ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, January 7, 2010

ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင် ပုဂံဒေသ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လေ့လာခွင့်မပြု

တက်လူ

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပုဂံဒေသရှိကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်လေ့လာခွင့်ကို စစ်အစိုးရက ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပိတ်လိုက်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူက ပြောသည်။

ယင်းသို့ပိတ်ထားသည်မှာ မှန်ကန်ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက အတည်ပြုပြောဆိုသော်လည်း မည်သည့်အတွက် ပိတ်သည်ကို ပြောဆိုခြင်းမရှိပေ။

ပုဂံဒေသ ကျေးရွာများသို့ ကမ္ဘာလှည့်ခရီးသွားများ သွားရောက်ခွင့် ပိတ်ပင်သည့်အတွက် ဧည့်လမ်းညွှန်များလည်း စိတ်မချမ်းမြေ့ ဖြစ်နေကြကြောင်း သိရသည်။

“ဧည့်သည်တွေက ပုဂံကိုသွားရင် ရွာရဲ့ဓလေ့တွေကို မှတ်တမ်းတင်လေ့ရှိတယ်။ ကလေးတွေပါတဲ့ မိသားစုတွေဆိုရင် သူတို့ရဲ့ ကလေးတွေကို ပုဂံက ရွာတွေမှာရှိတဲ့ ကျောင်းတွေ၊ ရွာဓလေ့တွေကို လိုက်ပြလေ့ရှိတယ်။ ဒီတခေါက် ပုဂံကိုသွားတာ ရွာထဲ မသွားရဘူးဆိုတာနဲ့ ဧည့်သည်တွေ မသွားခဲ့ရဘူး။ ဒီအတွက် ဧည့်သည်တွေကို မျက်နှာပူမိတယ်” ဟု ၀ါရင့်ဧည့်လမ်းညွှန်တဦးက ပြောသည်။

အစိုးရအနေဖြင့် ခရီးသွားများကို နေရာကန့်သတ် သွားရောက်လည်ပတ်ခွင့် ပြုလုပ်သည့်အတွက် မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းနှင့် ဆက်နွှယ်လုပ်ကိုင်နေသည့် ဟိုတယ်များ၊ ဧည့်လမ်းညွှန်များ၊ အမှတ်တရပစ္စည်း အရောင်းဆိုင်များနှင့် ဆက်စပ် လုပ်ငန်းအားလုံး ထိခိုက်နိုင်သည်ဟု ဟိုတယ်လုပ်ငန်းရှင်တဦးက ပြောသည်။

ပုဂံဒေသသည် ရှေးဟောင်းယဉ်ကျေးမှုအမွေ ထွန်းကားရာအရပ်ဖြစ်ပြီး အဆိုပါဒေသသို့ ကမ္ဘာလှည့်ခရီးသွား သွားရောက်မှု များပြားကာ ဖွားစောကျေးရွာ၊ မင်းနန်သူကျေးရွာ၊ ၀က်ကြီးအင်းကျေးရွာ၊ သီရိပစ္စယာကျေးရွာ၊ မြင်းကပါကျေးရွာ စသည့် ရွာများသို့ အများဆုံးသွားရောက်ကြကြောင်း သိရသည်။

No comments:

Post a Comment