ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, January 29, 2010

ကိုရီးယား သင်္ဘောမှောက် မြန်မာသင်္ဘောသား ၂ ဦး ပျောက်ဆုံး

ရန်ပိုင်
ယမန်နေ့ညက တောင်ကိုရီးယား နိုင်ငံ တောင်ပိုင်း ပင်လယ်ပြင်တွင် မုန်တိုင်းကြောင့် သင်္ဘော ၂ စီး နစ်မြုပ် ခဲ့ပြီးနောက် မြန်မာ သင်္ဘောသား ၂ ဦး ပျောက်ဆုံး နေကြောင်း သိရသည်။

မြန်မာ သင်္ဘောသား ၂ ဦးအပြင် ကိုရီးယား သင်္ဘောသား ၈ ဦးလည်း ပျောက်ဆုံးနေကြောင်း ဒေသခံ စာနယ်ဇင်းများကို ကိုးကားပြီး တောင်ကိုရီးယားရောက် မြန်မာပြည်သား တဦးက ပြောသည်။

“ရာသီဥတုက အရမ်း ဆိုးနေတယ်၊ အေးလည်း အရမ်းအေးတယ်၊ ကယ်ဆယ်ရေးတွေ လုပ်နေတာလည်း ပြန်မတွေ့သေးဘူး” ဟု ကိုဇော်မိုးအောင်က ပြောသည်။

ကိုရီးယားသင်္ဘောသားတို့၏ မိသားစုများက ကမ်းခြေစောင့် ရဲစခန်းတွင် တိုင်ကြားထားကြောင်း၊ မြန်မာ သင်္ဘောသား ၂ ဦးနှင့် ပတ်သက်၍ မည်သူက မည်သို့ လုပ်ဆောင်ထားသည်ကို မသိရှိရကြောင်း ကိုဇော်မိုးအောင်က ပြောသည်။

နစ်မြုပ်သွားသည့် သင်္ဘောများသည့် သဲတင်ဆောင်သည့် သင်္ဘောများ ဖြစ်ကြောင်း၊ ည ၈နာရီ ၂၀ ခန့်က ကမ်းခြေစောင့် ရဲစခန်းနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့သည့် နောက်ပိုင်း သင်္ဘော ၆ စီးဖြင့် ချက်ခြင်း ရှာဖွေခဲ့သော်လည်း ပျောက်ဆုံးနေသူများကို မတွေ့ရှိကြောင်း ၊ ရှာဖွေရေး လုပ်ငန်းများ ဆက်လက် ပြုလုပ်နေကြောင်း သတင်းများတွင် ဖော်ပြထားသည်။

တောင်ကိုရီးယားနိုင်ငံ၏ သင်္ဘောလုပ်ငန်းတွင် မြန်မာပြည်သား အများ အပြား ၀င်ရောက် လုပ်ကိုင်နေသည်။

No comments:

Post a Comment