ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, February 10, 2010

ရုပ်ရှင်ရုံတွေလည်း ပုဂ္ဂလိကထံ ရောင်းချ


ဟိန်းဇော်
စစ်အစိုးရ၏ နိုင်ငံပိုင် လုပ်ငန်းများ ပုဂ္ဂလိကပိုင် လွှဲပြောင်းရေး အစီအစဉ်တွင် ပြန်ကြားရေး ၀န်ကြီးဌာန လက်အောက်ရှိ ရုပ်ရှင်ရုံ လုပ်ငန်းများလည်း ပါဝင်လာကြောင်း သိရသည်။

လေလံတင်သော ရုပ်ရှင်ရုံများတွင် ရန်ကုန်မြို့မှရုပ်ရှင်ရုံ ငါးရုံနှင့် နယ်မြို့များမှ ရုပ်ရှင်ရုံများ အပါအ၀င်စုစုပေါင်း ၁၁ရုံဖြစ်သည်ဟု နေပြည်တော် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံးက ပြောဆိုသည်။

ရန်ကုန်မြို့ရှိလေလံတင်မည့် ရုပ်ရှင်ရုံငါးရုံမှာ ရွှေဂုန်၊ မြို့မ၊ စံပြ၊ ရွှေမန်း၊ ဘုရင့်နောင်ရုံများဖြစ်ပြီး ယင်းရုံများမှာ အစိုးရထံမှ ၂၀၀၀ ခုနှစ် မှစ၍ ၁၅ နှစ် သက်တမ်းဖြင့် နှစ်ရှည် ငှားရမ်းလုပ်ကိုင်နေခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့ရှိ ဇေယျာသီရိ၊ ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ မြို့မ၊ ရန်ကုန်တိုင်း သန်လျင်မြို့ရှိ မြဟံသာ၊ ရှမ်းပြည်နယ် တောင်ကြီးမြို့မှ မြသုခ၊ အောင်ပန်းမြို့ရှိ ငွေဗိမ္မာန်၊ ပဲခူးတိုင်း ပဲခူးမြို့မှ ရဲတံခွန် ရုပ်ရှင်ရုံတို့ ပါဝင်သည်။

“သူတို့က ၁၅ နှစ်ငှားရမ်းထားတယ်၊ ဒါပေမယ့် စာချုပ်အရဆို လေလံတင်ရောင်းချလိုက်ရင် အဲဒီစာချုပ်က သူ့အလိုလိုပျက်ပြယ် သွားပါတယ်၊ အခုလုပ်နေတဲ့ သူတွေလည်း ၀င်ပြီးလေလံဆွဲနိုင်သလို တခြားစီးပွားရေး လုပ်ငန်းရှင်တွေလည်း ၀င်ရောက်နိုင်တယ်” ဟု နေပြည်တော် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူတဦးက ဆိုသည်။

ယခုလေလံများတွင် မင်္ဂလာကုမ္ပဏီမှ လုပ်ကိုင်နေသော ရန်ကုန်မြို့၏ နာမည်ကျော်ရုပ်ရှင်ရုံများဖြစ်သည့် သမ္မတ၊ သွင်၊ နေပြည်တော်၊ မင်္ဂလာ အဆင်မြင့်ရုပ်ရှင်ရုံများ ပါဝင်ခြင်းမရှိပေ။

ထိုကဲ့သို့ ပြုလုပ်လိုက်ခြင်းကြောင့် လက်ရှိလုပ်ကိုင်နေသူများအနေဖြင့် အခက်အခဲများစွာဖြစ်ခဲ့ရကြောင်းနှင့် လေလံဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့ ရွှေမန်းရုပ်ရှင်ရုံမှ တာဝန် ရှိသူတဦးကပြောသည်။

နိုင်ငံပိုင်ရုပ်ရှင်ရုံများကို အစိုးရထံမှ ၂၀၀၀ ခုနှစ်က နှစ်ရှည်ငှားရမ်းစဉ်ကလည်း ရုပ်ရှင်ရုံများကိုပြင်ဆင်စရိတ်မှာ ကျပ်သိန်းပေါင်း လေးထောင်ကျော် ကုန်ကျထားကြောင်းလည်း ရွှေမန်းနှင့် မြို့မရုပ်ရှင်ရုံ များကိုငှားရမ်း လုပ်ကိုင်နေသည့် ဦးသက်လွင်က ပြောကြားသည်ဟု ရန်ကုန်အခြေစိုက် မြန်မာတိုင်းမ် ဂျာနယ်တွင်ဖော်ပြထားသည်။

လက်ရှိလုပ်ကိုင်နေသော ရွှေမန်းနှင့် မြို့မရုံများကို လေလံဝင်ရောက်မည်ဖြစ်သော်လည်း လေလံအောင်သည် ဖြစ်စေ မအောင် သည်ဖြစ်စေ လုပ်ကိုင်ရန်ကျန်ရှိနေသေးသော သက်တမ်းငါးနှစ်ကို ဆက်လက်လုပ်ကိုင်နေမည် ဖြစ်ကြောင်း ရုပ်ရှင်ရုံတာဝန်ခံ တဦးက ပြောသည်။

လက်ရှိရန်ကုန်မြို့တွင် လူသုံးရာဆန့် သရီးဒီ ရုပ်ရှင်ရုံ ငါးရုံတည်ဆောက်နေပြီး ကမာရွတ်မြို့နယ် ဟံသာဝတီအနီးတွင် သုံးရုံ၊ လမ်းမတော်မြို့နယ် ၀ါတန်းလမ်းအနီးတွင် နှစ်ရုံတည်ဆောက်နေကြောင်းလည်း မြန်မာ့ရုပ်ရှင်လုပ်ငန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်မြို့တွင် ပထမဆုံးဖြစ်လာမည့် သရီးဒီရုပ်ရှင်ရုံများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို တရားဝင်ဖြေကြား ခြင်းမရှိပေ။

“သရီးဒီရုပ်ရှင်ရုံတွေလုပ်နေတာတော့ ကောင်းတယ်၊ လောလောဆယ် နေပြည်တော်မှာ ရှိတာလေ၊ ရန်ကုန်မှာမရှိသေးဘူး၊ နောက် အခုလေလံပါတဲ့ရုံပိုင်ရှင်တွေ သူတို့ စလုပ်ကတည်းက ပြင်ဆင်စရိတ်တွေရှိသေးတယ်၊ အဲဒါလေးတော့ အစိုးရ အနေနဲ့ကြည့်ပေးသင့်တယ်၊ စာချုပ်မပြည့်သေးဘူးလေ”ဟု ရန်ကုန်အခြေစိုက် စီးပွားရေးလုပ်ငန်းရှင် တဦးက ဆိုသည်။

ရုပ်ရှင်ရုံများအနေဖြင့် အစိုးရထံသို့ လက်ရှိတွင် တလလျှင် အခွန်ငွေ ကျပ်ဆယ်သိန်းစီပေးဆောင် ရကြောင်းလည်း သိရသည်။

စစ်အစိုးရအနေဖြင့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပြွဲပုလုပ်ပေးမည်ဟု ကတိပေးပြီးနောက်ပိုင်း နိုင်ငံပိုင်လုပ်ငန်းအများစုကို ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့်များချပေးသည်ဟု အမည်တပ်ကာ လေလံတင်ရောင်းချမှုများမှာ ယခုနှစ်နှစ်ဆန်းပိုင်းတွင် ဆက်တိုက် ဆိုသလိုပြုလုပ်လျက်ရှိနေသည်။

ရန်ကုန်မြို့ဟံသာဝတီကားပွဲစားတန်းမှ ပွဲစားတဦးကမူ“အစိုးရအနေနဲ့တော့ ရွေးကောက်ပွဲမလုပ်မခြင်း ရှိတာတွေထုတ်ရောင်း နေမှာပဲ၊ ပထမ ကားတွေလေလံတင်တယ်၊ နောက်ပိုင်း အစိုးရအဆောက်အအုံတွေ၊ စက်သုံးဆီဆိုင်တွေ တော်တော်များများ လေလံတင်နေတာ၊ အခုကားဈေးကွက် ပျက်သလိုဖြစ်နေပြီ” ဟု ပြောသည်။

စစ်အစိုးရက၂၀၁၀ ခုနှစ် ဇန်န၀ါရီလ ၂၂ရက်နေ့က ၀န်ကြီးဌာန ၁၁ ခုမှ လုပ်ငန်း ၁၁၀ ကို နိုင်ငံပိုင်သတင်းစာများမှ လေလံခေါ်ယူထားသည်။

No comments:

Post a Comment