ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, February 11, 2010

ချင်းတွင်းမြစ်အတွင်း ပြဒါးဓာတ်ကြွင်း စစ်ဆေး

စိုးမိုး

ချင်းတွင်းမြစ်ဖျားပိုင်းတွင် ရွှေလုပ်ကွက် (၃၀) ကျော်က ပြဒါး အသုံးပြု ရွှေရှာနေခြင်းကြောင့် ယင်းပြဒါးများ မြစ်ရေအတွင်း မည်မျှ ပျံ့နှံ့နေသည်ကို စစ်ဆေးနေကြောင်း ငါးလုပ်ငန်းဦးစီးဌာန အကြီးတန်း အရာရှိတဦးက ပြောကြားသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်ဖျားပိုင်းတို့တွင် ပြဒါး အသုံးပြု ရွှေထုတ်လုပ်မှုများ နှစ်ပေါင်းများစွာ လုပ်ဆောင်နေခြင်းကြောင့် မြစ်အတွင်း ငါးများ ပြဒါး အဆိပ်သင့်မှု သံသယဖြစ်ဖွယ် တွေ့ရှိချက်ကြောင့် ပြဒါးဓာတ်ကြွင်း ပါဝင်နေမှု ဓာတ်ခွဲ စစ်ဆေးနေခြင်းဖြစ်သည်။

“ငါးလုပ်ငန်း ဓာတ်ခွဲခန်းဌာနကနေ မြစ်ရေကိုရော၊ မြစ်ငါးတွေကိုရော စစ်ဆေးနေတယ်။ ဒေသဆိုင်ရာ ငါးလုပ်ငန်း ဌာနတွေကနေလည်း လုပ်နေပါတယ်။ ငါးတွေမှာ ပြဒါးအဆိပ်က အနည်းနဲ့ အများတော့ ပါနေပါတယ်” ဟု ငါးလုပ်ငန်း အကြီးတန်း အရာရှိက ပြောသည်။

ပြည်တွင်း အသားငါး ထုတ်လုပ်မှု စနစ်မကျခြင်း၊ ဓာတ်ခွဲစစ်ဆေးနိုင်ရန် လူအင်အားနှင့်စက်အင်အား မလုံလောက်ခြင်း တို့ကြောင့် တနိုင်ငံလုံး လွှမ်းခြုံ မစစ်ဆေးနိုင်ကြောင်းလည်း ၎င်းက ပြောသည်။

ပြဒါးဓာတ်ကြွင်းပါသည့် ငါးကို စားသုံးမိပါက ဦးနှောက်အာရုံကြော၊ အဆုတ်နှင့် ကျောက်ကပ် ပျက်စီးမှု ဖြစ်ပေါ်စေနိုင်ပြီး ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များကို ကျန်းမာရေး ဆိုးကျိုးများ သက်ရောက်နိုင်ကြောင်း မုံရွာမြို့မှ မြို့ခံဆရာဝန်တဦးက ပြောသည်။

ပြည်တွင်း မြစ်ချောင်းများတွင် ပြဒါးအသုံးပြု ရွှေကျင်ခြင်း၊ စက်ရုံအလုပ်ရုံများမှ ဓာတု ဓာတ်ကြွင်း စွန့်ပစ်ခြင်းတို့ကြောင့် မြစ်ရေ ညစ်ညမ်းမှုဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ အတွင်းကလည်း လှိုင်မြစ်အတွင်း ရေထုညစ်ညမ်းမှု ဖြစ်ပေါ်နေကြောင်း ရေအရင်းအမြစ် ဦးစီးဌာနက စစ်ဆေးတွေ့ရှိခဲ့သည်။

No comments:

Post a Comment