ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, January 26, 2010

ဒေါ်အောင်ဆန်းစုကြည်အား နိုဝင်ဘာလတွင် လွှတ်ပေးမည်ဟုနအဖပြည်ထဲရေးဝန်ကြီး ပြောကြား


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လာမည့်နိုဝင်ဘာလကုန် နေအိမ်အကျယ်ချုပ်သက်တမ်းစေ့ပါက ပြန်လွှတ်ပေးမည်ဟု မြန်မာစစ်အစိုးရ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မောင်ဦးက ပြောကြားခဲ့ကြောင်း ယနေ့ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

ယခုလ (၂၁) ရက်တွင် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့၌ မြို့ခံအစိုးရ၀န်ထမ်းများနှင့် တွေ့ဆုံစကားပြောကြားရာတွင် ဗိုလ်ချုပ်မောင်ဦးက ယင်းသို့ပြောကြားခဲ့ကြောင်း မြို့ခံမျက်မြင်များကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားခြင်းဖြစ်သည်။

နေအိမ်တွင် ထိန်းသိမ်းခြင်းခံနေရသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦးအားလည်း လာမည့် ဖေဖော်ဝါရီ (၁၃) ရက်တွင် လွှတ်ပေးမည်ဟု ဗိုလ်ချုပ်မောင်ဦးက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

ယင်းသို့ နအဖစစ်အစိုးရ ပြည်ထဲရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦးအား ပြန်လွှတ်ပေးမည်ဟု ပြောဆိုနေသော် လည်း ယခုအချိန်အထိ ရွေးကောက်ပွဲကျင်းပမည့် ရက်အတိအကျကို အစိုးရအာဏာပိုင်များက ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။

ထို့အတွက် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမည်ဆိုသည့်အချိန်သည် လွတ်ရက်စေ့၍ လွှတ်သည့်သဘောမျိုးသာ ဖြစ်နေသည်ဟု အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သည့် ဦးခင်မောင်ဆွေက ပြောသည်။

၎င်းက “ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့အခါမှာ ရွေးကောက်ပွဲမတိုင်ခင်မှာ လွှတ်ပြီးတော့ အမျိုးသား ပြန်လည်သင့်မြတ် ရေး လုပ်ငန်းစဉ်တွေကို လုပ်ပြီးမှ ရွေးကောက်ပွဲကို သွားလို့ရှိရင်တော့ အင်မတန်သင့်တော်တဲ့ကိစ္စ ဖြစ်ပါတယ်။ မြန်မာပြည်သူ များနဲ့ မြန်မာနိုင်ငံအဖို့ အကျိုးစီးပွားသက်ရောက်မှာ ဖြစ်ပါတယ်။ အင်မတန်မှန်ကန်သင့်လျော်တဲ့ အတွက်ကြောင့် ကြိုဆိုရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်အား မလွှတ်ခင် ရွေးကောက်ပွဲကျင်းပသွားမည်ဆိုပါက နိုင်ငံတကာက တောင်းဆိုထားသည့် အချက်များကို နအဖအနေဖြင့် လျစ်လျူရှုသည့်အတွက် နိုင်ငံရေးပြဿနာများ ပြေလည်နိုင်မည်မဟုတ်ဟု ဦးခင်မောင်ဆွေက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမတိုင်ခင် လွှတ်ပေးရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး၊ အားလုံးပါဝင်သည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးနှင့် သန့်ရှင်းလွတ်လပ်သည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာက တောင်းဆိုလျက်ရှိသည်။

“အဲဒါတွေကို မျက်ကွယ်ပြု သတိမထားဘဲ ရွေးကောက်ပွဲ ဆက်လုပ်သွားမယ်ဆိုရင် နိုင်ငံရေးအားဖြင့် အပြောင်းအလဲ ကြီးကြီးမားမားတော့ ရှိမှာမဟုတ်ပါဘူး။ ရွေးကောက်ပွဲတခုကို ကျင်းပတယ်ဆိုတဲ့ သဘောလောက်ပဲ ဆောင်မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမတိုင်မီနဲ့ ရွေးကောက်ပွဲအပြီးမှာလည်း နိုင်ငံရေးအရ အနှစ်သာရရှိမယ့် အပြောင်းအလဲရှိမယ်လို့ အန်ကယ်တို့ မယူဆပါဘူး” ဟု ဦးခင်မောင်ဆွေက ဆက်လက်ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၉ ခု သြဂုတ်လတွင် ၎င်း၏ နေအိမ်ခြံဝန်းအတွင်း ၀င်ရောက်လာသည့် အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန်ဝီလီယံ ယက်ထောကို လက်ခံခဲ့သည့်အတွက် အမှုစွဲတင်ခံရပြီး နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ ချမှတ်ထားခံရသည်။ အဆိုပါ နေအိမ်အကျယ်ချုပ်သက်တမ်းကို ပြီးခဲ့သည့်မေလမှ စတင်သတ်မှတ်ရာ လာမည့်နိုဝင်ဘာလတွင် သက်တမ်းပြည့်မည် ဖြစ်သည်။

ဦးတင်ဦး လွှတ်ပေးမည်ဆိုခြင်းသည်လည်း လွတ်ရက်စေ့သည့်သဘောမျိုးပင်ဖြစ်သော်လည်း ကြိုဆိုကြောင်း၊ အဖွဲ့ချုပ်စည်းလုံး ညီညွတ်ရေးအတွက်၊ ရှေ့အနာဂတ် နိုင်ငံရေးလမ်းကြောင်းအတွက် အားရှိမည်ဖြစ်ကြောင်း ဦးခင်မောင်ဆွေက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က အဖွဲ့ချုပ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန်၊ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ဒီမိုကရေစီ စံနှုန်းများနှင့်မကိုက်ညီသည့် အချက်များကို ပြင်ဆင်ပေးရန်နှင့်
လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် နအဖစစ်အစိုးရထံ တောင်းဆိုထားပြီး ယင်းအချက်များနှင့် ပြည့်စုံပါက ရွေးကောက်ပွဲဝင်ရန် စဉ်းစားမည်ဟု ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ထားသည်။

No comments:

Post a Comment