သတင်းစာဆရာကြီး လူထုဦးလှကို ပဲခူးတိုင်း ညောင်လေးပင်မြို့နယ် ပုစွန်မြောင်းရွာတွင် အဘ ဦးပု၊ အမိ ဒေါ်ခိုင် တို့မှ ၁၉၁ဝ ခု ဇန်နဝါရီ ၁၉ ရက် ဗုဒ္ဓဟူးနေ့တွင် မွေးဖွားသည်။ မွေးချင်း သုံးယောက် တွင် အငယ်ဆုံး ဖြစ်သည်။ ၁၉၈၂ ခု သြဂုတ်လ ၇ ရက်နေ့တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။

၁၉၃၂ ခု "ကြီးပွားရေးမဂ္ဂဇင်း" တွင် စာစတင်ရေးခဲ့သည်။ လူထုဂျာနယ်ကို ၁၉၄၅ ခု၊ လူထုသတင်းစာ ကို ၁၉၄၆ ခုတွင် စတင်ထုတ်ဝေခဲ့ပြီး "လူထုဦးလှ" ကလောင်အမည်တွင်လာခဲ့သည်။ ၁၉၅၁ - ၅၂ ခုမှ စ ၍ သတင်းစာဂျာနယ်လုပ်ငန်းကို ဇောက်ချ လုပ်ကိုင်ခဲ့သည်မှာ ၇ ဇူလိုင် ၁၉၆၇ တွင် လူထု သတင်းစာ ရပ် ဆိုင်းသွားခဲ့သည့်အထိဖြစ်သည်။

စာရေးဆရာ အသင်းအမှုဆောင်၊ အာရှလူငယ်အသင်း ခရိုင် ဥက္ကဋ္ဌ၊ အထက်မြန်မာနိုင်ငံ ဖဆပလ အဖွဲ့ ဝါဒ ဖြန့်ချိရေးမှူး၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း ဥက္ကဋ္ဌ၊ တာဝန်များကို ထမ်းဆောင်ခဲ့သည်။ ဂျပန်ခေတ် အာရှလူငယ်အသင်းခရိုင်ဥက္ကဋ္ဌ လုပ်ခဲ့သောကြောင့် ၁၉၄၅ တွင် ဗြိတိသျှ နယ်ချဲ့၏ အဖမ်း ဆီးခံရခြင်း အပါအဝင်၊ ဖဆပလခေတ်၊ မဆလ ခေတ်တို့၌ ၅ ကြိမ်တိတိ ဖမ်းဆီးခံခဲ့ရသည်။

လူထုဦးလှသည် စာအတော်များများ ရေးသားခဲ့ပြီး ထောင်နှင့်လူသားဖြင့် ၁၉၅၇ ခုနှစ် စာပေဗိမာန် စာပဒေသာဆု၊ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များဖြင့် ၁၉၅၈ ယူနက်စကို စီးပွားရေး လူမှုရေးဆိုင်ရာဆု၊ ရခိုင်ကျေးလက်ပုံပြင်များဖြင့် ၁၉၆၃ စာပေဗိမာန် အနုပညာ စာပေဆုတွင် ကလေးသူငယ်ဆိုင်ရာစာပေ ဒုတိယဆုများ ရရှိခဲ့ကြောင်း သိရသည်။

ယနေ့ပွဲသို့ တက်ရောက်သည့် အသက် ၇၅ နှစ်အရွယ် ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) ကလည်း လူထုဦးလှသည် စာရေးဆရာများသာမက လူအများက လေးစားရသူတဦး ဖြစ်ကြောင်းပြောသည်။

“သူ့အကြာင်းကို စကားတခွန်းတည်းနဲ့ ဆိုရင်တော့ ခန္ဓီပါရမီနဲ့အလွန်ပြည့်စုံတဲ့ အင်မတန်မှ သည်းခံနိုင်တဲ့ ပါရမီရှင်ပုဂ္ဂိုလ်ကြီးတဦးပါ။ ဒါဟာ အပေါ်လွင်ဆုံး ရုပ်ပုံလွှာပဲဗျ။ ဦးလေး (လူထုဦးလှ) ရဲ့ဂုဏ်က သည်းခံ ခြင်းဂုဏ်ပဲ” ဟု သူက ပြောသည်။

လူထု ဦးလှနှင့် လူထုဒေါ်အမာတို့တွင် သားသမီး ၅ ယောက်ထွန်းကားခဲ့ပြီး အကြီးဆုံးသား ကိုစိုးဝင်း (ကွယ်လွန်) ဗမာကွန်မြူနစ်ပါတီ၊ ဒုတိယ ဒေါက်တာဒေါ်သန်းရင်မာ၊ တတိယ ရဲဘော်ဖိုးသံချောင်း ဗမာပြည်ကွန်မြူနစ်ပါတီ၊ စတုတ္ထ ဒေါ်တင်ဝင်း (လူထုပုံနှိပ်တိုက်) နှင့် အငယ်ဆုံးသား စာရေးဆရာ ဦးညီပုလေးတို့ဖြစ်ကြသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

Saturday, January 16, 2010

ဟေတီငလျင်ကြောင့် ပိတ်မိနေသူတွေ ကယ်နိုင်ဖို့ အချိန်နည်းလာပြီ


ဟေတီနိုင်ငံမှာ ငလျင်ဒဏ်ခံရသူတွေ အတွက် အရေးပေါ် လိုအပ်တဲ့ အကူအညီတွေပေးဖို့ နိုင်ငံတကာ အသိုက်အ၀န်းက အမေရိကန် ဒေါ်လာ သန်းပေါင်း ၅၅၀ အကူအညီ ပေးကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က မေတ္တာရပ်ခံလိုက်ပါတယ်။ ငလျင်ကြောင့် လူပေါင်း ၃,၀၀၀,၀၀၀ လောက် ဒုက္ခရောက်နေကြရပြီး သေဆုံးသူပေါင်း ၄၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ရှိလိမ့်မယ်လို့ ကြက်ခြေနီအဖွဲ့ တာဝန်ရှိသူတွေက ခန့်မှန်းထားပါတယ်။

အခုလောလောဆယ်မှာ အရေးအကြီးဆုံး အဓိက လိုအပ်နေတာတွေကတော့ သောက်ရေ၊ အစားအစာနဲ့ ရွက်ဖျင်တဲတွေ ဖြစ်တယ်လို့ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ကနေ ဗွီအိုအေ သတင်းထောက် မာဂရက် ဘက်ရှီးယား (Margaret Besheer) က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အပျက်အစီးတွေကို ကိုယ်တိုင်ကြည့်ရှုဖို့အတွက် ရှေ့လာမယ့် သီတင်းပတ်မှာ ဟေတီနိုင်ငံဆီ သူသွားမယ်လို့ မစ္စတာဘန်က ပြောပါတယ်။

“ပို့တ် အို ပရင့်စ် (Port-au-Prince) မြို့တော်နဲ့ ငလျင်ဒဏ်သင့် တခြားဒေသတွေမှာ အခြေခံ အဆောက်အဦးတွေ အကြီးအကျယ် ပျက်စီးသွားတာကို ကျနော်တို့ရဲ့ ကုလသမဂ္ဂ အရေးပေါ် ကူညီကယ်ဆယ်ရေး အဖွဲ့ရဲ့ ကနဦး ခန့်မှန်းချက်တွေအရ သိရပါတယ်။ အဆိုးရွားဆုံး ပျက်စီးခဲ့တဲ့ ဒေသတွေမှာ အဆောက်အဦး ၅၀% ထိ ဖျက်ဆီးခံလိုက်ရပါတယ်။”

အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီး နာရီပေါင်း ၇၂ နာရီနီးပါး ကြာပြီးတဲ့အထိ မြို့တော်မှာ နေထိုင်သူ ၃,၀၀၀,၀၀၀ လောက်ဟာ စားစရာမရှိ၊ သောက်ရေမရှိ၊ နေစရာမရှိ၊ လျှပ်စစ်မီးမရှိ ဖြစ်နေကြရတယ်လို့ မစ္စတာဘန်က ပြောပါတယ်။ အဲဒီ ချက်ချင်း လိုအပ်ချက်တွေကို ကူညီဖြည့်ဆည်းပေးဖို့အတွက် ဒေါ်လာသန်းပေါင်း ၅၅၀ ထောက်ပံ့ကြပါလို့ နိုင်ငံတကာ အသိုက်အ၀န်းကို သူက မေတ္တာရပ်ခံနေတာပါ။


ငလျင်ဒဏ်ကြောင့် အဆောက်အဦးများ ပြိုကျပျက်စီးနေစဉ်။
ဇန်န၀ါရီ ၁၅၊ ၂၀၁၀။
အပျက်အစီးပုံတွေ အောက်မှာ ပိတ်မိနေသူတွေကို ကယ်တင်ဖို့ ရှိနေတဲ့ အခွင့်အရေးလေးက ကုန်ဆုံးသွားဖို့ နီးလာနေပါပြီ။ ဒါပေမဲ့လည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကို အရှိန်မြှင့်ပြီး ဆက်လုပ်နေပါတယ်လို့ မစ္စတာဘန်က ပြောပါတယ်။ အကူအညီပစ္စည်းတွေ ဖြန့်ဝေတဲ့ ကိစ္စကိုလည်း ကုလသမဂ္ဂက ညှိနှိုင်းဆောင်ရွက် ပေးနေပေမဲ့ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ လေဆိပ်မှာ လုပ်ငန်းအပြည့်အ၀ မလုပ်နိုင်တာတွေက အကူအညီတွေ ဖြန့်ဝေဖို့ရာမှာ နှေးကွေးနေရပါတယ်။

“လူသားဘေးဒုက္ခဆိုင်ရာ အကူအညီပေးရေး လုပ်ငန်းကြီးကို အခု စတင် လုပ်ဆောင်နေပါပြီ။ ကျနော်တို့ ဖြစ်စေချင်တဲ့ နှုန်းထက် နှေးကွေးပြီး ခက်ခဲလှပေမဲ့ ကျနော်တို့ တတ်နိုင်သမျှ အမြန်ဆုံးဖြစ်အောင် အရင်းအမြစ်အားလုံးကို စုစည်း လုပ်ဆောင်နေပါတယ်။”

အကူအညီတွေ ဖြန့်ဝေတဲ့ ကိစ္စကို အဓိက လုပ်ဆောင်ပေးနေတာကတော့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ပဲ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာ စပြီး လူ ၈,၀၀၀ ကို WFP က အစားအစာတွေ ကျွေးမွေးနေပါပြီ။ အဲဒီလူအရေအတွက်ဟာ သီတင်းနှစ်ပတ်အတွင်း ၁,၀၀၀,၀၀၀ ထိ တိုးသွားပြီး တလအတွင်းမှာ ၂,၀၀၀,၀၀၀ ထိ ရောက်သွားမယ်လို့ ခန့်မှန်းထားကြပါတယ်။

ချက်ပြုတ်မစားနိုင်တဲ့ လူတွေအတွက် အရေးပေါ် အစားအစာတွေနဲ့ အဆင်သင့် စားနိုင်တဲ့ အစားအစာတွေကို WFP က အချိုးကျ ဝေပေးနေပြီလို့ WFP ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး အမ်မီလီယာ ကပ်စ်လာ (Emilia Casella) က ပြောပါတယ်။

“WFP က အခုလုပ်ဖို့ ပြင်ဆင်နေတာကတော့ လူ ၂,၀၀၀,၀၀၀ ကို အကူအညီတွေ ပေးနိုင်ဖို့ပါ။ နေ့စဉ်ပေးနိုင်မယ့် အချိုးကျ အစားအစာ အကူအညီ အရေအတွက် ၁၄,၀၀၀,၀၀၀ အထိပါတဲ့ အရေးပေါ် အစီအစဉ်တခုကို လုပ်မှာပါ။ အဲဒီအရေအတွက်ဟာ လူ ၂,၀၀၀,၀၀၀ ကို ရက် ၃၀ လောက်အထိ ကျွေးထားနိုင်ပါတယ်။”

ဟေတီမြို့တော်က လမ်းတွေမှာ လူသေအလောင်းတွေ ပြန့်ကျဲနေပြီး သေဆုံးသူ စုစုပေါင်း အရေအတွက်ဟာ သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကြက်ခြေနီ တာဝန်ရှိသူတွေကတော့ လူ ၄၅,၀၀၀ ကနေ ၅၀,၀၀၀ ထိ သေဆုံးမယ်လို့ ခန့်မှန်းထားပါတယ်။ ကြာသပတေးနေ့တုန်းက လူသေအလောင်း ၉,၀၀၀ ကျော် ကောက်ယူခဲ့ပြီး ဒီကနေ့မှာ ဆက်လုပ်နေတယ်လို့ လူသားဘေးဒုက္ခ အကူအညီပေးရေးဆိုင်ရာ ကုလသမဂ္ဂ အကြီးအကဲ ဂျွန် ဟုမ်းလ်မ်စ် (John Holmes) က ပြောပါတယ်။

ဟေတီနိုင်ငံမှာ ကုလသမဂ္ဂ ၀န်ထမ်းအင်အား အများအပြား ရှိပါတယ်။ ပျောက်ဆုံးနေတဲ့ ကုလသမဂ္ဂ ၀န်ထမ်းတွေကို ထည့်သွင်းတွက်ချက်လို့ ရပြီဆိုရင်တော့ ၀န်ထမ်းအရေအတွက် အများဆုံး ဆုံးရှုံးရတဲ့ ပထမဆုံးဖြစ်ရပ် ဖြစ်သွားဖွယ် ရှိပါတယ်။

အခုချိန်ထိဆိုရင် ကုလသမဂ္ဂ ၀န်ထမ်း ၃၇ ယောက် သေဆုံးသွားတယ်ဆိုတာ အတည်ပြုထားနိုင်ပြီးပြီလို့ မစ္စတာဘန်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာတင် နီဆီယာကီး (Martin Nesirky) က ပြောပါတယ်။ ၀န်ထမ်းအယောက် ၁၀၀ လောက်ဟာ ဟေတီက ကုလသမဂ္ဂ ဌာနချုပ်ရှိတဲ့ ခရစ်စ်တိုဖာ (Christopher) ဟိုတယ် အပျက်အစီးပုံတွေ အောက်မှာ ပိတ်မိနေတယ်လို့ ယူဆကြပါတယ်။ တခြားဝန်ထမ်း အများအပြားကတော့ ၀န်ထမ်းအများစု နေထိုင်ရာ ပြိုကျပျက်စီးသွားတဲ့ မွန်တေနာ (Montana) ဟိုတယ် အပျက်အစီးပုံတွေ အောက်မှာ ပိတ်မိနေမယ်လို့ ယုံကြည်ကြပါတယ်။

အချိန်အကြာဆုံး နေကြတ်မှု မြန်မာပြည်သူတို့ မြင်ခဲ့ရ


ပုဂံမြို့မှ ကိုရင်အချို့ နေကြတ်သည်ကို ကြည့်ရှုနေစဉ်။
အပြည့်အ၀နီးပါး နေကြတ်တာကို ဒီကနေ့မှာပဲ မြန်မာနိုင်ငံ အပါအ၀င် အာရှနဲ့ အာဖရိကဒေသ အတော်များများက တွေ့မြင်ခဲ့ကြရပါတယ်။ နေရဲ့ ရှေ့တည့်တည့်မှာ လ ကျရောက်ခဲ့တာမို့ နေရဲ့အနားလောက်ကိုသာ လရဲ့နောက်ခံနဲ့ တောက်ပနေတာကို တွေ့မြင်ခဲ့ကြရတာပါ။

အာဖရိက အလယ်ပိုင်းဒေသက ဒီကနေ့ နေကြတ်တာကို အဦးဆုံး စတင်မြင်တွေ့ခဲ့ကြရပြီး တခြား ယူဂန်ဒါ၊ ကင်ညာ၊ ဆိုမားလီးယား၊ မော်လဒိုက်၊ အိန္ဒိယ၊ သီရိလင်္ကာနဲ့ တရုတ်နိုင်ငံတွေ အပါအ၀င် နိုင်ငံအတော်များများက တွေ့မြင်ခဲ့ကြရတာပါ။

မြန်မာနိုင်ငံမှာတော့ မွန်းလွဲ ၁ နာရီခွဲလောက်ကနေ ညနေ ၄ နာရီခွဲလောက်အထိ တွေ့မြင်ခဲ့ကြရကြောင်း ဒေသခံတွေက ပြောကြပါတယ်။

ဒီကနေ့ နေကြတ်ခဲ့တဲ့ ဖြစ်စဉ်ကိုတော့ ရခိုင်ပြည်နယ်ဘက်က အစောဆုံး တွေ့မြင်ရပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စတဲ့ ဒေသတွေကလည်း တွေ့မြင်ခဲ့ကြရသလို ရှမ်းပြည်နယ် မြောက်ပိုင်းဒေသဘက်က နောက်အကျဆုံး တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဒီ ၂၁ ရာစုနှစ်မှာ အချိန်အကြာဆုံး နေကြတ်မှု ဖြစ်စဉ်ကို စိတ်ဝင်တစား စောင့်ဆိုင်း ကြည့်ရှုကြတဲ့ မြန်မာနိုင်ငံသားတွေသာမက ကမ္ဘာလှည့် ခရီးသွားတွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

Friday, January 15, 2010

ဂျော်ဒန်ရှိ ဆန္ဒပြမြန်မာများ လုပ်ငန်းခွင် ပြန်ဝင်

မြင့်မောင်
အလုပ်သမား အခွင့်အရေးအတွက် ၉ ရက်ကြာ တောင်းဆိုဆန္ဒပြခဲ့သည့် ဂျော်ဒန်နိုင်ငံ အထည်ချုပ် စက်ရုံတရုံရှိ မြန်မာအလုပ်သမ ၆၀၀ နီးပါး ကိစ္စတွင် မြန်မာသံအမတ်က ကြားဝင် ဖြေရှင်းပေးမှုဖြင့် ယမန်နေ့က လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်လာကြပြီ ဖြစ်သည်။

Ar Ramtha မြို့ရှိ Century Miracle Ltd. ကုမ္ပဏီသို့ အစ္စရေးလ် နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမြင့်ဆွေ ရောက်ရှိလာပြီး ကုမ္ပဏီနှင့် အလုပ်သမများအကြား ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ခြင်းကြောင့် အခွင့်အရေးတချို့ ရရှိသဖြင့် မြန်မာအလုပ်သမများ အလုပ်သို့ ပြန်လည် ဝင်ရောက်လာခဲ့ကြောင်း ကုမ္ပဏီ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောဆိုခြင်း ဖြစ်သည်။

“အလုပ်သမားတွေဘက်ကနေ အစ္စရေးလ်ဆိုင်ရာ သံအမတ် ရောက်လာတယ်။ သူက မြန်မာအလုပ်သမားတွေနဲ့ ကျနော်တို့အကြား ပြေလည်အောင် ကြားဝင်ဆောင်ရွက်ပေးတယ်။ အခု အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင် ပြန်ဆင်းနေပါပြီ။ ပျက်ရက်တွေနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ အရေးမယူဘဲ ပုံမှန်လစာပေးဖို့ ဆုံဖြတ်ထားတယ်” ဟု ကုမ္ပဏီ ပြောခွင့်ရ မစ္စတာ Obeidat က ပြောသည်။

သူက ဆက်ပြီး “နိုင်ငံ၂ နိုင်ငံက အလုပ်သမားအချင်းချင်း ပြဿနာဖြစ်တယ်ဆိုတော့ ကျနော်တို့အနေနဲ့ ဘာမှ လုပ်ပေးစရာ မလိုဘူး။ နောက်တခါ ဒီလိုပြဿနာ ဖြစ်လာရင် ဂျော်ဒန် အလုပ်သမား ဥပဒေအရ အရေးယူ ဆောက်ရွက်သွားမယ်။ အလုပ်သမားတွေနဲ့ ပတ်သက်ပြီးတော့ လေဘာ အေဂျင်စီက အရိုက်ခံရသူတွေကို လျော်ကြေးပေးတယ်။ ဘယ်လောက်ဆိုတာတော့ မသိရဘူး” ဟု ပြောသည်။

ယခုလ ၅ ရက်နေ့တွင် မြန်မာ အလုပ်သမတဦးနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားတဦးတို့ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး အသက် အာမခံကြေး အပါအဝင် လုပ်ငန်းခွင် လုံခြုံရေးအတွက် မြန်မာများက ယခုလ ၁၃ ရက်နေ့အထိ အလုပ်မဆင်းဘဲ ဆန္ဒပြခဲ့ရာ၊ ၁၄ ရက်နေ့တွင် ပြေလည်မှု ရရှိသဖြင့် အလုပ်ပြန်ဆင်းခြင်း ဖြစ်သည်။

Century Miracle Ltd. စက်ရုံ တာဝန်ရှိသူက လုပ်ငန်းခွင် လုံခြုံရေးအတွက် သဘောတူခဲ့သလို၊ နှစ်ဖက် ခိုက်ရန်ဖြစ်ပွားမှုအတွင်း မြန်မာအမျိုးသမီး ၂၀ ခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၎င်းတို့အားလုံးကိုလည်း လျော်ကြေး ပေးခဲ့သည်။ ဂျော်ဒန်တွင် မြန်မာသံရုံးမရှိသဖြင့် အစ္စရေးလ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်က လာရောက်ဖြေရှင်းခြင်း ဖြစ်သည်။

“ကျမတို့ တောင်းဆိုချက်တွေရလို့ အလုပ်ပြန်ဆင်းတာ ဖြစ်တယ်။ စက်ရုံ Seal တံဆိပ်ပါတဲ့ စာရွက်ပေါ်မှာ စက်ရုံလူကြီးတွေနဲ့ ကျမတို့ဘက်က လူကြီးတွေက ကျမတို့ ရှေ့မှာ လက်မှတ်ထိုးတဲ့ စာရွက်တွေ ပေးတယ်။ နောက်နောင် ဒီလိုကိစ္စမျိုး ဖြစ်လာလို့ရှိရင် ဂျော်ဒန် ဥပဒေအရ အရေးယူပေးမယ်ဆိုတဲ့ ကတိဝန်ခံချက် စာချုပ်ကို ကျမတို့ကို ပေးတယ်” ဟု အမည်မဖော်လိုသူ မြန်မာအလုပ်သမတဦးက ပြောသည်။

သူက ဆက်ပြီး “ဒီစာချုပ်က စက်ရုံတခုထဲပဲ သက်ဆိုင်တာ မဟုတ်ဘဲ ဂျော်ဒန်နိုင်ငံအတွင်း နေရာအကုန်လုံးနဲ့ သက်ဆိုင်တယ်လို့ စက်ရုံတာဝန်ရှိသူတွေက အာမခံ ပြောဆိုတယ်။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေအတွက်လည်း လျော်ကြေးပေးတယ်။ အဲဒီလျော်ကြေးကိုတော့ စည်းစိမ်သစ် ကုမ္ပဏီ (အလုပ်ရှာဖွေရေး လုပ်ကိုင်ပေးသည့် မြန်မာကုမ္ပဏီ) က ပေးတာ ဖြစ်တယ်။ ဘယ်လောက် ပေးတယ်ဆိုတာကိုတော့ မသိရဘူး။ စာအိတ်နဲ့ပိတ်ပြီး ပေးတာ ဖြစ်တယ်” ဟု ပြောသည်။

မြန်မာအလုပ်သမ မအေးမြစန္ဒာနှင့် ဘင်္ဂလားဒေ့ခ်ျ အလုပ်သမားကို ကုမ္ပဏီအနေဖြင့် အပြစ်ပေး အရေးယူခြင်း မရှိကြောင်း သိရသည်။

ဂျော်ဒန်နိုင်ငံသို့ အလုပ်လုပ်ရန်အတွက် Century Miracle Ltd. ကုမ္ပဏီကိုယ်တိုင် မြန်မာနိုင်ငံသို့ လာရောက်၍ လူတွေစစ်ဆေးခြင်း၊ လက်တွေ့အားဖြင့် အထည်ချုပ်ခိုင်းခြင်းများ ပြုလုပ်ပြီး ရွေးချယ်ခေါ်ယူခဲ့ခြင်းဖြစ်ကာ၊ မြန်မာအလုပ်သမ တဦးလျှင် တလအတွက် လုပ်ခ ၁၁၅ ဒေါ်လာဖြင့် ၃ နှစ် သက်တမ်း စာချုပ်ချုပ်ဆိုရကြောင်း သိရသည်။

ဂျော်ဒန်တွင် အလုပ်လုပ်ကိုင်နေသူ မြန်မာအမျိုးသမီးပေါင်း ၆၀၀ ကျော် ရှိနေကြောင်း မြန်မာအလုပ်သမများက ခန့်မှန်းပြောဆိုကြသည်။

ဒေါ်စုနဲ့ ဆက်ဆံရေးဝန်ကြီး တွေ့ဆုံ


နေအိမ်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာစစ်အစိုးရ ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ ဒီကနေ့ ရန်ကုန်မြို့မှာ တွေ့ဆုံကြပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်း တွေ့ဆုံမှုဟာ မိနစ် ၂၀ လောက် ကြာမြင့်တယ် ဆိုပေမဲ့ ဘာတွေ ဆွေးနွေးဖြစ်တယ်ဆိုတာ အသေးစိတ်တွေကိုတော့ မသိရသေးပါဘူး။

မြန်မာစစ်အစိုးရဘက်က ၂၀၀၇ ခုနှစ်မှာ ဆက်သွယ်ရေး ၀န်ကြီးအဖြစ် ဦးအောင်ကြည်ကို ခန့်အပ်လိုက်ပြီးတဲ့နောက် တွေ့ဆုံ ဆွေးနွေးမှုတွေ ရံဖန်ရံခါဆိုသလို ရှိခဲ့ပေမဲ့ ဒီလို အကြိုသဘော တွေ့ဆုံမှုတွေကနေ အဓိပ္ပာယ်ပြည့်ဝတဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်အောင် ရှေ့ဆက်ဖို့ လိုတယ်ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားတာပါ။

ဒီကနေ့ တွေ့ဆုံမှုဟာ မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပေးမယ်လို့ ကတိပြု ပြောဆိုထားတဲ့ ဒီနှစ် ၂၀၁၀ ခုနှစ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အစိုးရ တာဝန်ရှိသူတို့ ပထမဆုံးအကြိမ် တွေ့ဆုံမှုလည်း ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းကတော့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကပဲ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ ဗီယက်နမ်နိုင်ငံမှာ တွေ့ဆုံစဉ် ရွေးကောက်ပွဲတွေကို လွတ်လပ်ပြီး တရားမျှတအောင် ကျင်းပပေးမယ်ဆိုပြီး ပြောဆိုခဲ့တာပါ။

ရက်အတိအကျ မသတ်မှတ်ရသေးပေမဲ့ အစစ အရာရာ အစီအစဉ်အတိုင်း ရှိနေပါတယ်လို့ အာဆီယံ နိုင်ငံခြားရေး ၀န်ကြီးတွေနဲ့ အလွတ်သဘော တွေ့ဆုံချိန်မှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဒါဟာဆိုရင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ တခဲနက် အနိုင်ရခဲ့တဲ့ ၁၉၉၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲတွေ နောက်ပိုင်း ပထမဆုံးအကြိမ် ကျင်းပမှာလည်း ဖြစ်ပါတယ်။

စီးတီးတက္ကစီများကို ပါရမီယာဉ်ကဲ့သို့ဖြစ်စေရန် ဆောင်ရွက်တော့မည်

မျိုးချစ်သူ
ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်း ပြေးဆွဲနေသော စီးတီးတက္ကစီများကို ပါရမီတက္ကစီများကဲ့သို့ ပြောင်းလဲသွားမည်ဟု သိရသည်။

ပထမဆုံးအနေဖြင့် ယခု ဇန်န၀ါရီလမှစပြီး ရန်ကုန်စည်ပင် နယ်နိမိတ်အတွင်းရှိနေသည့် စီးတီးတက္ကစီများကို ယာဉ်စည်းကမ်းနှင့် ညီမညီ စတင်စစ်ဆေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း လမ်းပန်းဆက်သွယ်ရေးနှင့်လုံခြုံချောမွေ့ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် အစိုးရအရာရှိကြီးတဦးက ပြောသည်။

ရန်ကုန်မြို့တွင်း တက္ကစီမောင်းသူတဦးကမူ ၎င်းတို့ တက္ကစီသမားများအား ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီက အကြောင်းမကြားသေးကြောင်း ပြောသည်။

၎င်းက “အကြောင်းမကြားဘဲ စစ်တာတွေလုပ်တယ်ဆိုရင်တော့ ကြားပေါက် ငွေရှာတာပဲလို့ ကျနော်တို့က မှတ်ယူမယ်။ တခုခု သတ်မှတ်တယ်ဆိုရင် အကြောင်းကြားသင့်တယ်။ ပါရမီတက္ကစီတွေလို အဆင့်မြှင့်ရအောင် အခုရန်ကုန်မှာ မောင်းနေကြတဲ့ ကားတွေက နှစ်ချို့ကားတွေ ခင်ဗျ။ ပါရမီကားတွေက မကြာသေးခင်ကမှ တင်သွင်းလာတဲ့ကားတွေ၊ ဘယ်လိုယှဉ်နိုင်မလဲ။ ဘယ်လိုစိတ်ကူးနဲ့  အဲဒီလိုလုပ်တယ်ဆိုတာကို မတွေးတတ်အောင်ပဲ” ဟု ပြောသည်။

ပါရမီတက္ကစီယာဉ်များသည် လွန်ခဲ့သော ၂၀၀၆ ခုနှစ်ကပင် ရန်ကုန်စည်ပင်အတွင်း ပြေးဆွဲလျက်ရှိပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်က ပိုင်ဆိုင်သော ယာဉ်လိုင်းတခုဖြစ်ကာ အစီးရေ (၅၀၀) ရှိနေပြီဖြစ်သည်။

ပါရမီတက္ကစီအတိုင်းဖြစ်စေရန် ဆောင်ရွက်မည်ဆိုပါက မော်ဒယ်အမြင့်ကားများကိုသာ ပြေးဆွဲစေမည်ကို စီးတီးတက္ကစီ ယာဉ်ပိုင်ရှင်များက စိုးရိမ်နေကြကြောင်း သိရသည်။

“မော်ဒယ်အမြင့်တွေကိုပဲ ပြေးဆွဲရတော့မယ်ဆိုရင်တော့ နံပါတ် အနိမ့်ကားတွေကို ပြေးဆွဲခွင့်ရပ်ပြီး နံပါတ်အနက် ပြောင်းလိုက်ရင် ခက်မယ်။ အခုက စီးပွားရေးတွေမကောင်းကြဘူး။ တက္ကစီကား ထောင်စားတာ လွန်ခဲ့တဲ့ (၁၀) နှစ် လောက်ကပဲ။ ကျနော့်မှာ ကာလပေါက်ဈေး သိန်း (၁၅၀) လောက်ပေါက်တဲ့ ဆလွန်းကားလေး နံပါတ်က ဓ နဲ့ သ နှစ်စီးရှိတယ်ဗျ” ဟု ယာဉ်ပိုင်ရှင်တဦးက ပြောသည်။

ရန်ကုန်တိုင်း အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီမှ အရာရှိတဦး၏ ပြောပြချက်အရ စီးတီးတက္ကစီများကို ပါရမီယာဉ် အတိုင်း ဖြစ်စေရန်ဆောင်ရွက်ခြင်းမှာ ရန်ကုန်မြို့တော် အင်္ဂါရပ်နှင့် ညီညွတ်စေရန် ဖြစ်သည်ဟု ဆိုသည်။

“အမျိုးမျိုး အကြောင်းပြတာလို့ပဲ မြင်ပါတယ်။ မြို့တော်အင်္ဂါရပ်နဲ့ ညီညွတ်ဖို့ဆိုရင် လျှပ်စစ်မီးကို အရင် (၂၄) နာရီရအောင် လုပ်သင့်တာပေါ့။ အခုတော့ ရန်ကုန်မြို့ထဲကို သွားကြည့်လိုက်ရင် မီးစက်သံတွေ ညံစီလို့၊ အသံညစ်ညမ်းမှု၊ လေထု ညစ်ညမ်းမှုတွေ ဖြစ်စေတယ်လေ” ဟု ရန်ကုန်မြို့ခံတဦးက ဝေဖန်သည်။

ရန်ကုန်စည်ပင်နယ်နိမိတ်အတွင်းတွင် ပါရမီတက္ကစီယာဉ်အပါအ၀င် မှတ်ပုံတင်ပြုလုပ်ပြီး စာရင်းရှိ တက္ကစီ စီးရေမှာ (၂၀,၀၀၀) ခန့် ရှိကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန စာရင်းများအရ သိရသည်။

နေကြတ်ကြည့်သူ နိုင်ငံခြားသားများ ပြည့်နှက်



မြင့်မောင် | သောကြာနေ့၊ ဇန်နဝါရီလ ၁၅ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၅ မိနစ်
၂၁ ရာစုတွင် အရှည်ကြာဆုံး မြင်တွေ့ရမည့် နေကြတ်ခြင်းကို ကြည့်ရှုသည့် နိုင်ငံခြား ခရီးသည်များ မန္တလေးတောင်နှင့် စစ်ကိုင်းတောင်ပေါ်တွင် ယနေ့ ပြည့်နှက်နေခဲ့သည်။

တောင်ခြေနှစ်ခုတွင် နိုင်ငံခြားသားများကို တင်ဆောင်လာသည့် ဘတ်စ်ကားများဖြင့် ပြည့်နှက်နေပြီး မန္တလေးကျုံး အနီးတွင်လည်း နိုင်ငံခြားသားများက ကင်မရာများ အသင့်ပြင်ဆင်၍ ကြည့်ရှုနေခဲ့ကြောင်း သိရခြင်း ဖြစ်သည်။

“မန္တလေးတောင်ပေါ်ဘက်ကနေ ကြည့်နေတာ နိုင်ငံခြားသားတွေ တော်တော်များများ တက်သွားတယ်။ နိုင်ငံခြားသားတွေ တင်ထားတဲ့ ဘတ်စ်ကားကြီး ၇ စီးလောက် ရှိတယ်။ သူတို့အားလုံး တောင်ပေါ် မြင်ကွင်းကြည့်တဲ့ နေရာမှာ အများကြီးပဲ” ဟု ပြော မန္တလေး မြို့ခံတဦးက ပြောသည်။

သူက “မန္တလေးကျုံးဘေးမှာ နိုင်ငံခြားသားတွေက ကင်မရာတွေ ထောင်ထားပြီး ရိုက်နေတာတွေ ရှိတယ်။ နိုင်ငံခြားသား ၂၀ လောက် တွေ့တယ်။ မန္တလေးမှာတော့ လူတွေ နေကြတ်တာ ကြည့်တာ နည်းတယ်။ သိချင်တဲ့ လူတွေ အနည်းအကျဉ်းလောက်ပဲ ထွက်ကြည့်ကြတယ်။ မန္တလေးတောင်ပေါ်မှာ နိုင်ငံခြားသား ၁၅ဝ လောက် ရှိမယ်” ဟု ပြောသည်။

စစ်ကိုင်းတောင်တွင်လည်း နိုင်ငံခြားသားများနှင့် မြို့ခံများဖြင့် ယနေ့ စည်ကားနေခဲ့သည်။

“နေကြတ်တာကို ဗီဒီယိုတွေ ရိုက်တယ်။ ဓာတ်ပုံတွေ ရိုက်တာတွေ ရှိတယ်။ လာကြည့်တဲ့ နိုင်ငံခြားသားတွေ တော်တော်များတယ်။ လူတွေက တော်တော်များများ လာကြည့်ကြတယ်။ နိုင်ငံခြားသားတွေအပြင် ကျနော်တို့ မြို့ခံတွေလည်း ကြည့်ကြတယ်'' ဟု စစ်ကိုင်းတောင်ပေါ်သို့ ကိုယ်တိုင်သွားရောက်ခဲ့သူ စစ်ကိုင်းမြို့သားက ပြောသည်။

''နေကြတ်နေတာကို မြင်ရတာက ၃ ပုံ၊ တပုံလောက် မြင်ရတယ်။ ဒီက မြင်ရတာက အောက်ပိုင်းကနေစပြီး ဟိုက်နေတာ တွေ့ရတယ်။ ၃ ပုံ၊ ၁ ပုံက “ဗ” ပြောင်းပြန်မှောက်ရဲ့ ပုံစံဖြစ်နေတယ်။ ဘေးအနားတွေက လင်းနေပြီး အောက်ပိုင်းမှာ မဲနေတာ တွေ့ရတယ်။ ကျနော်တို့တသက် မမြင်ဖူးဘူး။ အခုလို နေကြတ်တာက တော်တော်ကို ထူးဆန်းတယ်” ဟု သူက ဆက်ပြောသည်။

နေကြတ်သည်ကို မကွေးတိုင်း ရေစကြိုမြို့တွင်လည်း မြင်တွေ့ရကြောင်း ဒေသခံတဦးက ပြောသည်။

“၁ နာရီလောက်က စောင့်ကြည့်နေတာ ၂ နာရီလောက်မှာ အရောင်လေး စပြောင်းတယ်။ ၃ နာရီလောက်မှာ ဖလင်လိပ်ခံကြည့်တော့ စက်ဝိုင်းအကွင်းလေးပဲ မြင်ရတယ်။ အလယ်ခေါင်တခုလုံး မဲပြီးတော့ ဘေးသားလေး နည်းနည်းလေးပဲ ကျန်တယ်။ ၃ နာရီခွဲလောက်ကျတော့ “ပ” ဇောက်ပုံ ဖြစ်သွားတယ်။ အနက်ကြီးက အပေါ်တက်သွားတယ်” ဟု သူက ပြောသည်။

ယနေ့ နေကြတ်သည်ကို မြန်မာပြည်တွင် စစ်ကိုင်း၊ မန္တလေးနှင့် ရေစကြိုမြို့တို့အပြင် ရန်ကုန်၊ ပဲခူး၊ မေမြို့၊ ရွှေဘို၊ မုံရွာ၊ ပခုက္ကူနှင့် မေမြို့ (ပြင်ဦးလွင်) တို့တွင်ပါ မြင်တွေ့ရကြောင်း သိရသည်။

ဟေတီကို ကူညီကြပါ



ကိုထွေး .............


အင်အား ပြင်းထန်သည့် ငလျင်ဒဏ် ခံခဲ့ရသော ဟေတီနိုင်ငံ၊ ပို့အော်ပရင့်စ် မြို့တော်တွင် နိုင်ငံတကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အပူတပြင်း ဆောင်ရွက် နေကြသည်။

သမ္မတ ဘားရက် အိုဘားမားက အမေရိကန်နိုင်ငံ တ၀န်းလုံးမှ စစ်ဘက်နှင့် အရပ်ဘက် အရေးပေါ် ကူညီ ကယ်ဆယ်ရေး အဖွဲ့များ စေလွှတ်၍ လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပေးလိုက်သည်ဟု AP သတင်းတပုဒ်တွင် ရေးသားထားသည်။

ငလျှင်ဒဏ် ခံလိုက်ရသော ပို့အော်ပရင့်စ်မြို့တော်တနေရာ မြင်ကွင်း (ဓာတ်ပုံ - Reuters)
“အကူအညီ လိုနေတဲ့ အချိန်မှာ ကျနော်တို့ အရောက်သွားဖို့ လိုပါတယ်၊ ဒီလို ကြေကွဲစရာ ဖြစ်နေချိန်မှာ အားတက်သရော မလုပ်ဘဲ ဆင်ခြေ ပေးတာမျိုးကို သည်းခံမှာ မဟုတ်ပါဘူး” ဟု အိုဘားမားက ပြောသည်။

အမေရိကန်က ဒေါ်လာ သန်း ၁၀၀ အကူအညီပေးရန် ကတိပေး ခဲ့သည်။ ကယ်ဆယ်ရေး လုပ်ငန်းများ အတွက် အမေရိကန် သင်္ဘော ၆ စင်း၊ ခြေလျင် စစ်သည် ၅၅၀၀ နှင့် မရိန်း တပ်သားများသည် ကရစ်ဘီယံ ပင်လယ်ကို ဖြတ်၍ ဟေတီသို့ ဦးတည်နေသည်။

ဟေတီတွင် ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ အတွက် ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၁၀၀၊ သြစတြေးလျက ဒေါ်လာ ၉.၃ သန်း၊ ဂျပန်က ဒေါ်လာ ၅သန်း အပြင် ဒေါ်လာ ၃၃၀၀၀၀ တန်ဖိုးရှိ စောင်နှင့် ယာယီတဲများ၊ တောင်ကိုရီးယားက ဒေါ်လာ ၁ သန်း၊ ကနေဒါက ဒေါ်လာ ၄.၈သန်း၊ ဥရောပ သမဂ္ဂက ဒေါ်လာ ၄.၃၇ သန်း ကူညီကြမည်ဟု ဆိုသည်။

ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကလည်း ဟေတီတွင် ကူညီရေး လုပ်ငန်းများ ဆောင်ရွက်ရန် ဒေါ်လာ ၁၀ သန်း အလှူခံထားသည်။

ဟေတီ ငလျင် ဒုက္ခသည်များအတွက် လက်ကိုင်ဖုန်းမှ တဆင့် အလှူငွေများ ထည့်ကြရာ ငလျင်လှုပ်ခတ်အပြီး ၄၈ နာရီ အတွင်း ဒေါ်လာ ၅ သန်း ရရှိခဲ့သည်ဟု အမေရိကန် ကြက်ခြေနီ အဖွဲ့က ပြောသည်။

http://www.icrc.org/familylinks, http://Ushahidi.com, http://miamiherald.com, http://koneksyon.com စသော အင်တာနက် စာမျက်နှာများကလည်း ငလျင်ကြောင့် ပျောက်ဆုံးနေသော မိသားစု၊ ဆွေမျိုး မိတ်ဆွေများနှင့် ပြန်လည် ဆက်သွယ်ခွင့် ရရေးအတွက် လိုအပ်သော အကူအညီများပေးခြင်း၊ အကြံပေးခြင်းတို့ကို ဆောင်ရွက်နေသည်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ၀န်ကြီး မာတီ အမ်နာတာလဂါဝါက “အာရှနိုင်ငံတွေကိုလည်း တတ်နိုင်သလောက် အကူအညီတွေ ပေးဖို့ တောင်းဆိုပါတယ်၊ ဟေတီနိုင်ငံက အဖြစ်အပျက်အတွက် ကျနော် အရမ်းပဲ ၀မ်းနည်းမိပါတယ်” ဟု ပြောသည်။

ငလျင်သည် အင်အား ရစ်ခ်ျတာစကေး ၇.၀ ရှိပြီး အင်္ဂါနေ့ ညနေ ၅ နာရီခန့်က ပို့အော်ပရင့်စ်မြို့တော် အနောက်တောင်ဘက် ၁၀ မိုင် ကွာဝေးသော နေရာကို ဗဟိုပြု လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ငလျင်ကြောင့် လူပေါင်း ၁ သိန်းခန့် သေဆုံးခဲ့ကြောင်း၊ ရုပ်အလောင်း ၇၀၀၀ ကို မြှပ်နှံ သဂြိုဟ်ပြီး ဖြစ်ကြောင်း ဟေတီ ၀န်ကြီးချုပ် ဂျင်းမတ်စ် ဘီလာရစ်က CNNသတင်းဌာနကို ပြောသည်။

လူပေါင်း ၂ သိန်းခန့် ပျောက်ဆုံးနေပြီး ၃ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည်ဟု ဆိုသည်။

ဟေတီ သမ္မတ Rene Prevalက“ပါလီမန် အဆောက်အအုံ ပြိုကျသွားပြီ၊ ဆေးရုံ၊ ကျောင်းတွေလည်း ပျက်စီးကုန်ပါပြီ၊ ကျောင်းဝန်းထဲမှာလည်း သေဆုံးသွားတဲ့သူ အများ အပြား ရှိနေပါတယ်၊ ဆေးရုံတွေမှာလည်း ဒဏ်ရာရတဲ့လူတွေနဲ့ ပြည့်နေပါတယ်” ဟု ပြောသည်။

ပြိုကျပျက်စီးသွားသည့် အဆောက်အအုံများထဲတွင် ဟေတီရှိ ကုလသမဂ္ဂ အဆောက်အအုံလည်း ပါဝင်သည်။ ကုလသမဂ္ဂ ငြိမ်းချမ်းရေး အဖွဲ့ဝင် ၁၆ ဦး သေဆုံးခဲ့ပြီး ကုလသမဂ္ဂ ၀န်ထမ်း စုစုပေါင်း ၁၄၀ ပျောက်ဆုံးလျက် ရှိသည်။

လက်ရှိကြုံတွေ့နေရသော ပြဿနာမှာ သောက်ရေသန့် ရရှိရေးဖြစ်ပြီး ဆေးရုံသို့ နာဖျား၍ ရောက်လာသော လူအများစုမှာ မသန့်ရှင်းသည့် သောက်သုံးရေကြောင့် ဖြစ်ကြောင်း သိရသည်။

ဤငလျင်သည် ဟေတီနိုင်ငံ သမိုင်းတွင် နှစ်ပေါင်း ၂၀၀ အတွင်း အဆိုးဝါး အပြင်းထန်ဆုံး ငလျင် ဖြစ်သည်။

မြန်မာနိုင်ငံသားများအတွက် ဟေတီငလျင်သတင်းသည် လူတသိန်းကျော် အသေအပျောက် ရှိခဲ့သည့် ခံခဲ့ရသော နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့သည့် ကာလကို အမှတ်ရဖွယ် ဖြစ်နေသည်။

ဟေတီ ငလျင်နောက်ဆက်တွဲ အခြေအနေများကို ရုပ်မြင်သံကြားမှတဆင့် ကြည့်ရပြီး များစွာ ၀မ်းနည်း ကြေကွဲမိပါသည်ဟု ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူက ပြောသည်။

“တိုင်းပြည်မှာရှိတဲ့ လူကြီးပိုင်းတွေရဲ့ ခွင့်ပြုချက်က အရေးကြီးတယ်၊ ကိုယ်ချင်းစာစိတ်လေးတွေ ရှိကြရင် အကောင်းဆုံးပေါ့၊ နာဂစ်တုန်းက ကိုယ့် ဆွေမျိုးသားချင်းတွေ တကယ်တမ်း ပါသွားရင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို ခံစားမလဲ၊ အဲဒီလို ဖြစ်လာတဲ့ အခါကျရင် ဒီလို အကူအညီတွေ မရရင် ဘယ်လို ခံစားမလဲ၊ ကျနော် ဒီလိုမေးချင်ပါတယ်” ဟု ရန်ကုန်မှ နာရေး ကူညီမှု အသင်းကို ဦးဆောင်သူ တဦးဖြစ်သည့် ဦးကျော်သူက ပြောသည်။

Google တရုတ်က ထွက်တော့မည်


ကိုထွေး
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံအတွင်း အင်တာနက် ၀န်ဆောင်မှု လုပ်ငန်းများကို ရပ်ဆိုင်းရန် စဉ်းစားနေသည့် Google ကုမ္ပဏီ၏ အင်္ဂါနေ့က ထုတ်ပြန်ချက်သည် နိုင်ငံတကာ၏ လေးစားမှုကို လိုချင် နေသည့် တရုတ် အာဏာပိုင်များကို အရှက်ရစေမည် ဖြစ်သည်။

ဘေဂျင်းရှိ Google ရုံးချုပ်ရှေ့တွင်Googleကို ထောက်ခံကြောင်းပြသသည့် အနေဖြင့် Google အသုံးပြုသူများက ပန်းစည်း၊ ပန်းခြင်းများ ချထားသည်ကို တွေ့မြင်ရပုံ (ဓာတ်ပုံ - အေပီ)
Google ကုမ္ပဏီ မန်နေဂျာများက ယခုအခါ ကုမ္ပဏီ ၀န်ထမ်းများကို အိမ်ပြန်ရန် ပြောဆိုလျက်ရှိပြီး ၀န်ထမ်းများ အနေဖြင့် နောက်ရက်တွင် ရုံးသို့ လာရောက်ရေးကို အသေအချာ မသိရှိရ သေးကြောင်း အေပီ သတင်းတရပ်တွင် ရေးသားထားသည်။

၂၀၀၅ ခုနှစ်တွင် စတင် ဖွင့်လှစ်သော Google ကုမ္ပဏီသည် တရုတ်နိုင်ငံ၏ အတော်ဆုံး ကျောင်းသားများကို ငှားရမ်း ခန့်အပ်ခဲ့သည်။

ကွန်ပျူတာမှ အချက် အလက်များကို ခိုးယူ နှောင့်ယှက်သူများ (Hacker) က တရုတ် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ အီးမေလ်းများကို ၀င်ရောက် တိုက်ခိုက်ခြင်းနှင့် တရုတ် အစိုးရက အင်တာနက် ၀က်ဘ်ဆိုဒ်များ၏ လွပ်လပ်မှုကို ကန့်သတ်ခြင်း တို့ကြောင့် Google က ယင်းကဲ့သို ကြေညာခဲ့ခြင်း ဖြစ်သည်။

ယင်း ကြေညာချက်တွင် Google အရာရှိတဦးဖြစ်သူ David Drummondက “ ဒီကိစ္စကြောင့် တရုတ်ပြည်တွင်းက ကျနော်တို့ စီးပွားရေး လုပ်ငန်းတွေကို ပြန်လည် သုံးသပ်ဖို့ လိုလာပါတယ်၊ ဒါဟာ Google.cn နဲ့ တရုတ်နိုင်ငံက ကျနော်တို့ရုံးကို ပိတ်ဖြစ်ဖို့ လိုပြီဆိုတာ ကောင်းကောင်း နားလည် လိုက်ပါတယ်”ဟု ဆိုသည်။

အဆိုပါ တိုက်ခိုက်မှုသည် လွန်ခဲ့သော သတင်းပတ်က စတင်ခဲ့ပြီး အခြားသော အင်တာနက်၊ စီးပွားရေး၊ မီဒီယာ၊ နည်းပညာနှင့် သက်ဆိုင်သော ကုမ္ပဏီ ၂၀ ခန့်ကိုလည်း ဦးတည် တိုက်ခိုက်ခဲ့သည်ဟု Google ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းထုတ်ပြန်ချက် ထွက်ပေါ် လာပြီးနောက် Google ၏ ရှယ်ယာရာခိုင်နှုန်းမှာ ၁.၂ ရာခိုင်နှုန်း ထိုးကျသွားပြီး Baidu ကုမ္ပဏီက ရှယ်ယာ ၆.၈ ရာခိုင်နှုန်း၊ Sina ကုမ္ပဏီက ရှယ်ယာ ၁.၃ ရာခိုင်နှုန်း မြှင့်တက်ခဲ့သည်။

ယင်း ကြေညာချက်နှင့် ပတ်သက်၍ ကွန်ပျူတာနှင့် ဆက်စပ်သော ပစ္စည်းများ ထုတ်လုပ်နေသည့် မိုက်ခရိုဆော့ဖ် နှင့် Cisco ကုမ္ပဏီတို့က တစုံတရာ မှတ်ချက်ပေး ပြောကြားခြင်း မရှိသေးပေ။

လာမည့် သီတင်းပတ်တွင် အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က တကမ္ဘာ့ပေါ်လုံး စိစစ်ဖြတ်တောက်မှု မရှိသည့် အင်တာနက် ၀က်ဆိုဒ်များကို အသုံးပြုခွင့်ရရေးနှင့် ပတ်သက်၍ ထုတ်ပြန်မည့် ကြေညာချက် မထွက်လာမီ ယင်းကဲ့သို့ Googleက ထုတ်ပြန်ခြင်းဖြစ်သည်။

ထိုထွက်ပေါ်လာမည့် ကြေညာချက်ကြောင့် အင်တာနက် လွတ်လပ်ခွင့်နှင့် ပတ်သက်၍ တရုတ်နှင့် အမေရိကန်အစိုးရတို့အကြား တင်းမာမှု ရှိနေကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး မစ္စဟီလာရီ ကလင်တန်က“ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ googleက ကျမတို့ကို ရှင်းပြထား ပါတယ်၊ စိုးရိမ် ပူပန်စရာနဲ့ မေးစရာ မေးခွန်းတွေ အများကြီး ထွက်ပေါ်လာပါတယ်၊ တရုတ် အစိုးရက ရှင်းပြဖို့ ကျမတို့ မျှော်လင့်နေ ပါတယ်” ဟု ဆိုသည်။

Google၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ တရုတ်အစိုးရက တစုံတရာ တုံ့ပြန်ပြောဆိုခြင်းမရှိသေးသော်လည်း ကုမ္ပဏီထံမှ သတင်း အချက်အလက်များ ထပ်မံ ရရှိရန်ကြိုးစားနေကြောင်း တရုတ်နိုင်ငံ ဆင်ဟွာသတင်းတွင် အမည်မဖော်လိုသူ ၀န်ကြီး အဖွဲ့ဝင်တဦးကို ကိုးကားရေးသားထားသည်။

တရုတ်နိုင်ငံ Google အသုံးပြုသူများက ဘေဂျင်းမြို့ရှိ Google ဌာနချုပ်ရှေ့တွင် ပန်းခြင်းများ လာရောက်ချထား၍ သော် လည်းကောင်း၊ ဖယောင်းတိုင်မီးများ လာရောက် ထွန်းညှိ၍လည်းကောင်း ၎င်းတို့၏ ထောက်ခံမှုကို လာရောက်ပြသခဲ့ ကြသည်။

တရုတ်နိုင်ငံသည် အင်တာနက် စာမျက်နှာပေါ်တွင် နိုင်ငံရေးနှင့် ပတ်သက်၍ ကန့်သတ်တားမြစ်မှုများ ရှိကြောင်း သိရသည်။

“မီဒီယာပဲဖြစ်ဖြစ်၊ ကာမရာဂနဲ့ပတ်သက်တဲ့ ရေးသားမှုပဲ ဖြစ်ဖြစ် နိုင်ငံရေးနဲ့ မပတ်သက်သရွေ့ အစိုးရက ဒီအတိုင်းပဲ ထားလေ့ ရှိတယ်”ဟု တရုတ်- အမေရိကန် ကုန်သည်ကြီးများ အသင်း ဥက္ကဋ္ဌ Siva Yam ကဆိုသည်။

တီယန်နန်မင် ရင်ပြင် အရေးအခင်း၊ တိဗက်ဘုန်းတော်ကြီး ဒလိုင်းလားမားတို့နှင့် ပတ်သက်၍ တရုတ် အင်တာနက်စာမျက်နှာပေါ် တွင် ရှာဖွေ၍ မရနိုင်သကဲ့သို့ မကြာသေးခင်ကလည်း Google၏ ဗီဒီယိုဝန်ဆောင်မှု Youtube ၊ Facebookနှင့် Twitter တို့ကို လည်း ပိတ်ပင် ခဲ့သည်။

Ciso ကုမ္ပဏီ သည်လည်း အင်တာနက် စာမျက်နှာ စိစစ်ရေးနှင့် အင်တာနက်ပေါ်တွင် ထောက်လှမ်းနိုင်သည့် နည်းပညာများကို တရုတ်အစိုးရကို ရောင်းချခဲ့သည့် အတွက် လူ့အခွင့်အရေး လှုပ်ရှားသူများ၏ ဝေဖန်ပြောဆိုခြင်းကို ခံနေရကြောင်းသိရသည်။

“တရုတ်အစိုးရရဲ့ စိစစ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ အခြားသော ကုမ္ပဏီတွေက လူ့အခွင့်အရေး လှုပ်ရှားသူတွေရဲ့ဝေဖန် ပြောဆိုတာကို ခံရလိမ့်မယ်”ဟု ဟောင်ကောင် Baptist တက္ကသိုလ် တရုတ်အရေး ကျွမ်းကျင်သူ ပါမောက္ခ Jean-Pierre Cabestanက ဆိုသည်။

လွန်ခဲ့သောနှစ်များက Yahoo ကုမ္ပဏီသည် ၎င်းပိုင်ဆိုင်သော ရှယ်ယာအများစုကို Alibaba အုပ်စုသို့ ရောင်းချ၍ တရုတ်နိုင်ငံမှ ထွက်ခွာခဲ့သည်။ Alibaba အုပ်စုတွင် Yahoo အနေဖြင့် ရှယ်ယာ ၃၉ ရာခိုင်နှုန်း ပြန်ရရှိထားသည်။

တရုတ်နိုင်ငံတွင် အင်တာနက် အသုံးပြုသူပေါင်း သန်း ၃၅၀ ကျော်ရှိပြီး ယင်းမှ တနှစ်လျှင် အခွန်ငွေ ဒေါ်လာ ၁ ဘီလီယံခန့် ရရှိကြောင်း သိရသည်။

Google China သည် Google ကုမ္ပဏီ၏ အဖွဲ့ခွဲတခုဖြစ်ကာ Google.cnကို ၂၀၀၆ ဇန်န၀ါရီလတွင် စတင်ခဲ့ပြီး ဌာနချုပ်မှာ တရုတ်နိုင်ငံ ဘေဂျင်းတွင် ရှိသည်။

Thursday, January 14, 2010

ရှမ်းပြည်မြောက်ပိုင်း ဒေသအတွင်းမှ ဘိန်းခင်းများ မကြာမီ အစေးခြစ်နိုင်တော့မည်


ပေါက်ပေါက်
ရှမ်းပြည်မြောက်ပိုင်း နမ်းခမ်းနှင့် မန်တုံမြို့နယ်အတွင်း ဘိန်းခင်းများတွင် ယခုအခါ အပွင့်ပွင့်နေပြီး အချို့မှာ အသီးများ စတင်သီးနေကာ မကြာမီ အချိန်အတွင်း အစေးခြစ်ယူနိုင်တော့မည်ဖြစ်သည်။

နမ်းခမ်းမြို့ အနောက်ဘက်ဒေသများနှင့် ပလောင်တိုင်းရင်းသားများ အဓိကနေထိုင်ရာ မန်တုံမြို့နယ်အတွင်းရှိ တောင်စောင်း၊ လျှိုမြောင်များ အတွင်း ဘိန်းခင်းများ ပြုလုပ်ထားကြပြီး နယ်မြေခံ ပြည်သူ့စစ်များနှင့် ရွှေလီရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးတာဝန်ကျ စစ်တပ်ကို ဘိန်းခင်း ပိုင်ရှင်များက ဆက်ကြေးပေးနေရသည်ဟု နမ်းခမ်းဒေသခံတဦးက ပြောသည်။

၎င်းက “နမ်းခမ်းဘက်မှာဆို ပန်းဆေးကျော်မြင့်ရဲ့ ပြည်သူ့စစ်ရှိတယ်။ တပိုင်တနိုင် မိသားစု စီးပွားရေးအတွက် တောင်ယာလေး တွေမှာ စိုက်ထားတဲ့ဟာမျိုးဆို သူတို့တွေက ကျပ် (၁) သိန်းတောင်းတယ်။ အလုပ်သမားတွေငှားပြီး စီးပွားဖြစ်လုပ်တဲ့ ဘိန်းခင်းမျိုးကျတော့ (၃)၊ (၄) သိန်းပေးနေရတယ်တဲ့။ ရွှေလီရေအား လျှပ်စစ်စက်ရုံမှာက ခလရ (၁၄၄) ရှိတယ်။ သူတို့ကလည်း ကင်းလှည့်လာရင်းနဲ့ (၃)၊ (၄) သောင်း တောင်းတာမျိုး ရှိတယ်။ တချို့လည်း ထောင်ပိုင်းလောက်နဲ့ ပြီးသွားတာလည်း ရှိတယ်” ဟု ပြောသည်။

ဘိန်းခင်းများအားလုံးနီးပါးမှာ အပွင့်များပွင့်နေပြီး ပြီးခဲ့သည့်စက်တင်ဘာလ၌ စိုက်သည့်အပင်များမှာ ရှေ့လခန့်တွင် အစေးခြစ်၍ ရပြီဖြစ်ကြောင်း အဆိုပါ နမ်းခမ်းဒေသခံက ပြောသည်။

၎င်းက “အချို့အပွင့်က ပန်းရောင်၊ အချို့က ခရမ်းရောင်၊ အချို့က အဖြူရောင်တွေနဲ့ အတော်ကိုလှတာ။ တချို့တောင်ပေါ်က ပလောင်ရွာတွေကျတော့ အိမ်နောက်က မုန်ညှင်းခင်းထဲမှာပဲ ရောစိုက်ထားတဲ့ဟာမျိုးလည်း ရှိတယ်။ အဲဒါကျတော့ မိသားစုဝင်ငွေ နည်းနည်းပဲ ရရဆိုပြီး စိုက်တာ။ တချို့အိမ်မှာ သုံးဖို့ စိုက်တာရှိတယ်” ဟု ပြောသည်။

ဘိန်းစိုက်ထားသည့် မြေနေရာများသည် မြေဆီမြေနှစ် ကုန်ခန်းသွားပြီး မည်သည့် သီးနှံပင်ကိုမျှ စိုက်ပျိုး၍ မရသဖြင့် ဒေသခံ အများစုမှာ ဈေးကောင်းရသည့် ဘိန်းကိုသာ မြေသြဇာများသုံးပြီး နှစ်စဉ်စိုက်ပျိုးနေရသည်ဟု အဆိုပါဒေသခံက ပြောသည်။

Wednesday, January 13, 2010

အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ် စနစ်သုံးရန် စစ်အစိုးရစီစဉ်


စိုးမိုး
နအဖစစ်အစိုးရ၏ ရုရှနှင့် မြောက်ကိုရီးယားခရီးစဉ် လျှို့ဝှက်မှတ်တမ်းများ၊ လျှို့ဝှက်စီမံကိန်းများ ပေါက်ကြားခဲ့ပြီးနောက် စစ်အစိုးရက သတင်းအချက်အလက် လုံခြုံရေးအတွက် အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အသုံးပြုရန် အပူတပြင်း စီစဉ်နေသည်။

ယခုလ (၉) ရက်နေ့တွင် လှိုင်မြို့နယ် မြန်မာအင်ဖိုတက်တွင် စစ်အစိုးရ ဆက်သွယ်ရေး ဒု-၀န်ကြီးကို ကွန်ပျူတာ ပညာရှင်များက အွန်လိုင်းလုံခြုံမှု သက်သေခံလက်မှတ်စနစ် အကောင်အထည်ဖော်ရေး၊ နည်းဥပဒေပိုင်းဆိုင်ရာ လိုအပ်ချက်များကို အသေးစိတ် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

“ပေးပို့သူဟာ သူဖြစ်ကြောင်း သေချာဖို့၊ ရတဲ့စာကို ဖိုင်လက်ခံရမည့် သူသာလျှင် ဖွင့်နိုင်ဖို့၊ ကြားကဖောက်ဖတ်ခြင်း ကူးယူခြင်းရှိပါက ပျက်စီးသွားစေဖို့ အသုံးပြုတဲ့ စနစ်တခု လာအိုလို၊ အီရန်လို နိုင်ငံတွေမှာတောင် သုံးနေတယ်။ ကမ္ဘာမှာ အဲဒီစနစ်မသုံးတာ မြန်မာတနိုင်ငံတည်းရှိတယ်” ဟု မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဝင် ကွန်ပျူတာပညာရှင်တဦးက ပြောကြားသည်။

အွန်လိုင်းလုံခြုံရေး သက်သေခံလက်မှတ်မှာ e Commerce နှင့် e Government စနစ်ရှိသည့် နိုင်ငံတိုင်းတွင် မဖြစ်မနေ အသုံးပြုကြရပြီး သတင်းအချက်အလက် လုံခြုံမှုအတွက် သုံးရခြင်းဖြစ်ကြောင်း သိရသည်။

အခြားနိုင်ငံများတွင် ယင်းစနစ်အသုံးပြုရန်အတွက် စက်ဝယ်ယူရန်သာ လိုအပ်ပြီး အစိုးရသို့ သုံးစွဲခွင့်လိုင်စင် လျှောက်ထားရယူမှုသာ လိုအပ်သော်လည်း မြန်မာနိုင်ငံတွင် စစ်အစိုးရက ယင်းစက်ကို ပုဂ္ဂလိကသို့ အသုံးပြုခွင့် ပေးမထားသေးကြောင်း၊ အသုံးပြုရန်လည်း နည်းဥပဒေမရှိသေးကြောင်း သိရသည်။

ယင်း အွန်လိုင်းလုံခြုံမှုစနစ်ကို အစ္စရေးမှ လာရောက်ပြသ မိတ်ဆက်ခဲ့ဖူးသော်လည်း မြန်မာစစ်အစိုးရက စိတ်ဝင်စားမှု မရှိခဲ့ကြောင်း၊ ယခုအချိန်မှ အွန်လိုင်း လုံခြုံရေးစနစ်ကို အပူတပြင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ကွန်ပျူတာပညာရှင် အသိုင်းအ၀ိုင်းက ပြောကြားသည်။

“ဒီစနစ်ကို တနိုင်ငံလုံး သုံးမယ်ဆိုရင်တော့ သတင်းအချက်အလက် လုံခြုံမှုရှိတာပေါ့။ အီးမေးလ်တွေ ဖောက်ဖတ်လို့ မရဘူး။ စကားပြောတာတွေ ခိုးနားထောင်လို့ မရဘူး။ သိပ်ခက်ခဲတာလည်း မဟုတ်ဘူးလေ။ စက်ဝယ်မယ်၊ ပြီးတော့ တပ်လိုက်မယ်၊ ဒါပဲလိုတယ်” ဟု အဆိုပါ ကွန်ပျူတာပညာရှင်က ပြောကြားသည်။

ယင်းနေ့ ဆွေးနွေးပွဲတွင် စစ်အစိုးရရုံးများနှင့် အဖွဲ့အစည်းများတွင် အဆိုပါစနစ် အသုံးပြုရေး ဆွေးနွေးခဲ့ပြီး လူထုအတွက် ပေးမပေးကိုမူ ဆွေးနွေးမှုမရှိခဲ့ကြောင်း သိရသည်။

ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ၂၀၀၆ ခုနှစ် ရုရှခရီးစဉ်နှင့် ၂၀၀၈ ခု နိုဝင်ဘာလအတွင်း ဗိုလ်ချုပ်ကြီး သူရရွှေမန်း တရုတ်နိုင်ငံမှ တဆင့် သွားရောက်ခဲ့သော မြောက်ကိုရီးယားခရီးစဉ် မှတ်တမ်းများ ပေါက်ကြားပြီးနောက်ပိုင်း စစ်အစိုးရက သတင်းအချက်အလက် လုံခြုံရေးစနစ်ကို စိတ်ဝင်စားလာခြင်းဖြစ်ကြောင်း ကွန်ပျူတာပညာရှင်အသိုင်းအ၀ိုင်းက ကောက်ချက်ချ ပြောဆိုနေကြသည်။

၂၁ ရာစုနှစ် အကြာဆုံး နေကြတ်မှု မြန်မာပြည်မှာ မြင်ရမည်

မြင့်မောင်

၂၁ ရာစုအတွင်း အချိန်အကြာဆုံး ဖြစ်လာမည့် ငါးနာရီကျော် ကြာမြင့်မည့် နေကြတ်မှုဖြစ်စဉ်ကို မြန်မာပြည် အလယ်ပိုင်းဒေသများ သောကြာနေ့တွင် တွေ့မြင်ရမည်ဟု မြန်မာနိုင်ငံ ဝေဒ သုတေသန အဖွဲ့ချုပ်က ပြောဆိုသည်။

မြန်မာပြည် အလယ်ပိုင်း မုံရွာ၊ ရွှေဘို၊ ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ မန္တလေးတောင်နှင့် စစ်ကိုင်းတောင်တို့ အပါအဝင် မြို့နယ် ၁၇ မြို့နယ်တွင် နေကြတ်မှုဖြစ်စဉ်ကို ယခုလ ၁၅ ရက်နေ့တွင် တွေ့မြင်ကြမှာဖြစ်ပြီး ဝေဒအဖွဲ့ချုပ် အဆိုအရ မြန်မာစံတော်ချိန် နံနက် ၁၀ နာရီမှ ညနေ ၃ နာရီကျော် ၄ နာရီမထိုးခင် ပြီးဆုံးသွားမည်ဟု သိရသည်။

“နေကြတ်၊ လကြတ်ပြီးရင် နိမိတ်တွေ စောင့်ကြည့်ရတယ်။ ငလျင်တွေ လှုပ်သလား၊ တော်လဲသလား၊ မိုးတွေ ရွာသလား။ အဲဒီနိမိတ်တွေကို ကြည့်ပြီးတော့မှ ဆုံးဖြတ်ရပါတယ်။ နေကြတ်ပြီးတော့ မိုးရွာချလို့ရှိရင် ဆိုးပြစ်တွေ အကုန်မျောပါသွားတယ်လို့ ဆိုပါတယ်။ နေကြတ်တဲ့အခါ ကြတ်တဲ့နေရဲ့ အရောင်အဆင်းကို ကြည့်ရပါတယ်။ ဟိုလိုဖြစ်မယ်၊ ဒီလိုဖြစ်မယ်ဆိုတာ ပြောလို့မရပါဘူး။ တနှစ်ကို နေကြတ်လကြတ် ၂ ကြိမ် ဖြစ်ပါတယ်” ဟု ဝေဒ အဖွဲ့ချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်မြင့်ကပြောသည်။

“ရွှေဘို၊ မုံရွာက အတည့်ဆုံး ဖြစ်နေတယ်။ အပြည့်မြင်ရမှာက မန္တလေးလည်း ပါတယ်။ ရန်ကုန်က အပြည့် မမြင်ရပါဘူး။ တစိတ်တပိုင်း ကြတ်တာပဲ မြင်ရမှာပါ။ စစ်တွေဘက်ပိုင်းက စဝင်လာပြီးတော့ မြန်မာနိုင်ငံ အလယ်ပိုင်း ရွှေဘို၊ မုံရွာကနေ ရှမ်းပြည်ဘက်ကို တက်ပြီး တရုတ်ပြည်ဘက်ကို ရောက်သွားမှာ။ နေကြတ်တာ၊ ထွက်လာတာ၊ ဝင်သွားတာတို့ကို ကြည့်ပြီး ကောင်းကျိုး ဆိုးပြစ်တွေ ပါတယ်” နေကြတ်ခြင်းကို အထင်ရှားဆုံး တွေ့မြင်ရမည့်အချိန်မှာ ညနေ ၃ နာရီ ၅ မိနစ်မှ ၃ နာရီ ၁၅ မိနစ်အတွင်း ဖြစ်မည်ဟု ခန့်မှန်းထားသည်။

''အခုဟာက ကျနော်တို့က ၁၀ နာရီကျော်လောက်မှာ ကြတ်မှာ၊ ညနေ ၃-၄ နာရီလောက်မှ ဆုံးမှာဆိုတော့ ကြတ်ရက်ကြီး ထွက်လာတာလည်း မမြင်ရပါဘူး၊ ဝင်သွားတာလည်း မမြင်ရပါဘူး။ အမဲကြီး ထွက်လာတာတို့၊ အမဲကြီး ဝင်သွားတာတို့ မြင်ရတဲ့ နိုင်ငံတွေမှာတော့ မကောင်းတတ်ဘူးလို့ ဆိုပါတယ်'' ဟု ဦးကျော်မြင့်က ပြောသည်။

နေကြတ်မှုဖြစ်စဉ်သည် အိန္ဒိယ သမုဒ္ဒရာကို ဖြတ်၍ အိန္ဒိယ တောင်ပိုင်း၊ သိရီလင်္ကာ၊ ဘင်္ဂလားဒေ့ခ်ျ၊ မြန်မာနှင့် တရုတ်နိုင်ငံများ မြင်တွေ့ရမည် ဖြစ်သည်။

မြန်မာအမျိုးသမီးများ လေယာဉ်မောင်းတော့မည်


မိုးယံ
အဲပုဂံ (Air Bagan) လေကြောင်း လိုင်းတွင် ယခုနှစ် နှစ်လယ်ပိုင်းမှ စတင်ကာ အမျိုးသမီး လေယာဉ်မှူး ၃ ဦး ၀င်ရောက် မောင်းနှင်မည် ဖြစ်ကြောင်း ထိုလေကြောင်းလိုင်းမှ အကြီးတန်း အရာရှိ တဦးက ပြောသည်။

အမျိုးသမီး ၃ ဦး ကို လေယာဉ်မှူးအဖြစ် တာဝန်ပေးမည့် အဲပုဂံ လေကြောင်းလိုင်းမှ လေယာဉ်တစီး
ထိုအမျိုးသမီး သုံးဦးသည် မလေးရှားနိုင်ငံရှိ Integrated Aviation Academy အမည်ရှိ လေယာဉ်မှူး သင်တန်းကျောင်း တခုတွင် ၂ နှစ်ကြာ လေ့လာသင်ယူ ခဲ့သူများ ဖြစ်သည်ဟု သိရသည်။

“မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး လေယာဉ်မှူးတွေ ဖြစ်လာမှာပေါ့၊ ကျနော်တို့ ဆီက ဒီလူတွေ အပြင် ထပ်မွေးထုတ် ဖို့လည်း အစီအစဉ်တွေ ရှိပါတယ်” ဟု သူက ပြောသည်။

ထို ၃ ဦးသည် ပြည်တွင်းပြည်ပ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များတွင် တာဝန်ယူရမည်ဟု ဆိုသည်။

“အမျိုးသမီးတွေလည်း အရေးပါတဲ့ အခန်းမှာ ပါလာတာ ၀မ်းသာဖို့ ကောင်းပါတယ်၊ သင်တန်းတက်ပြီး အကျိုးရှိရင်တော့ ပိုကောင်းတာပေါ့၊ အဲပုဂံ ကတော့ ချက်ချင်း လေယာဉ်မှူးဖြစ်အောင် လုပ်ပေးနိုင်စွမ်း ရှိတယ်လေ၊ အခြား သင်တန်းတွေကျ တော့ တက်ပြီးချင်း လေယာဉ်မှူးဖြစ်ဖို့ မလွယ်ဘူး၊ ပြန်စောင့်ရမှာ” ဟု မြန်မာ့လေကြောင်းလိုင်းမှ အရာရှိတဦးက ဆိုသည်။

သက်တမ်း ၆ နှစ်ရှိပြီ ဖြစ်သည့် ပုဂ္ဂလိကပိုင်လေကြောင်းလိုင်း အဲပုဂံက မလေးရှားသို့ စေလွှတ်ခဲ့သူများမှာ ငယ်ရွယ်သူများဖြစ်ကြောင်း ၂၀၀၈ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ထုတ် AP သတင်းတပုဒ်တွင် ဖော်ပြထားသည်။ ၎င်းတို့မှာ အဲပုဂံမှ လေယာဉ်မယ်များဖြစ်သည့် မမေချိုဝင်း နှင့် မနှင်းဦးဝေတို့ဖြစ်သည်။

မမေချိုဝင်းသည် အသက် ၂၀ ရှိပြီဖြစ်ပြီး ကွန်ပျူတာနည်းပညာဘွဲ့ရတဦးဖြစ်သည်ဟု ဆိုသည်။ မနှင်းဦးဝေ၏ အသက်မှာ ၂၅ နှစ် ဖြစ်ပြီး နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်ဖြင့် ဘွဲ့ရထားသူဖြစ်ကြောင်း သိရသည်။

ကျန်တဦးနှင့် ပတ်သက်ပြီး သတင်း မရရှိသေးပါ။

နိုင်ငံတကာ တွင်လည်း အမျိုးသမီးများ လေယာဉ်မှူးအဖြစ် တာဝန်ယူခြင်းကို အနည်းငယ်သာ တွေ့နိုင်သည်။

အမျိုးသမီးများ လေယာဉ်မောင်းနှင်ခြင်းကို နိုင်ငံပေါင်း ၁၆ နိုင်ငံတွင်သာ တွေ့ရမည်ဟု တရုတ်နိုင်ငံ China Daily သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။ ထိုအထဲမှ ၈ နိုင်ငံတွင် အမျိုးသမီးများကို စစ်လေယာဉ် မောင်းနှင်ရန် တာဝန် ပေးထားသည်ဟု ဆိုသည်။

နယ်စပ်မှာ တရုတ်က နယ်မြေခိုးယူမှု လုပ်သည်ဟု အိန္ဒိယ စွပ်စွဲ

တရုတ်နဲ့ အိန္ဒိယတို့ရဲ့ နယ်စပ်နယ်မြေ ပိုင်ဆိုင်မှု ဒေသက အိန္ဒိယ အရာရှိတွေက ပြီးခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ အိန္ဒိယရဲ့ နယ်မြေ အများအပြား တရုတ်ဘက်ကို ဆုံးရှုံး ရောက်ရှိသွားနေတယ်လို့ မနေ့က ပြောဆိုလိုက်ပါတယ်။

ဂျမူးနဲ့ ကက်ရှ်မီးယားက လာဒတ် ဒေသခံ အရာရှိတွေက တရုတ်တပ်ဖွဲ့တွေဟာ ခြေသလုံးအိမ်တိုင် လှည့်လည်သွားလာ နေသူတွေကို အိန္ဒိယနယ်မြေထဲကို ပိုပိုပြီး တွန်းလွှတ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

အဲဒီဒေသမှာ တရုတ်တပ်ဖွဲ့တွေဟာ ဒေသခံ အရပ်သားတွေကို နှုတ်နဲ့ဖြစ်စေ၊ ကိုယ်ထိလက်ရောက်ဖြစ်စေ၊ နှစ်မျိုးလုံးဖြစ်စေ ကျူးလွန်စော်ကားနေတယ်လို့ ဒေသခံ အရာရှိတွေက အိန္ဒိယ ဗဟိုအစိုးရ ပြည်ထဲရေး ၀န်ကြီးဌာနကို တင်ပြတဲ့ အစီရင်ခံစာမှာ ရေးသား ဖော်ပြထားပါတယ်။

အခုလို နယ်နိမိတ် အငြင်းပွားနေမှုနဲ့ ပတ်သက်ပြီး အိန္ဒိယအစိုးရ အနေနဲ့ တရုတ်အစိုးရနဲ့ အမြန်ဆုံး ဆွေးနွေး အဖြေရှာသင့်တယ်လို့ အိန္ဒိယအစိုးရရဲ့ စွမ်းအင်သစ်နဲ့ ရှိရင်းစွဲ စွမ်းအင်အရင်းအမြစ် ဖော်ထုတ်ရေး ၀န်ကြီးဌာန ၀န်ကြီး ဖာရတ် အဗ္ဗဒူလာက မနေ့က ပြောဆိုလိုက်တဲ့အကြောင်း အိန္ဒိယ PTI သတင်းမှာ ဖော်ပြထားပါတယ်။

ဟေတီငလျင်ကြောင့် ဆူနာမီ အလားအလာ စောင့်ကြည့်


ကာရေဘီယံ ကျွန်းနိုင်ငံဖြစ်တဲ့ ဟေတီကို ၇ ရစ်ခ်ျတာစကေး ရှိတဲ့ မြေငလျင်တခု လှုပ်ခတ်သွားပါတယ်။

အင်္ဂါနေ့ နေ့လယ်ပိုင်းမှာ မြေငလျင် လှုပ်ခတ်သွားတာဖြစ်ပြီး နောက်ပိုင်းမှာလည်း ၅.၉ နဲ့ ၅.၅ ရစ်ခ်ျတာစကေး အသီးသီးရှိတဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ထပ်ပြီး လှုပ်ခတ်သွားခဲ့တယ်လို့ အမေရိကန် ဘူမိဗေဒ စူးစမ်းလေ့လာရေးဌာနက ပြောပါတယ်။

ပေါ့တ် အို ပရင့်စ် (Port-au-Prince) မြို့တော်နဲ့ ၁၀ မိုင်အကွာလောက်ကို ဗဟိုပြုပြီး လှုပ်ခတ်သွားတာလည်း ဖြစ်ပါတယ်။

အိမ်နီးချင်း ဒိုမီနီကန် ရီပတ်ဘလစ်၊ ကျူးဘားနဲ့ ဘဟားမား ကျွန်းနိုင်ငံတွေမှာလည်း ဆူနာမီ စောင့်ကြည့်ရေး သတိပေးမှုတွေကို ထုတ်ပြန်ထားပါတယ်။

ဒီမြေငလျင်ကြောင့် ဟေတီမှာ ဆေးရုံတခု အပါအ၀င် အဆောက်အဦးတွေ ပြိုကျသွားတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

Tuesday, January 12, 2010

၂၀၁၀ နှစ်သစ် မင်္ဂလာပါ...၁.၁.၂၀၁၀ နေ့ သစ်...


၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ည ကနေ ၂၀၁၀ ခုနှစ် ဇန်နဝါလ ၁ ရက်နေ့ 

၃ မျိုးသုံး ဖိုင်ဘာဆက်ကြောင်း ရန်ကုန်တွင် စတင်တော့မည်

မဇ္ဈိမ

ဖိုင်ဘာဆက်ကြောင်း တခုတည်းဖြင့် အင်တာနက်၊ ကေဘယ်တီဗီနှင့် တယ်လီဖုန်း ၃ မျိုးစလုံးအတွက် ရန်ကုန်တွင် မကြာခင် စတင် သုံးစွဲနိုင်တော့မည် ဖြစ်သည်။

ဝန်ဆောင်မှုကို ပုဂ္ဂလိက လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်ပြီး၊ ကနဦး တပ်ဆင်ကြေး မသိရသေးသော်လည်း လစဉ်ကြေးအဖြစ် FEC ၅၀ ခန့်ကို သုံးစွဲလိုသူများက ပေးဆောင်ရမည်ဟု သိရသည်။

ဖိုင်ဘာဆက်ကြောင်းများကို ရန်ကုန်မြို့လည်ရှိ ကျောက်တံတား၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ပန်းဘဲတန်းနှင့် လသာမြို့နယ်တို့တွင် အသုံးပြုနိုင်ရန် တပ်ဆင်ပြီး ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း သတင်းရပ်ကွက်များက ဆိုသည်။

ယခု ဆက်သွယ်ရေး စနစ်တွင် ဒေသတွင်း အသုံးပြုရန်အတွက် မြန်နှုန်းမြင့် ကွန်နက်ရှင်ကို တစက္ကန့်လျှင် ၂.၅ ဂီဂါဘိုက် (GBPS) အဖြစ် ထားရှိပြီး၊ ထိုအမြန်နှုန်းမှာ ရုပ်သံလိုင်းများကို ကောင်းမွန်စွာ ကြည့်ရှုနိုင်မည်။

ထို့ပြင် ထုတ်လွှင့်ပြီး ရုပ်သံများကို သိမ်းဆည်းထားနိုင်ပြီး ပြန်ကြည့်လိုပါက တောင်းခံမှုများ ပြုလုပ်နိုင်ကြောင်း အမည်မဖော်လိုသူ ဆက်သွယ်ရေး လုပ်ငန်း ဝန်ထမ်းတဦးက ပြောသည်။

တယ်လီဖုန်း အသုံးပြုခြင်းအတွက် မြို့တွင်း၌ အခမဲ့ ပြောဆိုခွင့်ရှိပြီး၊ အင်တာနက် အသုံးပြုခြင်းအတွက်မူ ၁၂၈ kbs (KBPS) နှုန်းဖြင့်သာ ရရှိမည်ဟု အဆိုပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

ဝန်ဆောင်မှုကို ဧပြီလမတိုင်ခင် စတင်ရောင်းချသွားဖွယ်ရှိပြီး ရန်ကုန်မြို့အနှံ့ သုံးစွဲနိုင်ရန် ဆောင်ရွက်သွားမည်ဟု သိရသည်။

အနှိပ်ခန်း ရန်ဖြစ်၊ တဦး ဆေးရုံတင်

မဇ္ဈိမ

ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ အနှိပ်ခန်းတခုတွင် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားရာ လူတဦး ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှု ခံနေရသည်။

ယခုလ ၁ဝ ရက်နေ့ ညပိုင်းက တာမွေမြို့နယ် ဦးချစ်မောင် အိမ်ယာ စီမံကိန်းရှိ TundraZone အမည်ရ အနှိပ်ခန်းတွင် ဆိုင်ဝန်ထမ်းများနှင့် လာရောက်အနှိပ်ခံသူ ၃ ဦး အချင်းဖြစ်ပွားရာ အသက် ၂၀ ကျော်အရွယ် ကိုဖြိုးမှာ အတွင်းလူနာအဖြစ် ကုသမှုခံရခြင်း ဖြစ်သည်။

အနိှပ်သမ ၃၀ ကျော်ရှိပြီး အမျိုးသား လုပ်သား ၂၀ ခန့်ရှိ အနှိပ်ခန်းကို အခင်းဖြစ်ပွားသည့် ညက ဒေသခံများက ခဲများဖြင့် ပစ်ပေါက်ကာ ဆိုင်မှန်ပြူတင်းကို ဖျက်ဆီးခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။ အနှိပ်ခန်းသို့ တာမွေ ရဲစခန်းက နောက်နေ့ နံနက်တွင် လာရောက်စစ်ဆေးခဲ့သည်။

အိမ်ယာစီမံကိန်းတွင် အနှိပ်ခန်း ၃ ခုရှိနေပြီး ရဲကို လိုင်းကြေးပေး လာဘ်ထိုး၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမည် မဖော်လိုသော ရဲအရာရှိဟောင်းတဦးက ပြောသည်။

Sunday, January 10, 2010

ရန်ကုန်မြို့ရှိ စည်းစိမ်သစ်ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီ မကူညီနိုင်သဖြင့် ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမများ စိုးရိမ်ဖွယ်ရာအခြေအနေနှင့်ကြုံနေရ

ဘစောတင်
ဂျော်ဒန် နိုင်ငံ မြို့တော် အမ္မန်မြို့အနီးရှိ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ၏ စတင်ရန်ရှာမှုနှင့်ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားရာမှ ဆန္ဒပြခဲ့သည့် မြန်မာ အလုပ်သမ ၆၀၀ ကျော်သည် ဖိအားပေးအကျပ်ကိုင်မှုများ၊ စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း သတင်း ရရှိသည်။

ထိုစက်ရုံမှ ဘင်္ဂလားဒေ့ရှ် အလုပ်သမားများသည် မြန်မာအလုပ်သမ များကို တွေ့သည့်နေရာ၌ ရန်မူနေ သဖြင့် အလွန်တရာ စိုးရိမ်နေရကြောင်း မြန်မာအလုပ်သမ တဦးဖြစ်သူ မအိအိခင်က ပြောသည်။

“အခု ကျမတို့ကို လူကြီးတွေက အလုပ်ဆင်းဖို့ ခေါ်ခိုင်းနေတယ်၊ အဓိကကျတဲ့ လူကြီး လေးယောက်ကို ပြော ခိုင်းထားတယ်၊ အခု သူတို့ လေးယောက်မရှိဘူး။ ရှောင်နေကြတယ်၊ လူကြီးတွေ ဘာပြောမလဲဆိုတာကို ကျမတို့စောင့်နေတယ်။ ကျမတို့ဘက်ကတော့ ပြောစရာဘာမှမရှိတော့ဘူး၊ ပြန်မယ်ဘဲပြောထားတယ်၊ အလုပ်ရှင်ကတော့ အတင်းစည်းရုံးနေတယ်။ ရန်ကုန်က အေးဂျင့် ကလည်း ဘာမှမဆက်သွယ်လာဘူး၊ ရန်ကုန်ကမိဘတွေ ဖုန်းဆက်လာတာကတော့ စည်းစိမ်သစ်က ဦးအေးမြင့် ဂျော်ဒန်ကိုလာနေတယ်လို့ ပြော တယ်၊ ခုအချိန်ထိတော့ ဘယ်သူမှ ရောက်မလာသေးဘူး၊ ဖြစ်နိုင်ရင် အမြန်ဆုံးလာပေးကြပါ၊ ဒီမှာ မိုးလင်း ရင် ရေမီးအကုန်ပိတ်ပစ်တယ်။ အ ပြင်လည်းမထွက်ရဲဘူး ရဲကလည်းကြောက်ရတယ်။ ဘင်္ဂလား တွေက လည်း ဗမာတွေကိုတွေ့ ရင် လုပ်မယ်ဆိုတာချည်းပဲ၊ ဂျော်ဒန်မှာ မြန်မာအလုပ်သမားရှိတဲ့ စက်ရုံနှစ်ရုံ ရှိတယ်၊ ကျမတို့ စက်ရုံက အာမခံပေးမယ့်လူမရှိဘူး” ဟု ၎င်းက ပြောပြသည်။

အဆိုပါစက်ရုံတွင် မြန်မာအလုပ်သမ ၆၀၀ ကျော်ထဲမှ အလုပ်သမားကြီးကြပ်ရေးမှူး (စူပါ) အဆင့်ရှိ သူ လေး ဦး ရှိကြောင်း၊ ယင်းစူပါလေးယောက်ကို အလုပ်သမားများအား အလုပ်ပြန်ဆင်းရန် အတင်းအဓမ္မ ဖိအားပေး စေခိုင်းနေသော်လည်း အလုပ်သမများက မဆင်းဟု တင်းခံနေသဖြင့် စူပါ လေးဦးမှာ ရှောင် တိမ်းနေသည် ဟုလည်း ဆိုသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလ ၅ ရက်နေ့က ဘင်္ဂလားဒေ့ရှ် အလုပ်သမားက မြန်မာအလုပ်သမ မအေးမြတ်စန္ဒာ ဆို သူကို ရန်ရှာ ရိုက်နှက်မှုနှင့် ပတ်သက်ပြီး ၆ ရက်နေ့တွင် ယင်း ဘင်္ဂလားဒေ့ရှ်အလုပ်သမားကို အရေးယူပေး ရန် မြန်မာ အလုပ်သမများက အလုပ်မဆင်းဘဲ ဆန္ဒပြတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း၊ သို့သော် အလုပ်ရှင် က မည်သို့မျှ အရေးမယူဘဲ မြန်မာအလုပ်သမများကိုသာ အလုပ်ဆင်းရန် ဖိအားပေးလျှက်ရှိကြောင်း သိရ သည်။

စက်ရုံအလုပ်သမ တဦးဖြစ်သူ မနှင်းနှင်းဝေက“အစက ကျမတို့ မြန်မာအလုပ်သမတွေဟာ ကိုယ်လူမျိုး အချင်းချင်း တလိုင်းတည်းလုပ်ကြတယ်။ ဟိုတလောက အလုပ်အရေးကြီး တယ်ဆိုပြီး လူတွေကို ရောပစ် တယ်၊ ကျမတို့က ဘင်္ဂလားဒေ့ရှ်၊ သီရိ လင်္ကာတွေနဲ့ အတူတူ ကျတယ်။ သူတို့ က ယောက်ျားလေးတွေ ဆိုတော့ ကျမတို့ က မလုပ်ချင်ဘူး၊ ပြီးရင် ကိုယ့်လူမျိုး အချင်းချင်း ပြန်လုပ်မယ်လို့ ပြောနေကြတာကို ဒီကုလားတွေက နားညီး တယ် ဘာညာနဲ့ပြောရာက စဖြစ် တာ၊ အေးမြတ်စန္ဒာ ကို ကုလားက ပါးသုံးချက် ဆင့်ရိုက်ပစ်တာ အခုထက်ထိ ပူထူပြီး ခံနေရတုန်းပဲ။ ဒါကြောင့် ကျမတို့ ဗမာတွေကို ဒီ ဘင်္ဂလားဒေ့ရှ်တွေ က မတရားချတယ်ဆိုပြီး မကျေနပ်လို့ စက်ရုံက လူကြီးတွေကို သွားပြောတယ်၊ အဲဒါကို ကုလား တွေက ခါးပတ်တွေနဲ့ရိုက်တယ်။ ကပ်ကြေးနဲ့ ပစ်တယ်။ ချည်လုံးတွေနဲ့ရော စုံနေတာပဲ၊ စန်းသီတာဆိုရင် ခါးပတ်နဲ့ အရိုက်ခံရလို့ ခေါင်းမှာ နှစ်ချက်ချုပ်လိုက်ရတယ်၊ အခြား လက်တွေ ခြေထောက်တွေ နာတဲ့လူတွေလည်း အများကြီးပဲ” ဟု ပြောပြသည်၊

မအေးမြတ်စန္ဒာနှင့် မစန်းသီတာတို့ ၂ ဦးလုံး မြန်မာနိုင်ငံ ရန်ကုန်မြို့မှ ဂျော်ဒန်နိုင်ငံတွင် လာရောက် အလုပ်လုပ် နေသူများ ဖြစ်သည်ဟုလည်း ဆိုသည်။

မနှင်းနှင်းဝေ၏ မိခင် ဒေါ်တင်တင်အုန်းကလည်း“ကျမအရမ်းကို စိုးရိမ်မိတယ်၊ ကျမသမီးလေးတို့ ဟာ အရမ်း ဒုက္ခရောက်နေတာကို ဖုန်းဆက်ပြောပြလို့ ကျမအိပ်လို့လည်းမရဘူး၊ အဲဒီမှာက မိန်းကလေးတွေချည်းပဲ ဆိုတော့ နိုင်စားတဲ့ လူတွေကလည်း အနိုင်ကျင့်ချင်ကြတာပေါ့လေ၊ မိန်းကလေးတယောက်ကို ယောက်ျား ကြီး တွေက ပါးရိုက်တာ။ အားကိုးရာမဲ့ ကလေးမတွေကို ဆက်လက်အနိုင်ကျင့်နေတာကတော့ တစက်မှ မတရားပါဘူး၊ ကျမတို့ သမီးလေးတွေကို ကယ်ကြပါလို့ပဲ ပြောပါရစေ”ဟု ပြောသည်။

ဒေါ်တင်တင်အုန်းသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ အထည်ချုပ်စက်ရုံ တရုံတွင် အလုပ်လုပ်ကိုင်နေသူဖြစ် သည်။

ဆန္ဒပြသည့်နေ့မှစ၍ ရေဖြတ်၊ မီးဖြတ်၊ ချက်ပြုတ် သုံးစွဲရန် ဂက်စ်ဖြတ်ခြင်းတို့ကို ခံထားရသဖြင့် မြန်မာ အလုပ် သမများသည် စားရေးသောက်ရေးအလွန်ခက်ခဲလျှက်ရှိသည့်အပြင် ဘင်္ဂလားဒေ့ရှ် အလုပ်သမား၏ အန္တရာယ်ကိုလည်း စိုးရိမ် နေရကြောင်း သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ မြန်မာအလုပ်သမများကို ဂျော်ဒန်နိုင်ငံသို့ ပို့ဆောင်ပေးခဲ့သော ရန်ကုန်မြို့ရှိ စည်းစိမ်သစ် ပြည်ပအလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီသို့ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူ တဦးက “ဂျော်ဒန်မှာရှိတဲ့ မြန်မာအလုပ်သမတွေကို အတင်းအဓမ္မ ပြန်ခိုင်းနေတာ မဟုတ်ပါဘူး ခင်ဗျား မဟုတ်ပါ ဘူး”ဟုသာ ပြန်လည် ဖြေကြားသည်။

အဆိုပါ Century Miracle Co.Ltd အထည်ချုပ်စက်ရုံတွင် မြန်မာ နိုင်ငံမှ လာရောက် အလုပ်လုပ်သော အမျိုးသားတဦးမျှမရှိဘဲ မြန်မာ အမျိုးသမီးများသာရှိကြောင်း သိရသည်။

စိုးမြတ်နန္ဒာ ကလေးအုပ်ထိန်းခွင့်ရရှိ


ဘာပဲဖြစ်ဖြစ် တရားဥပဒေက ဖြိုးကြီးက ဖခင်ရင်းဆိုတာပြင်မရသလို...တချိန်ချိန်တော့ မိသားစုပြန်အဆင်ပြေနိုင်ပါစေ...အခုချိန်ထိ သူတို့ ရဲ့  မင်္ဂလာဧည့်ခံပွဲ အခွေ သိမ်းထားလျှက် မပြေလည်ပြီးရင် ...တချိန်ချိန်တော့ ပြေလည်လာမှာပါ...

သင်္ဘောသား ပတ်စပို့ ထုတ်ပေးရန် နည်းဥပဒေမရှိ

စိုးမိုး

ပြည်ပသင်္ဘောသားအဖြစ် အလုပ်လုပ်ကိုင်ခွင့် လက်မှတ်များ (စီဒီစီ) ထုတ်ပေးရန် နည်းဥပဒေ မရှိတော့ခြင်းကြောင့် လက်ရှိ သင်္ဘောသားလက်မှတ် ထုတ်ပေးနိုင်ခြင်းမရှိဟု သိရသည်။

ယခင်က နိုင်ငံပိုင် သင်္ဘောလိုင်းများတွင် ကမ်းရိုးတန်း (၁) နှစ်၊ အစိုးရ အသိအမှတ်ပြု ဒေါက်ကျင်းတွင် (၃) နှစ် လုပ်ကိုင်ပြီးပါက စီဒီစီ ထုတ်ပေးနိုင်သော်လည်း ယင်းစနစ်ကို ၂၀၀၉ ခုနှစ်အတွင်း ပယ်ဖျက်ပြီးနောက်ပိုင်း စနစ်သစ် ထွက်ရှိမလာခြင်း ဖြစ်သည်။

“မနှစ်က သင်္ဘောလိုက်ခွင့် လျှောက်လွှာကို လက်မခံတော့ဘဲ ပိတ်လိုက်တယ်။ မပိတ်ခင် တင်ထားတဲ့ လျှောက်လွှာတွေလည်း ချမပေးသေးဘူး။ အဓိကကတော့ ကြယ်ငါးပွင့်က သင်္ဘောသားအားလုံး အလုပ်ထွက်ကြတဲ့ ပြသနာကြောင့် စနစ်ကို ပြင်လိုက်တယ်ပြောတယ်” ဟု မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်း ၀န်ထမ်းက ပြောသည်။

ပြည်ပသင်္ဘောဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်လိုသူများက မြန်မာ့ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းတွင် လုပ်ငန်းအတွေ့အကြုံရရေး ၀င်ရောက် အလုပ်လုပ်ပြီးနောက် သင်္ဘောသားလက်မှတ် လျှောက်ထားကာ ပြည်ပ ထွက်ခွာမှုများကြောင့် ယခုကဲ့သို့ လက်မှတ်ထုတ်ပေးခြင်းကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

ပြည်တွင်း စီးပွားရေး အခက်အခဲများကြောင့် မြန်မာနိုင်ငံသား အများအပြား ပြည်ပထွက် အလုပ်လုပ်ကိုင်နေကြရရာ သင်္ဘောသား အလုပ်အကိုင်မှာလည်း လူကြိုက်များနေခြင်းဖြစ်သည်။

တနှစ်လျှင် ပြည်ပသင်္ဘောလိုက်သူ အရေအတွက် (၁) သောင်းခွဲခန့်မှ (၂) သောင်းခန့်အထိ ရှိနေပြီး ယခုကဲ့သို့ ပြည်ပ သင်္ဘောသားအဖြစ် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ပိတ်ပင်လိုက်ခြင်းကြောင့် မြန်မာလူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ထိခိုက်နေကြသည်။

“တနှစ်ထက် တနှစ် သင်္ဘောလိုက်သူ များလာတယ်။ နောက်ဆုံး ထုတ်ပေးခဲ့တာက ၂၀၀၄ ကနေ ၂၀၀၉ ခုနှစ်အတွင်း (၅) နှစ်မှာ သင်္ဘောသားလက်မှတ် (၇) သောင်းကျော် ထုတ်ပေးခဲ့တယ်။ ကျနော်တို့က တင်တာ နောက်ကျတာမို့ မရလိုက်တာ” ဟု သင်္ဘောသားလက်မှတ် လျှောက်ထားသူ မြန်မာ့ကြယ်ငါးပွင့်သင်္ဘောဝန်ထမ်းက ပြောသည်။

စစ်အစိုးရက ၀င်ငွေကောင်းသည့် ပြည်ပသင်္ဘောသား အလုပ်လုပ်ခွင့်ကို ပိတ်ပင်ထားသော်လည်း မလေးရှားကဲ့သို့ အလုပ်ကြမ်း အလုပ်အကိုင်များကိုမူ လွတ်လပ်စွာ ဖွင့်ပေးထားပါကြောင်း ပြည်ပအလုပ် အကိုင်ရှာဖွေရေး အေဂျင်စီများက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်ပ သင်္ဘောသားအဖြစ် အလုပ်လုပ်ကိုင်သူ (၂) သိန်းခွဲခန့်ရှိနေပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း လက်မှတ် ထုတ်မပေးတော့ခြင်းကြောင့် သင်္ဘောသားအရေအတွက် ထပ်တိုးလာခြင်းမရှိကြောင်း သိရသည်။

Saturday, January 9, 2010

မြန်မာ့အလင်းသတင်းစာ အရောင်ဖြင့်ထုတ်တော့မည်

တက်လူ
မြန်မာ့အလင်းသတင်းစာကို လာမည့်ဖေဖော်ဝါရီလအတွင်း အရောင်ဖြင့်ထုတ်ဝေနိုင်ရန် စီစဉ်လျက်ရှိကြောင်း အဆိုပါ သတင်းစာတိုက်မှ အယ်ဒီတာတဦးက ပြောသည်။

၎င်းက “လူကြီးတွေက သတင်းစာ အရည်အသွေးမြှင့်ဖို့အတွက် လွန်ခဲ့တဲ့ ၂၀၀၉ ခုနှစ် နှစ်လယ်လောက်က အရောင်စုံ ထုတ်ဝေခွင့် ပြုထားပါတယ်။ ဒါကို မကြာခင် အကောင်အထည်ဖော်မှာဖြစ်တယ်” ဟု ပြောသည်။

မြန်မာ့အလင်းကို အရောင်စုံဖြင့် ထုတ်ဝေမည်ဆိုသော်လည်း ကြေးမုံသတင်းစာနှင့် The News Light of Myanmar ကိုမူ ထုတ်ဝေမည့် အစီအစဉ် ရှိမရှိ မသိရသေးကြောင်း ၎င်းက ပြောသည်။

မြန်မာတနိုင်ငံလုံးအတွက် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာနှင့် The News Light of Myanmar သတင်းစာ (၃) စောင်၏ စောင်ရေမှာ (၂) သိန်းကျော်ရှိကြောင်း သိရသည်။

သတင်းစာဆိုရင် နာရေးနဲ့ကြော်ငြာတချို့ကို ဦးစာပေးဖတ်ပါသည်။

စစ်အစိုးရ ရွေးကောက်ပွဲ အောက်တိုဘာလမှာ ကျင်းပမယ်ဟု ဂျပန်နိုင်ငံ ထုတ် အဆာဟိ ရှင်ဘွန်းရဲ့ အင်တာနက်သတင်းမှာ ဖော်ပြ

ကိုအောင်လွင်ဦး
မြန်မာစစ်အစိုးရက ဒီနှစ်မှာ ပြုလုပ်မယ်လို့ ဆိုထားတဲ့ ရွေးကောက်ပွဲတွေကို လာမယ့် အောက်တိုဘာလမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ဂျပန်နိုင်ငံက သတင်းစာကြီးတစောင်က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲ မတိုင်မီ စစ်အစိုးရ အကြီးတန်း အရာရှိတွေလည်း ရာထူးကထွက်ပြီး ပါဝင်နိုင်ဖို့ အခုလို နှစ်ကုန်ပိုင်းကို ရွေးချယ်ခဲ့တာ ဖြစ်တဲ့ အကြောင်းကိုလည်း ဂျပန်နိုင်ငံထုတ် အဆာဟိ ရှင်ဘွန်း သတင်းစာက စစ်အစိုးရနဲ့နီးစပ်သူ အသိုင်းအ၀န်းကို ကိုးကားပြီး မနေ့တုန်းကပဲ ဖော်ပြခဲ့တာပါ။

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေကို လာမယ့် ဧပြီလလောက်မှာ ထုတ်ပြန်ပြီး ရွေးကောက်ပွဲတွေကိုတော့ အောက်တိုဘာလ ၁၀ ရက်နေ့မှာ ကျင်းပပေးလိမ့်မယ်ဆိုပြီး အဆာဟိ ရှင်ဘွန်းရဲ့ အင်တာနက်သတင်းမှာ ဖော်ပြလိုက်တာပါ။ မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကတော့ ဒီလ ၄ ရက်နေ့မှာ ကျရောက်တဲ့ လွတ်လပ်ရေးနေ့ သ၀ဏ်လွှာမှာ ရွေးကောက်ပွဲတွေ ကျင်းပသွားမယ့်အကြောင်း ထည့်သွင်းပြောဆိုသွားပေမဲ့ အခုအချိန်အထိတော့ အစိုးရဘက်က နေ့ရက် အတိအကျကို တရားဝင် သတ်သတ်မှတ်မှတ် ထုတ်ပြန်တာမျိုး မရှိသေးပါ။