ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, February 9, 2010

သြစတြေးလျနှင့် မြန်မာ ပူးတွဲ စစ်ရေးလေ့ကျင့်


ကိုထွေး
အိန္ဒိယ သမုဒ္ဒရာ အတွင်းရှိ ကပ္ပလီကျွန်းစု ပို့ဘလဲယား ကမ်းရိုးတန်းတွင် မြန်မာ ရေတပ်က တော်ဝင် သြစတြေးလျ ရေတပ်နှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ စတီဖင် စမစ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
ဖေဖော်ဝါရီလ ၄ ရက်နေ့မှ ၈ ရက်နေ့ အထိ အိန္ဒိယ နိုင်ငံက ဦးဆောင် ပြုလုပ်သည့် စစ်ရေး လေ့ကျင့်မှုကို Exercise Milan ဟု အမည် ပေးထားပြီး မြန်မာနိုင်ငံမှ စစ်သင်္ဘော တစင်း စေလွှတ် ခဲ့ကြောင်း သြစတြေးလျ နိုင်ငံ ABC သတင်းဌာနက ဆိုသည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး၊ ပင်လယ် ဓားပြတိုက်ဖျက်ရေး၊ အာရှ ပစိဖိတ်ဒေသမှ ရေတပ်များ အချင်းချင်း ယုံကြည်မှု ပိုမို ရရှိရေး အတွက် ယင်းစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၁ နိုင်ငံမှ စစ်သင်္ဘော ၁၃ စင်း ပါဝင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ယင်းစစ်ရေးလေ့ကျင့်မှုကို ၂၀၀၃ ခုနှစ်ကတည်းက ပါဝင်ခဲ့ပြီး စင်္ကာပူ၊ သိရီလင်္ကာ၊ ထိုင်း၊ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှား၊ မလေးရှား စသည့် နိုင်ငံများ အပါအ၀င် ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ နယူးဇီလန်နိုင်ငံ များမှ ရေတပ် အရာရှိများလည်း ပါဝင်ကြောင်းသိရသည်။

ယခု စစ်ရေးလေ့ကျင့်မှုသည် ၇ ကြိမ်မြောက်ဖြစ်ပြီး ၁၉၉၅၊ ၁၉၉၇၊ ၁၉၉၉၊ ၂၀၀၃၊ ၂၀၀၆နှင့် ၂၀၀၈ ခုနှစ် တို့တွင်လည်း ပြုလုပ်ခဲ့ ကြောင်းသိရသည်။

ထို့အပြင် မြန်မာနိုင်ငံကို လာမည့် ၃ နှစ်အတွင်း အကူအညီ ၄၀ ရာခိုင်နှုန်း ထပ်တိုးပေးမည်ဖြစ်ကြောင်း သြစတြေးလျ နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ စတီဖင် စမစ်က တနလာင်္နေ့တွင် ပြောကြားလိုက်သည်။

မစ္စတာ စတီဖင် စမစ်က“မြန်မာ စစ်အစိုးရအတွက် ဆုလဒ်တခု မဟုတ်ပါဘူး၊ လက်ရှိနဲ့ နောင်အနာဂတ် မြန်မာ မျိုးဆက်သစ်တွေ ရင်ဆိုင်ရမယ့် ကြီးမားတဲ့ တာဝန်တွေကို အသိအမှတ်ပြုတာပါ”ဟု ဆိုသည်။

ယင်းအတွက် မြန်မာနိုင်ငံ အနေဖြင့် လက်ရှိ သြစတြေးလျ အစိုးရထံမှ ရရှိနေသည့် အကူအညီ အမေရိကန် ဒေါ်လာ ၂၆ သန်းမှ ၄၃ သန်း အထိ ရရှိမည်ဖြစ်သည်။

ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး ကဏ္ဍများ အတွက် လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ခြင်း ဖြစ်သော်လည်း အရေးယူ ပိတ်ဆို့မှုများကို ရုပ်သိမ်းမည် မဟုတ်ဟုလည်း သိရသည်။

နိုင်ငံတကာက မြန်မာနိုင်ငံအပေါ် ပေးအပ်နေသည့် အကူအညီများသည် ကမ္ဘောဒီယား၏ ၁၀ ပုံ တပုံ၊ လာအို ၏ ၁၆ ပုံ တပုံ အောက် လျော့နည်းကြောင်း၊ အရပ်သား အစိုးရ ပေါ်ထွန်းလာစေရန် မြန်မာနိုင်ငံကို အကူအညီများပေးအပ်ခြင်းသည် အရေး ပါကြောင်း မစ္စတာ စတီဖင် စမစ်က ဆိုသည်။

သြစတြေးလျက မြန်မာနိုင်ငံကို နာဂစ် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရစဉ်က အမေရိကန် ဒေါ်လာ ၁၅ သန်း ထောက်ပံ့ပေးခဲ့သည်။

ထို့အပြင် သြစတြေးလျ အစိုးရသည် ၁၉၈၈ ခုနှစ်မှ စတင်၍ စစ်အစိုးရ ခေါင်းဆောင်ပိုင်း အပါအ၀င် စစ်အစိုးရနှင့် နီးစပ်သူများကို ပြည်ဝင်ခွင့် ဗီဇာများ ပိတ်ပင်ခဲ့သည်။ ၁၉၉၁ တွင် စစ်လက်နက် ပစ္စည်းများရောင်းချခြင်းကို ပိတ်ပင်ခဲ့သည်။

စစ်အစိုးရနှင့် ပတ်သက်သည့် လုပ်ငန်းရှင်များ၏ ပြည်ပရှိ ငွေကြေးများကို ထိန်းချုပ်နိုင်မည့် ဥပဒေတရပ်ကို ၂၀၀၇ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။

သို့သော်လည်း သြစတြေးလျ ကုမ္ပဏီကြီးများဖြစ်သည့် Andaman Teak Supplies Pty Ltd, Gecko's Adventure, Sri Asia Tourism, Jetstar Asia, Twinza Oil တို့သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည်။

No comments:

Post a Comment