ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, February 11, 2010

ရသေ့တောင်ရွာ မီး၊ လူ ၁၅၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

ကျော်ခ

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ရသေ့တောင် ကျေးရွာတွင် ယခုလ ၉ ရက်နေ့က ရွာထက်ဝက်ကျော် မီးလောင်ခဲ့သဖြင့် လူ ၁၅ဝ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြောင်း ဒေသခံများက ပြောသည်။

ရသေ့တောင်ရွာသည် ကျောက်ပန်းတောင်းနှင့် မိထ္တီလာမြို့အကြား တည်ရှိပြီး ကျောက်ပန်းတောင်းနှင့် ၂၁ မိုင် ကွာဝေးကာ၊ စုစုပေါင်း အိမ်ခြေ ၄ဝ ကျော် ရှိသည့်အနက် ၂၆ အိမ် မီးထဲပါသွားသည်။

“မိဘတွေ မရှိတုန်း ကျန်ခဲ့တဲ့ ကလေးတွေက ထမင်းချက်စားတာကနေ စလောင်တာ။ လေကလည်း တိုက်၊ ပဲစင်းငုံ ပေါ်ပြီးကာစ အချိန်ဆိုတော့ အိမ်တိုင်းလိုလိုက ပဲစင်းငုံရိုးအခြောက်တွေက ရှိနေတော့ မီးအားက ပိုပြင်းသွားတယ်” ဟု ရသေ့တောင် ရွာခံတဦးက ပြောသည်။

ဒေသခံများသည် မြေပဲ၊ နှမ်း၊ ပဲနောက်၊ ပဲစင်းငုံတို့ကို အဓိက စိုက်ပျိုးကြသူများဖြစ်ပြီး တောင်ယာသုံး ထယ်၊ ထွန်၊ ပေါက်ပြား၊ နွားလှည်း စသည်တို့လည်း မီးထဲပါသွားခဲ့ရကြောင်း သူက ဆက်ပြောသည်။ အိမ်များမှာမူ သက်ကယ်မိုး၊ ဝါးထရံကာ အများစု ဖြစ်သည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဌာနသို့ ဆက်သွယ်မေးမြန်းရာ မီးလောင်ခဲ့သည်ကို အတည်ပြုပြောခဲ့သည်။

မီးစလောင်ပြီး ၄၅ မိနစ်ကျော်အကြာမှ ကျောက်ပန်းတောင်မြို့နယ် မီးသတ်ဌာနမှ မီးသတ်ကားသေး ၁ စီးနှင့် ၁၀ ဘီးကား အကြီးတစီး ရောက်လာသော်လည်း လမ်းကြမ်းသဖြင့် ရွာအတွင်းသို့ ဝင်မရဘဲ ကားသေးဖြင့်သာ ငြှိမ်းသတ်ခဲ့ရသောကြောင့် မီးလောင်အိမ်ခြေ များသွားရကြောင်း ရွာသားတဦးက ပြောသည်။

အိုးမဲ့အိမ်မဲ့ဖြစ်နေသည့် မီးဘေး ဒုက္ခသည်များကို ကျေးရွာ မူလတန်းကျောင်းနှင့် ရွာဦးဘုန်းကြီးကျောင်းတွင် ခေတ္တ နေရာချထားသော်လည်း စောင်၊ ခြင်ထောင်၊ အဝတ်အထည်နှင့် အစားအသောက်များ လိုအပ်နေကြောင်း အကူအညီ ပေးနေသူများထံမှ သိရသည်။

ကျောက်ပန်းတောင်း မယက မြို့နယ်ကောင်စီ ဥက္ကဋ္ဌ၊ ရသေ့တောင် ကျေးရွာကောင်စီ ဥက္ကဋ္ဌ ဦးဌေးဝင်းတို့က ဦးစီးကာ အနီးဝန်းကျင်ရှိ ကျေးရွာများတွင် အလှူငွေများ ကောက်ခံနေပြီ ဖြစ်ကြောင်း ရသေ့တောင်နှင့် ၅ မိုင်ခန့်ဝေးသော လက်ပံဖျားရွာခံ တဦးကု ပြောသည်။

ကျောက်ပန်းတောင်းမြို့မှ ရပ်ကွက်အချို့တွင်လည်း အာဏာပိုင်များက မီးဘေး ဒုက္ခသည်များအတွက် အလှူငွေ ကောက်ခံနေကြောင်း မြို့ခံတဦးထံမှ သိရသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

No comments:

Post a Comment