ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Monday, February 22, 2010

ရွှေတြိဂံ ဒေသတွင် ပစ်ခတ်မှုဖြစ်ပွား ရဲ ၁၅ ဦးသေဆုံး

သန်းထိုက်ဦး
ရွှေတြိဂံဒေသ မဲခေါင်မြစ် အတွင်း မူးယစ်ရာဇာ နော်ခမ်းအဖွဲ့နှင့် မြန်မာ ရဲတပ်ဖွဲ့ဝင်များ စနေနေ့က အပြန်အလှန် ပစ်ခတ်မှုကြောင့် ရဲစခန်းမှူး ဦးခင်မောင်ရင် အပါအ၀င် တပ်သား ၁၅ ဦး သေဆုံး သွားကြောင်း တာချီလိတ် မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူ တဦးက ပြောသည်။

“မဲခေါင်မြစ် လှည့်ကင်းမှာ လှေသုံးစီးနဲ့ သွားကြတာ၊ အပြန်မှာ သူတို့ စောင့်ပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်တယ်၊ စက်သေနတ်နဲ့ ပစ်တယ်၊ ရေထဲ ပြုတ်ကျ ကုန်တယ်”ဟု ၎င်းက ပြောသည်။

တာချီလိတ်မြို့ မြောက်ဘက်၌ အခင်းဖြစ်ပွားစဉ် စခန်းမှူး ဦးခင်မောင်ရင် ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် အင်အား ၁၇ ဦးခန့်ရှိပြီး သေနတ် ဒဏ်ရာများဖြင့် ရေထဲ ကျသွားသော ရဲတပ်ဖွဲ့ဝင် အလောင်းတချို့ကို ဆယ်ယူနိုင်ခဲ့ သော်လည်း နှစ်ဦး ပျောက်ဆုံး နေသေးကြောင်း၊ သေဆုံးသူများ၏ အလောင်းများကို ယနေ့ မီးသင်္ဂြိုဟ်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာ အာဏာပိုင်များက မူးယစ်ရာဇာ နော်ခမ်းကို ဖမ်းဆီးမိန့် ထုတ်ပြန်ထားသည်။ နော်ခမ်းသည် ရွှေတြိဂံ ဒေသတွင် မူးယစ် ဆေးဝါး မှောင်ခို ကုန်ကူးနေသူ ဖြစ်ပြီး ၎င်းမှာ တရုတ်၊ ထိုင်းနှင့် လာအို နိုင်ငံများကလည်း အလိုရှိနေသူ ဖြစ်ကြောင်း သိရသည်။

မူးယစ် ဆေးဝါးများကို ရှမ်းပြည်နယ် အတွင်းရှိ တချို့သော တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေး အဖွဲ့များက ထုတ်လုပ်နေကြပြီး တာချီလိတ် မြို့ဘက်မှ ထိုင်းနိုင်ငံ အတွင်းသို့ သယ်ဆောင် ရောင်းချမှု များလည်း ရှိကြောင်း သတင်း ဖော်ပြချက်များအရ သိရှိရသည်။

No comments:

Post a Comment