ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, February 13, 2010

သင်္ဃန်းကျွန်းဈေးကြီး မီးလောင်

ကျော်ခ၊ ငြိမ်းချမ်း
ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ဃန်းကျွန်းဈေးကြီးဖေဖော်ဝါရီလ ၁၂ ၇က်နေ့ ညပိုင်းတွင် မီးလောင်သွားကြောင်း ရန်ကုန် ဗဟို မီးသတ်ဌာနနှင့် ဒေသခံများ အဆိုအရ သိရသည်။

ည ၇ နာရီခွဲခန့်မှ ၁၀ နာရီကျော်ကြာအထိ မီးလောင်ကျွမ်းမှုတွင် ဈေးတခုလုံး ပြာကျသွားခြင်း ဖြစ်သည်။

“ကျနော်တို့ သင်္ဃန်းကျွန်းဈေးမှာပါဆရာ။ ပြီးသွားပါပြီ။ ကျနော်တို့ ဗဟိုက ၄ စီး သွားပါတယ်။ ကျန်တဲ့မြို့နယ် မီးသတ်တွေကပါဆိုရင် အစီး ၅၀ အထက်မှာ ရှိပါတယ်ဆရာ။ ဈေးတခုလုံး ပါသွားတာပါ။ ဈေးတခုထဲပါ၊ ကျန်တာ ဘာမှမပါပါဘူး” ဟု ရန်ကုန်တိုင်း ဗဟို မီးသတ်ဝန်ထမ်းက ပြောသည်။

ဈေးအနီးရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးမှ တာဝန်ရှိသူ တဦးက “ဘေးနားမှာ ကပ်နေတဲ့ အိမ်တွေတော့ ပါသွားတယ်။ အထဲမှာက ရွှေဆိုင်တွေချည်းပဲ ၅ ဆိုင်လောက် ရှိတယ်။ အထည်အလိပ်ဆိုင်တွေ၊ အဝတ်အစားဆိုင်တွေ အများကြီးပဲ။ ကုန်ကျငွေတော့ နည်းမှာ မဟုတ်ဘူး။ ဈေးကြီးကိုးဗျ” ဟု ပြောသည်။

ဒေသခံတဦးကလည်း ''အခု ရပ်ကွက်တခုလုံး မှောင်မဲနေတာပဲ၊ မီးပျက်လို့” ဟု ပြောသည်။

မည်သည့်နေရာမှ မီးလောင်မှု စတင်ကြောင်း မသိရသေးဘဲ၊ ယနေ့သည် ၆၃ နှစ်မြောက် ပြည်ထောင်စုနေ့ ဖြစ်သဖြင့် ဈေးပိတ်ရက်ဖြစ်ကြောင်း သိရသည်။

သင်္ဃန်းကျွန်းဈေး မီးလောင်ရာသို့ သွားရောက်ကြည့်ရှုသည့် ကားများ၊ လူများကြောင့် ဈေးအနီး ပတ်ဝန်းကျင်တခုလုံး လမ်းပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့ကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သည့် သံဃာတပါးက မိန့်ဆိုသည်။

သင်္ဃန်းကျွန်းဈေးတွင် ရွှေဆိုင်၊ အထည်ဆိုင်၊ အပ်ချုပ်ဆိုင်၊ ဂက်စ်အိုး အသေးစား ရောင်းချသည့် ဆိုင်များ၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးဆိုင်များ ဖွင့်လှစ်ရောင်းချနေကြောင်း သိရသည်။

No comments:

Post a Comment