ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, January 29, 2010

နအဖ တပ်ရိက္ခာစပါးဝယ်ယူနိုင်ရန် ဆန်နယ်ကျော်တင်ပို့သည်ဟု အကြောင်းပြကာ ဆန်ဈေးကျရေး ကြိုးပမ်း

မျိုးဝင်းဇော်

ဆန်စပါးဈေး ကျဆင်းစေရန် ရည်ရွယ်ပြီး ဆန်နယ်ကျော်တင်ပို့သည်ဟု အကြောင်းပြကာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်-မော်လမြိုင်ကားလမ်း စစ်တောင်းတံတား စစ်ဆေးရေးဂိတ်တွင် ဆန်တင်ကား (၁ဝ) စီး ကျော်ကို ဖမ်းဆီးခဲ့ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှ ဆန်ကုန်သည်တဦးက ပြောသည်။

၎င်းက “တပ်ရိက္ခာ စပါးဝယ်ယူဖို့ ဆန်ကုန်သည်ကြီးများ အသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦး တာဝန်ယူထားတယ်။ အဲဒီ အချိန်ကစပြီး ဆန်ဈေး၊ စပါးဈေးကျဖို့ အမျိုးမျိုး အရေးယူမှုတွေ လုပ်နေတာ ခု ဆန်ကားတွေကို စစ်တောင်းမှာ ဖမ်းတဲ့ အဆင့်အထိ ဖြစ်လာတယ်။ သူတို့က ဒီဆန်တွေ ထိုင်းဘက်တင်ဖို့ ကြိုးစားလို့ ဖမ်းတာပါဆိုပြီး စွပ်စွဲတယ်။ စစ်တောင်းမြစ်ဆိုတာ ပဲခူးတိုင်း ထဲမှာပဲ ရှိသေးတာ။ ဆန် နယ်ကျော်သယ်တာကို တားမြစ်ထားတာ ဘာစည်းကမ်းချက်တခုမှ မရှိသေးဘဲနဲ့ ခုလို ဖမ်းတာ ဖြစ်တယ်” ဟု ပြောသည်။

တရားဝင် ဆန်တင်ပို့ခွင့်ပါမစ် ထုတ်မပေးကြောင်း ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း ဆန်ပြည်ပတင်ပို့နေသူများကို သီးသန့်ခေါ်ယူတွေ့ဆုံပြီး တပ်ရိက္ခာစပါး ဝယ်ယူပြီးစီးချိန်အထိ နိုင်ငံခြားတင်ပို့ခြင်း ရပ်ဆိုင်းထားရန် ဖိအားပေး ပြောဆိုခဲ့ကြောင်း အဆိုပါဆန်ကုန်သည်က ပြောသည်။

ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသ ဆန်ထွက်ရှိရာ နေရာများမှ ရန်ကုန်သို့ ဆန်တင်ပို့မှု လျော့နည်းသွားစေရန်အတွက် ဆန်တင်ပို့သူများသည် ဆန်ဝယ်ယူရာဒေသ အထောက်အထားပြသရန် စည်းကမ်းချက်အချို့ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါစည်းကမ်းချက်အရ ပြည်ပ ဆန်တင်ပို့လိုသူများသည် ဧရာဝတီတိုင်းသို့ ကိုယ်တိုင်ဆင်းပြီး ဆန်ဝယ်ယူရမည်ဖြစ်ပြီး မည်သူ့ထံက ဝယ်သည်၊ မည်သည့်စက်ဖြင့် ကြိတ်ခွဲသည်၊ မည်သည့် သင်္ဘော သို့မဟုတ် ကားနှင့် သယ်ဆောင်သည်၊ မည်သည့်ယာဉ်မောင်းက မောင်းနှင် သယ်ဆောင်သည်၊ မည်သည့်ဂိုဒေါင်တွင် သိုလှောင်သည် စသည့် အသေးစိတ် အချက်အလက်များကို ဆန်တင်ပို့မှု အစီရင်ခံစာတွင် တင်ပြရမည်ဖြစ်ပြီး သက်ဆိုင်ရာက အချိန်မရွေး ဝင်ရောက်စစ်ဆေးမည် ဖြစ်ကြောင်း ပါရှိသည်။

ပြည်ပ ဆန်တင်ပို့သူတဦးက “ကျနော်တို့ကို ဆန်မတင်ပို့ပါနဲ့ဦးဆိုပြီး မေတ္တာရပ်ခံသလိုလိုနဲ့ ဖိအားပေးထားတယ်။ နောက် ခုလို ဆန်သွားဝယ်ရင် အသေးစိတ်အချက်တွေ တင်ပြရမယ်ဆိုတော့ ဆန် ဆင်းမဝယ်အောင် တားမြစ်လိုက်တဲ့သဘော ဖြစ်သွားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း ဆန်တင်ပို့ခွင့် လိုင်စင် ရရှိထားသူများကို လိုင်စင်ရရှိပြီး သတ်မှတ်ကာလအတွင်း ဆန်မတင်ပို့နိုင်၍ဆိုကာ ကုမ္ပဏီအချို့ထံမှ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနက လိုင်စင်ပြန်ရုပ်သိမ်းမှုများ ပြုလုပ်ခဲ့သည်။

ယခုကဲ့သို့ တပ်ရိက္ခာစပါး ဝယ်ယူရန်အတွက် ဆန်ဈေး စပါးဈေး ကျအောင် အမျိုးမျိုးကြိုးစားနေသော်လည်း ဈေးနှုန်းကျဆင်းခြင်း မရှိသေးပေ။

ဧရာဝတီတိုင်း မြောင်းမြတွင် ဆန်ချောစပါး တင်း (၁ဝဝ) လျှင် ကျပ် (၅၃ဝ,ဝဝဝ)၊ ဆန်ကြမ်းစပါး တင်း (၁ဝဝ) ကျပ် (၄၂၅,ဝဝဝ) ဈေးနှုန်းပေါက်နေပြီး ရန်ကုန်ဘုရင့်နောင်ပွဲရုံ၌လည်း ဆန်ချောတတင်းခွဲ တအိတ် (၂၂,ဝဝဝ) ကျပ်၊ ဆန်ကြမ်း တအိတ် (၁၆,၂ဝဝ) ကျပ် ဈေးပေါက်နေသည်။

ဆန်ဈေး၊ စပါးဈေး ဆက်မကျပါက ယခင် ဆန်ဈေးအလွန်ကြီးမြင့်စဉ် နှစ်များက လုပ်သကဲ့သို့ ဆန်နယ်ကျော်တင်ပို့မှုများကို ကန့်သတ်သွားမည်ဖြစ်ပြီး ရန်ကုန်တိုင်းအထွက် အင်းတိုင် စစ်ဆေးရေးဂိတ်ကို ပြန်လည်ဖွင့်လှစ် စစ်ဆေးသွားမည်ဟု လက်ရှိ ဆန်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

No comments:

Post a Comment