ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, January 26, 2010

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် တရားမ၀င် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေသဖြင့် သင်္ဘောများ ကုန်စည်မရှိ

ခိုင်လင်း
မကြာသေးမီက ဗန်းမော်-လွယ်ဂျယ်လမ်းပေါ်တွင် ဆန်များကို ဖမ်းဆီးပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး (နကသ) အမည်ဖြင့် မှောင်ခိုကုန်သွယ်မှုများ ရပ်နားထားရ၍ ဗန်းမော်-မန္တလေး ဧရာဝတီမြစ်ကြောင်း သင်္ဘောခရီးစဉ်တွင် ကုန်မပါသလောက် ဖြစ်နေသည်။

နကသ နာမည်ခံ၍ မြန်မာဘက်မှ ဆန်၊ ပြောင်း၊ နှမ်းအပါအဝင် မှောင်ခိုပစ္စည်းများ တရုတ်ပြည်ဘက်သို့ တင်ပို့ပြီး ဆိုင်ကယ်နှင့် ကားအပိုအပစ္စည်း၊ အထည်အလိပ်၊ ကြက်သွန်ဖြူ၊ ပန်းသီး စသည့် တရုတ်ပစ္စည်းများ တင်သွင်းနေခဲ့ရာ အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (စစစ) အဖွဲ့က ဝင်ရောက်ခဲ့ပြီးနောက်ပိုင်း ကုန်သွယ်မှု ရပ်နားထားခဲ့ရသည်ဟု ဗန်းမော်ကုန်သည်တဦးက ပြောသည်။

၎င်းက “နကသ ကနေ လုပ်နေပါတယ်ဆိုတဲ့သူတွေ ရပ်နားနေရတယ်။ လွယ်ဂျယ်ဘက်မှာလည်း ကားတွေ ဒီဘက် ပြန်မဆင်းနိုင်သေးဘူး။ ဒီဘက်ကလည်း မတက်နိုင်ကြသေးဘူး။ ဒီလမ်းက တကယ်က နကသလို့သာ အမည်ခံထားတာ၊ ဝန်ထမ်းတွေနဲ့ ညှိပြီး လုပ်နေကြတာ။ အခု စသုံးလုံး အဖွဲ့ဝင်လာတဲ့ခါကျတော့ အရင်ကကိစ္စတွေလည်း ပေါ်နိုင်တယ်လေ။ တကယ်လို့ ဂျူတီတွေဆောင်ပြီး လုပ်ပြန်ရင်လည်း ကုန်သည်က မကိုက်နိုင်ဘူး။ ဒါကြောင့် နားနေကြတာ” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက နေပြည်တော် စစ်ရုံးချုပ်မှ ပြောင်းရွှေ့လာသူ မိုးမိတ်စစ်ဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဝင်းမင်းထွန်း၏ အမိန့်ဖြင့် ဗန်းမော်-လွယ်ဂျယ်အကြား စိန်လုံကျေးရွာတွင် ဆန်များတင်ဆောင်ထားသည့် ကား (၃) စီးအား ယခုလလယ်ပိုင်းက ဖမ်းဆီးမိခဲ့ရာမှ တရုတ်ပြည်သို့ နကသမှတဆင့် ဆန်ခိုးထုတ်သည့်ကိစ္စ ပေါ်ပေါက်ခဲ့ပြီး မြစ်ကြီးနားမြို့မှ ပြည်နယ်အဆင့် စစစ အဖွဲ့ ရောက်ရှိလာကာ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

တရုတ်-မြန်မာနယ်စပ် နမ်းခမ်းမြို့အနီး မန်ဝိန်းမှလည်းကောင်း၊ လွယ်ဂျယ်မှလည်းကောင်း၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်ရာ လိုင်ဇာမှလည်းကောင်း တရားမဝင်နည်းလမ်းဖြင့် ဝင်ရောက်နေသည့် တရုတ်ကုန်ပစ္စည်းများအား ဗန်းမော်မြို့ မှတဆင့် သင်္ဘောဖြင့် မန္တလေးသို့ စုန်ဆင်းတင်ပို့နေကြသဖြင့် ယခင်က သင်္ဘောများတွင် ကုန်အပြည့်ပါရှိသော်လည်း ယခု ကုန်ပစ္စည်းနည်းပါးနေသည်ဟု အဆိုပါ ဗန်းမော်မြို့ခံကုန်သည်က ပြောသည်။

၎င်းက “အခု ဗန်းမော်ကို ကုန်မဝင်တော့လို့ သင်္ဘောတွေမှာ ကုန်မပါသလောက်ဖြစ်နေပြီ။ တခါတလေဆို ခါလီဖြစ်နေတယ်။ ဗန်းမော်အောက် သုံး-လေးဖာလုံလောက်မှာ သင်္ဘောဆိပ်ရှိလို့ ထော်လာဂျီတို့၊ ကားတို့နဲ ပို့ပေးရတာတွေလည်း ကုန်မရှိလို့ သူတို့တွေလည်း နေ့တွက်မကိုက်ဘဲဖြစ်နေတယ်။ ကုန်တင်ကုန်ချ အလုပ်သမား၊ အထမ်းသမားတွေလည်း ကုန်မရှိရင် အလုပ်မရဘူးပေါ့” ဟု ပြောသည်။

တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မူဆယ်-မန္တလေး လမ်းကြောင်းရှိ (၁ဝ၅) မိုင် နကသစခန်းကသာ တရားဝင် ကုန်သွယ်ရေးအနေဖြင့် အဓိကလုပ်နေကြပြီး လွယ်ဂျယ်၊ ချင်းရွှေဟော်၊ လိုင်ဇာနှင့် ကန်ပိုက်တီးဟူ၍ နကသစခန်းများ ဖွင့်ထားသော်လည်း တရားမဝင် ကုန်သွယ်ရေးကိုသာ အဓိကလုပ်ကိုင်နေကြသည်။

No comments:

Post a Comment