ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, January 5, 2010

ဖုန်းခေါ်ခများ အတက်ကြမ်း


ဧရာဝတီ
နှစ်သစ်ကူးနေ့မှ စတင်ပြီး မိုဘိုင်းလ်ဖုန်း ခေါ်ခများ ၂ ဆ တက်သွား သောကြောင့် လုပ်ငန်းရှင်များနှင့် ရန်ကုန်မြို့ခံများ မကျေမနပ် ဖြစ်နေကြသည်။

ဖုန်းခေါ်ဆိုခများ မတန်တဆ တိုးမြှင့်ခြင်းသည် ဖုန်းအသုံးပြုသူများအတွက် ၀န်ထုပ်ဝန်ပိုး ဖြစ်စေသည်ဟု ရန်ကုန်မြို့ ဘုရင့်နောင်ပွဲရုံမှ လုပ်ငန်းရှင်တဦးက ပြောသည်။

လက်ကိုင်ဖုန်း အသုံးပြုနေသော မြန်မာပြည်သားတချို့။ အသံကြည်လင် ပြတ်သားမှု အားနည်းသည့် မြန်မာပြည် မိုဘိုင်းဖုန်းလ်များသည် ၂ဝ၁ဝ အဝင်မှ စတင်ပြီး ခေါ်ဆိုခများ အဆမတန် တက်သွားသည်။ (ဓာတ်ပုံ - clkr)
မိုဘိုင်းလ်ဖုန်းတလုံးအတွက် အစိုးရထံ ကျပ်ငွေ ၁၅ သိန်းခွဲ ပေးသွင်းထားရသဖြင့် အကုန်အကျ အလွန် များပြားပြီးဖြစ်သည်ဟု သူက ထောက်ပြသည်။

အများပြည်သူ၏ ၀င်ငွေ တိုးလာခြင်း မရှိသော်လည်း အာဏာပိုင်တို့ သတ်မှတ်သည့် အခွန်အခများသာ တိုးလျက်ရှိသည်ဟု ရန်ကုန်မြို့မှ ကျူရှင်ဆရာတဦးက ဆိုသည်။

“အစိုးရတရပ်အနေနဲ့ ပြည်သူကို လည်ပင်း ညှစ်သလိုဖြစ်နေပြီ” ဟု အဆိုပါ ကျူရှင်ဆရာက ပြောသည်။

GSM၊ WCDMA နှင့် ကမ်းရိုးတန်းဖုန်းများကဲ့သို့သော လူသုံးများသည့် မိုဘိုင်းလ်ဖုန်း အားလုံး၏ ခေါ်ဆိုခများမှာ ဇန်န၀ါရီလ ၁ ရက်နေ့မှ စတင်ပြီး တမိနစ် ၅၀ ကျပ် ဖြစ်သွားသည်။ ယခင်နှုန်းထားမှာ မြို့တွင်း တမိနစ် ၂၅ ကျပ်၊ နယ်ဝေးမြို့ပြင် တမိနစ် ၃၅ ကျပ်ဖြစ်သည်။

ခြင်းဖုန်းဟု လူသိများသည့် CDMA ဖုန်း၊ အိမ်နှင့် ရုံးများတွင် တပ်ဆင်ထားကြသည့် ကြိုးဖုန်း တို့၏ ခေါ်ဆိုခများ တိုးမြှင့်ခြင်း မရှိပေ။

“မိုဘိုင်းလ်ဖုန်းတွေ အကုန်လုံး အထွက်ခေါ်ခ တမိနစ် ၅၀ ဖြစ်သွားပြီ။ ၀န်ကြီးများ အစည်းအဝေးမှာ အတည်ပြုပြီး တိုးတာ” ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ၀န်ထမ်းတဦးက ပြောသည်။

ခေါ်ဆိုခ အပြောင်းအလဲနှင့် ပတ်သက်ပြီး အစိုးရ မီဒီယာများတွင် ကြေညာခြင်း မရှိသေးပေ။

ခေါ်ခ ဈေးတက်ပြီးနောက် မိုဘိုင်းလ်ဖုန်း ခေါ်ဆိုမှု နည်းပါးသွားပြီး မိုဘိုင်းလ်ဖုန်း ငှားရမ်း၊ ရောင်းဝယ်သည့် ဈေးကွက်လည်း ကမောက်ကမ ဖြစ်သွားသည်။

“ဖုန်းငှားဈေးတွေလည်း ကျဖို့ရှိတယ်။ အရောင်းဈေးကွက်ကတော့ ပျက်သွားပြီ” ဟု တယ်လီဖုန်း ပွဲစားတဦးက ပြောသည်။

မိုဘိုင်းလ်ဖုန်းတလုံးလျှင် ၂ သိန်းမှ ၅ သိန်းအထိ ဈေးနှုန်းများကျဆင်းသွားသော်လည်း အရောင်းအ၀ယ် မရှိသလောက်နီးပါး ဖြစ်နေသည်ဟု သတင်းရရှိသည်။

ဘတ်ဂျက် လိုငွေပြမှုကို အစိုးရက ဖြေရှင်းနေသည့် နည်းလမ်းများမှာ မှားယွင်းနေသည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစား ပါမောက္ခ တဦးက ပြောသည်။

“တိုင်းပြည်စီးပွားရေး မကောင်းတဲ့အချိန်မှာ အခွန်အခတွေ ထပ်တိုးပြီး ငွေစက္ကူသစ် ရိုက်ထုတ်ရင် ပြည်သူတွေ အထိနာမယ်။ ဈေးတွေကြီးမယ်။ ပိုပြီး စားဝတ်နေရေး ကျပ်တည်းမယ်” ဟု သူက သုံးသပ်ပြသည်။

နိုင်ငံရေးပြဿနာများကို ဖြေရှင်းပြီးမှသာ တိုင်းပြည်စီးပွားရေး ကောင်းမွန်စေရန် လုပ်ဆောင်နိုင်မည်ဟု သူက ဆိုသည်။

နိုင်ငံတကာတွင် မိုဘိုင်းလ်ဖုန်းများကို ဈေးသက်သာစွာဖြင့် လူအများ အသုံးပြုနေကြသော်လည်း မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်းသည် ငွေကြေး တတ်နိုင်သူတို့၏ ဇိမ်ခံပစ္စည်းကဲ့သို့ ဖြစ်နေခြင်းမှာ လက်ခံဖွယ်ရာမရှိဟု နိုင်ငံတကာ ဗဟုသုတ ရှိသူ အများစုက အမြင်တူစွာ ပြောနေကြသည်။

“မဖွံ့ဖြိုးသေးတဲ့ လာအိုနိုင်ငံမှာတောင် မိုဘိုင်းလ်ဖုန်းကတ်တွေ ဈေးပေါပေါနဲ့လူတိုင်းကိုင်တဲ့ အထိ ဖြစ်လာပြီ။ မြန်မာနိုင်ငံမှာလည်း ဒီလို ဖြစ်သင့်နေပါပြီ” ဟု လာအိုနိုင်ငံသို့ ယခင်လက သွားရောက် သတင်းယူခဲ့သည့် ရန်ကုန်မှ သတင်းထောက်တဦးက ဆိုသည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ငါးသိန်းတန် စီဒီအမ်အေဖုန်း အရေအတွက် တသိန်းခွဲ၊ ဂျီအက်စ်အမ်ဖုန်း အရေအတွက် ရှစ်သောင်း စုစုပေါင်း မိုဘိုင်းလ်ဖုန်း နှစ်သိန်းကျော် အသုံးပြုခွင့် ထပ်မံ ချထားပေးရန် စီစဉ်လျက်ရှိကြောင်း ၂၀၀၉ ခုနှစ်၊ ဒီဇင်ဘာလတွင် သတင်းထုတ်ပြန်ထားသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကြိုးဖုန်း အရေအတွက် ကိုးသိန်းကျော်၊ မိုဘိုင်းလ်ဖုန်းအရေအတွက် တသန်း ကျော်ရှိသည်ဟု ဆိုသည်။

၂ဝဝ၆ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံတွင် လူဦးရေ ၅၅ သန်းကျော် ရှိသည်။

No comments:

Post a Comment