ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, February 5, 2010

ဆေး မတိုးသည့် ငှက်ဖျား မြန်မာပြည်တွင် ရှိနေ

ဝါးရှီးဖော
ငှက်ဖျားရောဂါ အတွက် အထိရောက်ဆုံးဟု ထင်ရှားသည့် အာတီမီဆီနင် (Artemisinin) ဆေးကို ခံနိုင်ရည်ရှိသော ရောဂါပိုးသည် မြန်မာနိုင်ငံတွင် ပေါ်ပေါက်နေပြီဟု ကုလသမဂ္ဂ၏ IRIN သတင်း ဌာနက ကြာသပတေးနေ့တွင် ရေးသားလိုက်သည်။

ယင်း ရောဂါပိုးသည် ဒေသတွင်း နိုင်ငံများ၏ ငှက်ဖျားရောဂါ တိုက်ဖျက်ရေး အစီအစဉ်များကို ခြိမ်းခြောက်နိုင်ဖွယ် ရှိကြောင်း၊ တနေရာမှ တနေရာသို့ လူများ ပြောင်းရွှေ့သွားလာမှု များပြားသည့် ယနေ့ခေတ်တွင် ငှက်ဖျားဆေးကို ခံနိုင်ရည်ရှိသည့် ရောဂါပိုးသည် ကမ္ဘာအနှံ့သို့ အလွယ်တကူ ပျံ့နှံ့နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ မြန်မာနိုင်ငံ ဆိုင်ရာ ဌာနေ ကိုယ်စားလှယ် Leonard Ortega က IRIN သတင်းဌာနကို ပြောသည်။

“ရောဂါတိုက်ဖျက်ရေး ဆေးတွေက မထိရောက်တော့ဘူး ဆိုရင်တော့ ငှက်ဖျားကြောင့် အသေပျောက် ပိုများတော့မှာပဲ” ဟု Leonard Ortega က ဆိုသည်။

အာတီမီဆီနင်ကို ခံနိုင်ရည်ရှိသော ရောဂါပိုး တွေ့ရသည့် ဒေသများမှာ ကော့သောင်းမြို့နှင့် မွန်ပြည်နယ် တောင်ပိုင်းဒေသတို့ ဖြစ်သည်ဟု Leonard Ortegaက ဆိုသည်။

မြန်မာနိုင်ငံတွင် တီဘီ ၊ HIV/AIDS စသည့် ရောဂါများ ကဲ့သို့ပင် ငှက်ဖျားသည်လည်း သေဆုံးမှုနှုန်း အများဆုံး ရောဂါတခု ဖြစ်သည်ဟု WHOက ဆိုသည်။

မြန်မာနိုင်ငံ အပါဝင် အာရှနိုင်ငံ တချို့နှင့် အာဖရိကနိုင်ငံများတွင် ငှက်ဖျားရောဂါ အဆိုးရွားဆုံး ခံစားနေကြရသည်။
အရှေ့တောင် အာရှတွင် ငှက်ဖျားကြောင့် သေဆုံးသူ ဦးရေ၏ ထက်ဝက်သည် မြန်မာနိုင်ငံမှ ဖြစ်သည်ဟု ကုလသမဂ္ဂ ကျန်းမာရေး အေဂျင်စီများက ဆိုသည်။

ငှက်ဖျားရောဂါ ကင်းစင်သော ဒေသမှ ငှက်ဖျားရောဂါအဖြစ်များသော ဒေသများသို့ သွားရောက်နေထိုင်သူများသည် ရောဂါ ပိုမို ဖြစ်ပွားနိုင်ကြောင်း၊ ဖြစ်ပွားပါကလည်း ရောဂါ ပြင်းထန်လေ့ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ငှက်ဖျားဆေးမတိုးမှု ဖြစ်ပေါ်နေဟု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ခေတ်ပြိုင်
မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါကုသရာတွင် အာနိသင်အထက်ဆုံးဖြစ်သည့် အာတီမစ်စင်နင် ငှက်ဖျားကာကွယ်ဆေး မတိုးတော့သည့် အခြေအနေဖြစ်ပေါ်နေပြီး ဒေသတွင်း၌ ငှက်ဖျားရောဂါထိန်းချုပ်ရန် အဓိက စိမ်ခေါ်မှုတရပ်အဖြစ် ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယမန်နေ့က ထုတ်ဖော်ပြောဆိုလိုက်သည်။

ဆေးမတိုးတော့သည့် ငှက်ဖျားပိုးတမျိုး ကူးစက်ပျံ့နှံ့နေသည်ကို ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက်တွင် တွေ့ရှိရသဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထိန်းချုပ်နိုင်ရန် ကြိုးစားလျက်ရှိသည်။

အဆိုပါ ဆေးမတိုးသည့် ငှက်ဖျားပိုးကြောင့် ရောဂါဖြစ်သူသည် အသက်သေဆုံးနိုင်သည့် အခြေအနေအထိ ရှိသည်ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လေ့လာတင်ပြထားသည်။

၂၀၀၈ -၂၀၀၉ ကနဦးစမ်းသပ်စစ်ဆေးမှုများအရ မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့တွင် အာတီမစ်စင်နင်ဆေး မတိုးတော့သည့် ငှက်ဖျားပိုးတွေ့ရှိမှု ပိုမိုများပြားလာနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုသည်။

၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ တင်ပြခဲ့သည့် လေ့လာတွေ့ရှိချက်များအရ အဆိုပါ ဆေးယဉ်နေသည့် ငှက်ဖျားပိုးကူးစက်မှုသည် ယခုအခါ မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-တရုတ်နယ်စပ်နှင့် ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်တို့တွင် ပျံ့နှံ့နေသည်ဟု သိရသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Leonard Ortega က ကမ္ဘာ့စီးပွားရေး ကျယ်ပြန့်လာသည့် အခြေအနေတွင် တနေရာမှ တနေရာသို့ ကူးပြောင်းသွားလာနေသည့် လူများနှင့်အတူ ဆေးယဉ်နေသည့်ငှက်ဖျားပိုးမှာလည်း နေရာအနှံ့ အလွယ်တကူ ကူးစက်နိုင်သည်ဟု ဆိုသည်။

“အာတီမစ်စင်နင်ဆေး မတိုးတော့ဘူးဆိုရင် ငှက်ဖျားရောဂါကြောင့် သေဆုံးသူတွေ ပိုများလာနိုင်တယ်” ဟု Leonard Ortega က ပြောသည်။

ငှက်ဖျားကာကွယ်ဆေး မတိုးသည့်အခြေအနေများကို မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ထိုင်းနိုင်ငံနယ်စပ် အနီးရှိ ကော့သောင်းမြို့နှင့် မွန်ပြည်နယ် တောင်ပိုင်းဒေသတို့တွင် တွေ့ရှိရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ်က ပြောကြားသည်။

No comments:

Post a Comment